အနာဂတ်ကိုထုဆစ်ဖို့ စက်မှုပညာသင်ကြစို့
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုလုပ်ငန်းများ ဘက်ညီမျှတစွာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် စက်မှုကဏ္ဍ၏ပါဝင်မှုအချိုးအစားကို ပိုမိုတိုးတက်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော National Comprehensive Development Plan (NCDP) အရ ၂၀၃၀ ပြည့်နှစ်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးမှုအား တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား တိုးတက်လာစေရန်ရည်မှန်း၍ နိုင်ငံတော်မှချမှတ်ဆောင်ရွက်လျက်ရှိနေသည်။ စက်မှုကဏ္ဍ တိုးတက်မှုတွင် လုပ်သားအခြေပြု အဝတ်အထည် ထုတ်လုပ်သည့်လုပ်ငန်းများကို ပြန်လည်ထူထောင်ခြင်းဖြင့် စက်မှုလုပ်ငန်းများတွင် အလားအလာကောင်းသည့် စီးပွားရေးလုပ်ငန်းများ နာလန်ထူလာနိုင်ပြီး အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များနှင့် နယ်စပ်ဖြတ်ကျော်၍ ထုတ်လုပ်မှုလုပ်ငန်းများ ဝင်ရောက်လာပြီး စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထို့အတွက် ထုတ်လုပ်မှုစွမ်းရည်၊ လုပ်သားဈေးကွက်စွမ်းရည်နှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန်အတွက် ကာလရှည်နည်း ဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်။
နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်မှုသင်တန်းများ (Technical, Vocational and Education Training -TVET)
လက်ရှိမြန်မာနိုင်ငံ၏ စက်မှုကဏ္ဍလုပ်ငန်းများတွင် တရားဝင်မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်းကြီး၊ လတ်၊ ငယ်ပေါင်းငါးသောင်းကျော်နှင့် အိမ်တွင်းစက်မှုလုပ်ငန်း နှစ်သောင်းကျော်ခန့်ရှိရာ အဆိုပါ စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း တစ်နည်းအားဖြင့် လိုအပ်လျက်ရှိသောစက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ပေးနိုင်စေမည် ဖြစ်သည်။ ထိုကဲ့သို့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေချိန်တွင် ကျွမ်းကျင်လုပ်သား လုံလောက်စွာ မရှိခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုနည်းပါးခြင်းတို့မှာ အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ချက် အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများတွင် ပေါ်ပေါက်လာမည့် အလုပ်အကိုင် အများအပြားမှာ Technical,Vocational and Education Training (TVET) ဟုခေါ်သည့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာကျွမ်းကျင်မှုများ တတ်ကျွမ်းရန် လိုအပ်မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝန်းနည်းပညာနှင့် အသက်မွေးပညာသင်တန်းကို တက်ရောက်ပြီးစီးသူ အရေအတွက်မှာ ခြောက်သောင်းကျော်သာ ရှိသည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုည ဒသမ ၁၃ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရှိရသည်။
နိုင်ငံတော်၏ လက်ရှိစီးပွားရေး၊ လူမှုရေးရာနှင့် အလုပ်သမားဈေးကွက်တို့တွင် နည်းပညာကျွမ်းကျင် လုပ်သားများမှာ အခြေခံ လိုအပ်ချက်ဖြစ်ပြီး ၎င်းတို့ကို ကြီးကြပ်ကွပ်ကဲမည့် အဆင့်မြင့်လုပ်သား၊ အင်ဂျင်နီယာများဖြင့် အဆင့်ဆင့်အခြေခံကို ခိုင်မာအောင်ပြုလုပ်ထားသည့် ပညာရေးကို ဖော်ဆောင် သွားရမည်ဖြစ်ရာ အရပ်ဘက်နှင့်အစိုးရ လက်တွဲညီညီဖြင့် ပြိုင်တူဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမည့် ပညာရေးသည် TVET ပညာရေးသာဖြစ်သည်။ TVET ပညာရေး၏သဘာဝမှာ လူငယ်လူရွယ်များ မိမိဝါသနာပါရာ စက်မှုလက်မှုနည်းပညာ၊ အတတ်ပညာများကို စူးနစ်စွာ လေ့လာလိုက်စားခြင်းဖြင့် ကျွမ်းကျင် လိမ္မာစေပြီး နိုင်ငံနှင့်နိုင်ငံ့စီးပွားရေးအတွက် လုပ်သားကောင်းများ မွေးပေးနိုင်ခြင်းပင်ဖြစ်သည်။ Skill, Knowledge, Attitude ဆိုသည့် လုပ်ငန်းကျွမ်းကျင်မှု၊ ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ကျွမ်းကျင်လုပ်သားများသည် နိုင်ငံ၏ အဖိုးမဖြတ်နိုင်သည့် တန်ဖိုးရှိသော လူသားအရင်းအမြစ် ကောင်းများဖြစ်ပြီး ၎င်းတို့ကို မွေးထုတ်ပေးနေသည်မှာ TVET ကျောင်းများပင်ဖြစ်သည်။
နည်းပညာနှင့် အသက်မွေးပညာလေ့ကျင့်ရေးစနစ်ကို ကောင်းစွာအသုံးချနိုင်ပါက နိုင်ငံတွင်းရှိ အလုပ်လက်မဲ့ဦးရေကို လျှော့ချနိုင်ကာ တစ်ဦးချင်းဝင်ငွေတိုးတက်စေပြီး မိသားစုများ၏လူနေမှုနှင့် စီးပွားရေး အဆင့်အတန်းကို မြှင့်တင်နိုင်မည်ဖြစ်ပေသည်။ လုပ်ငန်းခွင်အသုံးချခွင့် နည်းပါးနေမှုများ ကနဦးပပျောက်ရန် လိုပြီး နိုင်ငံတကာ၏ နည်းပညာအကူအညီနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ စိတ်ဝင်တစား ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်နေသည်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း အသီးသီးမှလည်း ဟန်ချက်ညီညီဖြင့် အသက်မွေးပညာရပ်များ ထွန်းကားကျယ်ပြန့်လာစေရန် ကြိုးစားလုပ်ဆောင်ရမည်။
မြန်မာနိုင်ငံတွင် နည်းပညာ၊ အသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ အကောင်အထည်ဖော်မှုအနေဖြင့် ပညာရေးဝန်ကြီးဌာန အပါအဝင် ဆက်စပ်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုတို့က နည်းပညာနှင့် အသက်မွေးမှုဆိုင်ရာ ကျောင်းပေါင်း ၂၄၇ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ယင်းတို့အနက် စက်မှုဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ကနဦးစက်မှုသင်တန်းကျောင်းခြောက်ကျောင်းလည်း ပါဝင်နေသည်။ နိုင်ငံတော်၏စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်လျက်ရှိသော အခြေခံကျသည့် စက်မှုကျွမ်းကျင် လုပ်သားများအား လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာရေးအတွက် ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ စက်မှုသင်တန်းကျောင်းခြောက်ကျောင်းအား စက်မှုဖွံ့ဖြိုးပြီး မိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ နည်းပညာအထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ထားရှိပြီး ဘာသာရပ် ၁၆ မျိုးဖြင့် နှစ်စဉ်သင်တန်းသား ၁၀၀၀ ကျော်ကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည်။ လက်ရှိအချိန်အထိ သင်တန်းကျောင်းခြောက်ကျောင်းမှ သင်တန်းသား စုစုပေါင်း ၁၂၀၉၅ ဦးအား လေ့ကျင့်မွေးထုတ်နိုင်ခဲ့ပြီး ယင်းတို့အနက် ၁၁၀၃၉ ဦးအား အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
စက်မှုသင်တန်းကျောင်းများ (Industrial Training Centres) အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ)
မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် စက်မှုသင်တန်းကျောင်းဖြစ်သော အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)သည် ရန်ကုန်မြို့မှ ၂၂၇ ကီလိုမီတာအကွာရှိ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် တည်ရှိသည်။
ထိုသင်တန်းကျောင်းကို ဖွင့်လှစ်ရန်အတွက် ၁၉၇၇ ခုနှစ်မှစတင်၍ ဂျာမနီနိုင်ငံ၏ အထောက်အပံ့ဖြင့် သင်ကြားမှုအထောက်အကူပြု စက်ပစ္စည်းကိရိယာနှင့် နည်းပညာများအား ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (German Agency for Technical Cooperation-GTZ/ German International Development Cooperation Agency-GIZ) အဖွဲ့အစည်းနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သင်တန်းအမှတ်စဉ်(၁)ကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂျာမန်ပညာရှင်များမှ မြန်မာနိုင်ငံတွင် လေးနှစ်ခန့် နေထိုင်၍ လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်ပေးခဲ့သည်။ ပြည်ပသင်တန်းစေလွှတ်မှုအနေဖြင့် စာတွေ့ဘာသာ သင်ကြားမည့် မြန်မာနည်းပြများအား တစ်နှစ်၊ လက်တွေ့ဘာသာသင်ကြားမည့် နည်းပြဆရာများအား နှစ်နှစ်စီဖြင့် ဂျာမနီနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားစေခဲ့သည်။ သင်တန်းစတင်ဖွင့်လှစ်ချိန်မှစ၍ အမှတ်စဉ်(၁၅)အထိကို သင်တန်းကာလသုံးနှစ်၊ အမှတ်စဉ်(၁၆) မှ (၂၇)အထိကို သင်တန်းကာလနှစ်နှစ်၊ သင်တန်းအမှတ်စဉ်(၂၈)မှ အမှတ်စဉ်(၃၆)အထိကို သင်တန်းကာလတစ်နှစ်၊ အမှတ်စဉ်(၃၇)မှ အမှတ်စဉ်(၃၉)အထိကို သင်တန်းကာလ နှစ်နှစ် စသည်ဖြင့် သတ်မှတ်ဖွင့်လှစ်ခဲ့ပြီး အမှတ်စဉ် (၁)မှ (၃၉) အထိ သင်တန်းသားစုစုပေါင်း ၄၆၄၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သင်တန်းသား ၄၄၉၆ ဦး ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၈ ရာခိုင်နှုန်းခန့်ကို အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့သည်။ အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)မှ
( ၁ ) စက်ကိရိယာကိုင်တွယ်မောင်းနှင်သူသင်တန်း
(Machine Tool Operator Course)
( ၂ ) ကိရိယာနှင့်ပုံနှိပ်ပုံပြုလုပ်သူသင်တန်း (Tools and Die Maker Course)
( ၃ ) စက်ရုံပစ္စည်းဖစ်တာသင်တန်း (Machinery Fitter Course)
( ၄ ) မော်တော်ယာဉ်မက္ကင်းနစ်သင်တန်း (Motor Vehicle Mechanic Course)
( ၅ ) လျှပ်စစ်ပညာသည်သင်တန်း(Electrical Fitter Course)
( ၆ ) သတင်းအချက်အလက်နှင့် နည်းပညာသင်တန်း (Information Technology Course)
( ၇ ) သွန်းလောင်းပုံစံသွင်းပုံစံထုတ်လုပ်သူသင်တန်း (Pattern Maker Course)
( ၈ ) စက်မှုပုံဆွဲသင်တန်း (Mechanical Draughtsman Course) ဘာသာရပ်များကို သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။
အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)
အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)ကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် စက်မှုဝန်ကြီးဌာနနှင့် Institute of Planning and Project Research-IPPR Engineering International အဖွဲ့အစည်းတို့ ပူးပေါင်း၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၉.၈.၂၀၀၈ ရက်တွင်လွှဲပြောင်းလက်ခံကာ ၁၆.၁၀.၂၀၀၈ ရက်တွင် သင်တန်းအမှတ်စဉ်(၁)ကို စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနည်းပြဆရာ ၄၃ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် နည်းပညာသင်တန်းများကို ငါးလကြာလေ့ကျင့်သင်ကြားပေးခဲ့သည်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းအမှတ်စဉ် (၁) မှ (၁၂) အထိ စုစုပေါင်းသင်တန်းသား/သင်တန်းသူဦးရေ ၁၇၃၆ ဦး မွေးထုတ်ခဲ့သည့်အနက် ၁၆၁၅ ဦး ရာခိုင်နှုန်းအားဖြင့် ၉၃ ရာခိုင်နှုန်းခန့် အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့သည်။ အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)မှ
(၁) စက်ခုတ်စားမှု၊ စက်ကိရိယာကိုင်တွယ်မောင်းနှင်မှုသင်တန်း (Conventional Machine Tool Operator Course)
(၂) ကွန်ပျူတာသုံးဒီဇိုင်း/ထုတ်လုပ်မှုနှင့်စက်ကိရိယာ ကိုင်တွယ် မောင်းနှင်မှုသင်တန်း (CAD/ CAM & CNC Course)
(၃) လျှပ်စစ်ပညာသည်သင်တန်း (Electrical Fitter Course)
(၄) ဂဟေဆက်၊ သတ္တုရည်စိမ်နှင့် မျက်နှာပြင်ပြုပြင်ခြင်းသင်တန်း (Welding, Electroplating & Surface Treatment Course) ဘာသာရပ်များကို သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့ ၃၀.၁၂.၂၀၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် Agreement on Economic and Technical Cooperation အရ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်းကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း သင်ကြားရေး အလုပ်ရုံသစ်ဆောက်လုပ်ခြင်းနှင့် လုပ်ငန်းများ ပြန်လည်မွမ်းမံခြင်း၊ နည်းပြများအား သင်တန်းပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ပညာရှင်များ စေလွှတ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။ အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)အား အဆင့်မြှင့်တင်ခြင်းဖြင့် မန္တလေးတိုင်း ဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းမှဖွံ့ဖြိုးတိုးတက်လာသော စက်မှုလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် Industrial Electrician၊ Industrial Electronic၊ Welding & Piping၊ Machine Tool Operator၊ CNC Machine Tool Operator နှင့် ဗကအသာသ Automotive Mechanic သင်တန်းများဖွင့်လှစ်၍ တစ်နှစ်လျှင် ကျွမ်းကျင်လုပ်သား ၂၄၀ ဦးအား လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်သည်။
အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)
အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)သည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ စက်မှုနယ်မြေတွင် တည်ရှိပြီး ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့ကို Korea International Cooperation Agency - KOICA အဖွဲ့အစည်းမှ စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းကျောင်းတည်ထောင်ခြင်းဆိုင်ရာ Record of Discussion (RoD) ကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် လွှဲပြောင်းလက်ခံခဲ့ကာ အမှတ်စဉ်(၁) သင်တန်းကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံမှ နည်းပြ ၁၆ ဦးကို Instructor Course လေးလသင်တန်းနှင့် ဝန်ထမ်းငါးဦးအား Administrator Course နှစ်ပတ်သင်တန်းများကို ကိုရီးယားသမ္မတနိုင်ငံသို့ ခေါ်ယူ၍ လေ့ကျင့်သင်ကြားပေးသကဲ့သို့ ကိုရီးယားပညာရှင်လေးဦးမှ မြန်မာနိုင်ငံသို့ လာရောက်ပြီး ခြောက်လမှ တစ်နှစ်အထိနေထိုင်၍ နည်းပြများအား သင်ကြားလေ့ကျင့်ပေးခဲ့သည်။
သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းအမှတ်စဉ်(၁) မှ (၁၁) အထိ သင်တန်းဆင်းပြီးဦးရေ ၁၆၀၃ ဦး မွေးထုတ်ပေးခဲ့သည့်အနက် ၁၃၃၁ ဦး ရာခိုင်နှုန်းအားဖြင့် ၈၃ ဒသမ၂ ရာခိုင်နှုန်းခန့် အလုပ်အကိုင်ရရှိပြီးဖြစ်သည်။ စက်မှုသင်တန်းကျောင်း(သာဂရ)မှ
(၁) စက်ရုံပစ္စည်းပညာသည်သင်တန်း (Machinery Course)
(၂) ကွန်ပျူတာသုံးဒီဇိုင်းထုတ်လုပ်မှုသင်တန်း (CAD/ CAM Course)
(၃) လျှပ်စစ်ပညာသည်သင်တန်း (Electricity Course)
(၄) အီလက်ထရွန်နစ်ပညာသည်သင်တန်း (Electronics Course)
(၅) သတ္တုရည်ကျိုလုပ်သားသင်တန်း (Foundary Course) တို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)
အိန္ဒိယနိုင်ငံ၏အထောက်အပံ့ဖြင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် တည်ဆောက်ထားသော အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)သည် စက်မှုဝန်ကြီးဌာနနှင့် HMT International Co.,Ltd. အဖွဲ့အစည်းတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်း အမှတ်စဉ်(၁)ကို ၁၅.၇.၂၀၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ် (၁) မှ (၁၀) အထိ သင်တန်းဆင်းပြီး ဦးရေမှာ ၁၅၈၃ ဦးရှိပြီး ၁၅၅၁ ဦး လုံး ၉၈ ရာခိုင်နှုန်း ဖြင့် ရာနှုန်းပြည့်နီးပါး အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့သည်။ အဆိုပါ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြား ပေးလျက်ရှိသည့် သင်တန်းများမှာ-
(၁) တွင်ခုံ၊ ကြိတ်ခုံများကိုင်တွယ်မောင်းနှင်မှုသင်တန်း (Machinist Tunner Miller Course)
(၂) ကွန်ပျူတာသုံးစက်ကိရိယာများ ကိုင်တွယ်မောင်းနှင်မှုသင်တန်း (CNC Mechining Course)
(၃) စက်ရုံလျှပ်စစ်ပညာသည်သင်တန်း (Industrial Electrician Course)
(၄) အီလက်ထရွန်နစ်စက်ပြင်သင်တန်း (Electronics Mechanics Course)
(၅) မော်တော်ယာဉ်မက္ကင်းနစ်သင်တန်း (Automobile Mechanics Course)
(၆) အမာတင်လုပ်ငန်းသင်တန်း (Heat Treatment Course)
(၇) ဂဟေဆက်သင်တန်း (Welder Course) တို့ဖြစ်သည်။
အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)
(၅)နှစ် ဘက်စုံပြုပြင်ထိန်းသိမ်းရေးစီမံချက် ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အိန္ဒိယနိုင်ငံ HMT International Co.,Ltd. နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ယင်းစီမံကိန်းများတွင် အိန္ဒိယနိုင်ငံမှ ပညာရှင်များနှင့်မြန်မာနည်းပြများ ပူးပေါင်း၍ စက်ပစ္စည်းများအားပြင်ဆင်ထိန်းသိမ်းခြင်း၊ နည်းပြများအား အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ သင်တန်းများ ပေးခြင်းနှင့် လိုအပ်သော စက်ပစ္စည်း အစိတ်အပိုင်းများ၊ သင်ကြားရေးသုံးကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံချက်အရ နည်းပြအသစ်သင်တန်းအတွက် နည်းပြရှစ်ဦးအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ ပညာသင်ယူစေခဲ့သည်။
ထို့ကြောင့် နိုင်ငံတစ်ဝန်းမှ မျိုးဆက်သစ်လူငယ်များ မိမိတို့အနာဂတ်ဘဝကို လှပစွာထုဆစ်နိုင်ဖို့ စက်မှုသင်တန်းကျောင်းများသို့ တက်ရောက်ကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။ ။အပိုင်း(၂)တွင်ဆက်လက် တင်ပြပါမည်။
ကိုးကား
- စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်း ကျောင်းများကြီးကြပ်ရေးဌာန
- စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန