မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ စတင်ကျင်းပ ၊ ချင်းလန်းအက်ဖ်စီအသင်းနိုင်ပွဲရရှိခဲ့ပြီး ကချင်ယူနိုက်တက်နှင့် ရာမညယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ်

 

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ စတင်ကျင်းပ ၊ ချင်းလန်းအက်ဖ်စီအသင်းနိုင်ပွဲရရှိခဲ့ပြီး ကချင်ယူနိုက်တက်နှင့် ရာမညယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ်

 

ရန်ကုန်  ဇူလိုင်  ၂၃

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲကို ယနေ့မှစတင်ပြီး ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ရာ ချင်းလန်းအက်ဖ်စီအသင်း နိုင်ပွဲရရှိခဲ့ပြီး ကချင်ယူနိုက်တက် အသင်းနှင့် ရာမညယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်-၂     ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ရှစ်သင်းဖြင့်  နှစ်ကျော့ ကစားသည့်စနစ်ဖြင့်   ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် ယနေ့ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ကချင်ယူနိုက်တက် အသင်းနှင့် ရာမညယူနိုက်တက် အသင်းတို့ကစားခဲ့ရာ ပွဲချိန် ၃၂ မိနစ်တွင် ဆန်းမြင့်နိုင်က ရာမညယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၉၁ မိနစ်တွင် ဂျာနော်က ကချင်ယူနိုက်တက်အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည်။

အလားတူ ညနေ ၃နာရီခွဲတွင် တက္ကသိုလ် အားကစားကွင်း၌    ချင်းလန်းအက်ဖ်စီအသင်းနှင့် ဧရာဝတီရိန်းဂျား အသင်းတို့ ကစားခဲ့ရာ ချင်းလန်းအက်ဖ်စီ အသင်းက ခြေစွမ်းပိုင်း အသာစီးဖြင့်  ဖိအားပေးကစားနိုင်ခဲ့ကာ ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး  ချင်းလန်းအက်ဖ်စီ အသင်းအတွက်  သွင်းဂိုးများကို ပွဲချိန် ၁၂ မိနစ်နှင့် ၄၈ မိနစ်တွင် ဟိန်းသက်ဖြိုး၊ ပွဲချိန် ၇၂ မိနစ်တွင် လှဖုန်းဦးတို့က သွင်းယူပေးခဲ့ပြီး ဧရာဝတီရိန်းဂျား အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၆၂ မိနစ်တွင် ထိုက်သူဟန်က သွင်းယူပေးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ်  ဇူလိုင်လ ၂၄ ရက်(ယနေ့) ညနေ ၃နာရီခွဲတွင် တက္ကသိုလ်အားကစားကွင်း၌ University  အသင်းနှင့် ဆေးဗားလ်စတား အသင်း၊ ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌  Glory Goal  အသင်းနှင့် ရွှေပြည်သာယူနိုက်တက် အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။   

Dates: 
Wednesday, July 24, 2024 - 14:46