၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် မေ ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကုန်စျေးနှုန်း  တည်ငြိမ်စေရေးအတွက် အခြေခံစားသောက်ကုန်များ၏ ကုန်စျေးနှုန်းတည်ငြိမ်ရေးအပြင် စျေးကွက် အတွင်းလိုအပ်သည့် ထုတ်ကုန်များအတွက် ပြည်ပမှတင်သွင်းမှုများအစား ဒေသတွင်းစက်မှု ထုတ်ကုန် များ MSME ထုတ်ကုန်များဖြင့် အစားထိုးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံစားကုန် ပစ္စည်းများကို စျေးနှုန်းတည်ငြိမ်စေရေးအတွက် လက်တွေ့ကျပြီး  အမှန်တကယ်ထိထိရောက်ရောက် အကျိုးရှိသည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေးအတွက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များ ပူးပေါင်းပါဝင် ညှိနှိုင်းပေါင်းစပ်ပြီး ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး  လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပုဗ္ဗသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီး ဆုရရှိသူများကို နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တံခွန်စိုက် ဖလား၊ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် နေပြည်တော်ဒက္ခိဏသီရိစျေး၌ နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်း ပွဲတော်တွင် နေပြည်တော်အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ဒေသထွက် ထုတ်ကုန်အရောင်းပြခန်းများတွင် ရောင်းချနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

Dates: 
Thursday, July 25, 2024 - 06:20