ပီအက်စ်ဂျီအသင်းက မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကိုခေါ်ယူရန် ပြင်ဆင်နေ
ပီအက်စ်ဂျီအသင်းက အသင်းကွင်းလယ်ပိုင်းအတွက် ဘင်ဖီကာအသင်းမှ ဂျာအိုနာဗက်ကို ခေါ်ယူရန် ကြန့်ကြာနေသည့် အတွက် မန်ယူအသင်း ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကိုခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည် အသင်းကွင်းလယ်ပိုင်း အတွက် ဘင်ဖီကာအသင်းမှ ဂျာအိုနာဗက်ကို ခေါ်ယူရန် အစောပိုင်းကတည်းက ကမ်းလှမ်းမှုများပြုလုပ် ထားကာ ကစားသမားဖြစ်သူနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားပြီး ဖြစ်သော်လည်း နှစ်သင်း ကြား ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေဖြစ်နေ ပြီး ဘင်ဖီကာအသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နှင့်အထက် အလိုရှိနေသည့်အတွက် ကြန့်ကြာနေ ခြင်းဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် ဖာနန်ဒက်စ်သည် ၂၀၂၀ ပြည့်နှစ်က စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်း သို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ဘောလုံး ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း အကောင်းဆုံးကွင်း လယ်ကစားသမားများမှ တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသူဖြစ်သည်။
သို့သော် မန်ယူအသင်းပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်က လက်ရှိ နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကစားသမားစာရင်းကို အပြောင်း အလဲကြီးကြီးမားမား လုပ်ဆောင်နေပြီး ဖာနန်ဒက်စ်ကို သင့်တင့်သည့်ပြောင်းရွှေ့ကြေး ရရှိပါက ရောင်းချဖွယ် ရှိနေသည်။
မန်ယူအသင်းနှင့် ဖာနန်ဒက်စ်တို့စာချုပ်သက်တမ်း မှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး လက်ရှိအချိန်ထိ သက်တမ်းတိုး စာချုပ်အတွက် ဆွေးနွေးမှုမရှိသေးသောကြောင့် ပီအက်စ်ဂျီအသင်းက လက်ရှိအပြောင်း အရွှေ့ကာလတွင် ဂျာအိုနာဗက်ကို မခေါ်ယူနိုင်ပါက ဖာနန်ဒက်စ်ကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။