၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ မေ ၁ ရက်

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။  

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းများကို  နေပြည်တော်ကောင်စီ နယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ(၁) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၉ ဦး၊ နေပြည်တော်စခန်းတန်းခွဲ(၂) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယား ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၉၇ ဦး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ် စခန်းမှသင်တန်းသား၊သင်တန်းသူ ၁၅၅ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်း သား၊ သင်တန်းသူ ၆၀ ဦး ၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၄ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၂ ဦး၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၁ ဦးနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး တို့ကို တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(ရေ) ရေကြောင်း လူငယ်သင်တန်းစခန်း ၁၀ ခုမှသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၁၈ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။       

အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများ ကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက် ရှိပြီး ယနေ့တွင် သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းအသိပညာနှင့် ဒေသန္တရဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်ပြီး သက်ဆိုင်ရာသင်တန်းစခန်းအလိုက် နည်းပြ/အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများမှဦးစီး၍ တပ်မတော်(လေ)၊ လေတပ်စခန်း ဌာနချုပ်များနှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များသို့ လည်းကောင်း၊ အခြားဗဟုသုတရဖွယ်နေရာများနှင့် ဒေသအလိုက် အထင်ကရနေရာများသို့ လည်း ကောင်း ပို့ဆောင်ပေးခဲ့ကြသည်။  

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများ လေ့ကျင့် သင်ကြားပို့ချနေမှုများနှင့် လေ့လာရေးဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးရှင်းလင်းပြသပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Thursday, July 25, 2024 - 04:32