ချယ်လ်ဆီးအသင်း ခံစစ်ကစားသမား ချာလိုဘတ် ဒဏ်ရာကြောင့် အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်တွင် ချန်လှပ်ခံရ
ချယ်လ်ဆီးအသင်းက ခံစစ်ကစားသမား ချာလိုဘတ်ကို ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ရာသီကြိုခြေစမ်း ပွဲခရီးစဉ်တွင် ချန်လှပ်ခဲ့ကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ် ချာလိုဘတ်သည် နောက်ပိုင်း ဘောလုံးရာသီများတွင် ဒဏ်ရာပြဿနာများနှင့် သာရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်ဘောလုံးရာသီကလည်း ဒဏ်ရာပြဿနာများကြောင့် ကာလရှည် အနားယူခဲ့ရကာ ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ရပြီး ပြိုင်ပွဲစုံ ၁၇ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သည်။
ချယ်လ်ဆီးအသင်းက လက်ရှိနွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ချာလိုဘတ်ကို ရောင်းချမည့် ကစားသမားစာရင်း၌ ထည့်ထားသကဲ့သို့ အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ရာသီကြိုခြေစမ်း ပွဲခရီးစဉ်ကိုလည်း ဒဏ်ရာအကြောင်းပြချက်ဖြင့် အသင်းကစားသမား စာရင်းမှချန်လှပ်ခဲ့ပြီး ဆေးဝါး ကုသမှုများ ခံယူစေခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ချယ်လ်ဆီးအသင်းက ချာလိုဘတ်ကို ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်တွင် ထားရစ်ခဲ့ပြီး ၎င်းအတွက် အငှားစာချုပ် သို့မဟုတ် အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူမည့် ကမ်းလှမ်းမှုများကို လက်ခံဆွေးနွေး မည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းက ရာသီကြိုခြေစမ်းပွဲခရီးစဉ်တွင် ချာလိုဘတ်ကို ချန်လှပ်ခဲ့သော်လည်း ဝက်စလေ ဖိုဖာနာ၊ အဲလက်ဒီဆာဆီ၊ တိုဆင်တို့ကို ခေါ်ယူခဲ့ ကြောင်း သိရသည်။