တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မချမ်းဘော့မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို၊ဂူဘားရိပ်သာထိန်းသိမ်းထားရှိမှုအခြေအနေနှင့် မချမ်းဘော့တပ်နယ်ရှိတပ်ရင်းတပ်ဖွဲ့များအားလိုက်လံကြည်ရှု

နေပြည်တော်၊ ဒီဇင်ဘာ - ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံ ကျေးရွာ၊ နမ့်ကျို(မလိခ)မြစ်ကမ်းနံဘေးတွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်း သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ စေတီတော်ဂေါပကအဖွဲ့ ဥက္ကဌ ဦးတန်ဆိုင်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကောင်းမှုလုံ စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူ ၍ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် စေတီတော်ကြီးအားလက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘုရားဖူးလာမိဘပြည်သူ များ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုဖွယ်ဖြစ်နေစေ ရေးတို့အတွက် လိုအပ်သည်များ ပြုပြင်ထိန်းသိမ်းနိုင်ရန် ဆွေးနွေးအကြံပြုပြောကြားရာ ဂေါပကအဖွဲ့ဥက္ကဌက အာရုံခံတန်ဆောင်းဆောက်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် စေတီတော် ဝတ္တကမြေအဖြစ်အသုံးပြုရန် တင်ပြလျှောက် ထားလျက်ရှိသည့် အခြေအနေများကို တင်ပြသည်။

တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာရုံခံတန်ဆောင်း ဆောက်လုပ်ရာတွင် မြန်မာမှုလက်ရာများပါဝင်ရန်၊ ခိုင်ခံ့အောင်ဆောက်လုပ်ရန်နှင့် အခြားလိုအပ်သည်များ ပြန်လည်အကြံပြုဆွေးနွေးခဲ့ပြီး ပူတာအိုမြို့နယ်၊ ဖတ်မာ ကျေးရွာအုပ်စု ရှေးဟောင်းစေတီတော်အတွင်းမှ တူးဖော်ရရှိသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ဌာပနာတော်များကို ကြည့်ရှုလေ့လာရာ ခရိုင်အုပ်ချုပ်ရေးမှူးက တူးဖော်ရရှိခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးပြုပြင်ထိန်းသိမ်းရန် ဘက်စုံ အလှူငွေများနှင့် အာရုံခံတန်ဆောင်း ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ရန် အလှူငွေ ကျပ်သိန်း ၅၄၀ ကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံ ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီးကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ်၊ သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရား၏ဓာတ်တော်သုံးဆူကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်၊ မင်းအဆက် ဆက်တို့က စေတီတော်ကြီးကို ပြုပြင်မွမ်းမံတည်ဆောက် ထိန်းသိမ်းခဲ့ကြပြီး မြန်မာနိုင်ငံ ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ နှုတ်ဖျားတွင်လည်း “အထက်တွင် ကောင်းမှုလုံ၊ အောက်တွင် ရွှေတိဂုံ၊ အလယ်တွင် ရွှေစည်းခုံ” ဟူ၍ ကျော်ဇောထင်ရှားသပ္ပာယ်စွာ ဖြင့် တည်ရှိလျက်ရှိကြောင်း၊ ကောင်းမှုလုံစေတီတော်ကြီးသည် အလွန်ရှေးကျသော စေတီတော်ကြီးဖြစ်ပြီး တိုင်းခမ်းတီးရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် (ကောင်မူးစဝ် ကန်ခမ်း) ရွှေဆတ်မင်းစေတီတော်ဟူ၍ လည်းကောင်း၊ ခမ်းတီးလုံဒေသရှိစေတီအားလုံး ထက် ပုံတော်၏ အရွယ်အစားကြီးခြင်း၊ ဉာဏ်တော်မြင့်မားခြင်း၊ တန်ခိုးအာနုဘော်ပိုမို ကြီးမားမြင့်မြတ်ခြင်းတို့ကြောင့် (စဝ်ကောင်းမှုလုံ)ကြီးမြတ်သောစေတီတော်ဟူ၍ လည်းကောင်း ရည်စူးပူဇော်ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ကြောင်း စေတီတော်ဘက်စုံပြုပြင်ရေး မှတ်တမ်းများအရ သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘော့ မြို့ရှိ ရှေးဟောင်းလက်ရာအဆောက်အဦ ယခင်အခေါ် ဇန်ယော့ရိပ်သာ၊ ယခုအခေါ် ဂူဘားရိပ်သာသို့ သွားရောက်၍ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုရာ ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သမိုင်းဝင်အဆောက်အဦ ဖြစ်သဖြင့် စနစ်တကျထိန်းသိမ်းကြရမည်ဖြစ်ပြီး သဘာ၀ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်မဖြစ်စေရေးကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ပြီး ရိပ်သာအမိုးနှင့် အခြားလိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း ၅၀ ကိုပေးအပ်လှူဒါန်းရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။ ယင်းနောက် ရိပ်သာဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ရိပ်သာပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘော့မြို့ရှိ တပ်ရင်းတပ်ဖွဲ့များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရဲမေမိသားစု များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ တပ်ရင်းတပ်ဖွဲ့များအတွင်း လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်းမှူးနှင့် တာဝန်ရှိသူများကို မှာကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပူတာအိုတပ်နယ်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ ရှင်းလင်းဆောင်တွင် တိုင်းမှူးက စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်မြင်ပြီးအကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥစားကြက်မွေးမြူရေးလုပ်ငန်းတွင် စဉ်ဆက်မပြတ်ဖြစ်စေရေး နည်းစနစ်တကျဖြင့် တွက်ချက်လုပ်ဆောင်ကြရန်လိုကြောင်း၊ လက်ရှိလုပ်ငန်းများကို အောင်မြင်ကောင်းမွန် အောင် ဦးစွာဆောင်ရွက်ကြရန်လိုပြီး ဈေးကွက်လိုအပ်ချက်ကို သိရှိရန်နှင့် ပြည့်မီအောင် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်းဖြင့်မှာကြားပြီး မွေးမြူရေး စခန်းအတွင်း ရေ၊ မီးရရှိရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံအတွင်း DYL ဝက်များမွေးမြူထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။