(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပါဝင်ပြသသူများနှင့် တာဝန်ရှိသူတို့၏ စကားသံများ

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပါဝင်ပြသသူများနှင့် တာဝန်ရှိသူတို့၏ စကားသံများ

၂၀၂၄ ခုနှစ် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါ ပြပွဲတွင် ပါဝင်ပြသရောင်းချသူများနှင့် တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးသန်းဇော်ဦး (ပြပွဲဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး-၁)

ဒီပြပွဲကို နိုင်ငံတော်အတွက် ကျောက်မျက်ရတနာကဏ္ဍကနေပြီးတော့မှ နိုင်ငံခြားငွေရရှိဖို့နဲ့ ကျောက် မျက်ရတနာတွေကို ပြည်တွင်းမှာဆောင်ရွက်လျက်ရှိတဲ့ MSME လုပ်ငန်းရှင်လေးတွေကို ကျောက်စိမ်း ကုန်ကြမ်းရရှိစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်။ (၅၉) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲမှာ ရတနာအုပ်စုအနေနဲ့ သုံးခုအဓိက ထားတင်ပြရောင်းချသွားမှာ ဖြစ်ပါတယ်။

ပုလဲအတွဲပေါင်း ၄၀၀ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ တွဲ၊ ကျောက်စိမ်းကိုတော့ အရည်အသွေးနဲ့ အမျိုးအစားပေါ် မူတည်ပြီးတော့ အုပ်စုသုံးမျိုးခွဲထားပါတယ်။ ကျောက်စိမ်းအုပ်စု(A)မှာ အတွဲပေါင်း ၁၀၀၀ တွဲ၊ အုပ်စု( B )မှာ အတွဲပေါင်း ၁၇၅၀ တွဲနဲ့ အုပ်စု( C )မှာ  အတွဲပေါင်း ၁၈၀၀ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ ပေါင်း ၄၅၅၀ တွဲရောင်းချသွားမှာဖြစ်ပါတယ်။

ဒီလိုပြပွဲတွေကျင်းပခြင်းဖြင့် နိုင်ငံတော်အတွက်လည်း နိုင်ငံခြားငွေရရှိစေပါတယ်။ ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်တွေအတွက်လည်း ငွေကြေးလည်ပတ်မှု ရရှိစေပါတယ်။ ပြည်တွင်းမှာဆိုလည်း ကျောက်စိမ်း ကိုအခြေခံတဲ့ ကျောက်စိမ်းပုတီးတို့၊ ကျောက်စိမ်းလက်ကောက်တို့ ထုတ်လုပ်နေတဲ့ MSME လုပ်ငန်းရှင်ငယ်လေးတွေအတွက်လည်း  ကုန်ကြမ်းရရှိဖို့အတွက် ကျောက်စိမ်းအုပ်စု(C)ဆိုပြီးတော့ ထည့်သွင်းကာ ကျပ်ငွေဖြင့်ရောင်းချပေးတဲ့အတွက် ကုန်သည်ငယ်လေးတွေအတွက်လည်း  ဝယ်ယူနိုင် မှာဖြစ်ပါတယ်။ ဒီကုန်ကြမ်းတွေကတစ်ဆင့် အချောထည်လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီပြပွဲမကျင်းပမီ တစ်လလောက်ကစပြီး သတင်းစာမှာရော၊ Website မှာရော ကြော်ငြာပေးပါ တယ်။ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ အထက်က ကျွန်တော်ပြောခဲ့သလို ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်းများကို ခင်းကျင်းပြသထားပါတယ်။ လာရောက်ကြည့်ရှုလေ့လာ ဝယ်ယူနိုင် ဖို့ကိုလည်း  ဖိတ်ခေါ်ပါတယ်။

ဒေါ်မြမြဝင်း၊ လက်ထောက်အထွေထွေ

မန်နေဂျာ(မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း)

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲရဲ့ ပုလဲရောင်းချပွဲမှာ တင်ပြရောင်းချပေးမယ့် ပုလဲ တွေကတော့ ပုလဲအတွဲပေါင်း  ၄၀၀  တွဲ ပုလဲအလုံးရေ တစ်သိန်းဖြစ်ပါတယ်။ အခြေခံစျေးကတော့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းကျော်ဖိုးဖြစ်ပါတယ်။  ပုလဲအတွဲတွေကို မေလ ၄ ရက် မွန်းတည့် ၁၂ နာရီမှာ တင်ဒါအမှတ်(၁)နဲ့ ညနေ  ၅ နာရီမှာ တင်ဒါအမှတ်(၂)ကို  ရောင်းချသွားမှာဖြစ်ပါ တယ်။ မေလ ၅ ရက်မှာတော့ မွန်းတည့် ၁၂ နာရီမှာ တင်ဒါအမှတ်(၃)နဲ့ ညနေ ၅ နာရီမှာ တင်ဒါအမှတ်(၄)ကို ဖွင့်ဖောက်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ရောင်းချပေးသွားမယ့် ပုလဲတွေကတော့ ဌာနပိုင်ပုလဲ တွေဖြစ် ပြီးတော့ မြန်မာ့ပုလဲအားလုံးကတော့ တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက်မှာ မွေးနေတဲ့ ပုလဲစခန်းအားလုံးကနေ ထွက်ရှိတာဖြစ်ပါတယ်။ ပုလဲမွေးမြူရေးလုပ်ငန်းအနေနဲ့ကတော့ အကျိုး အမြတ်အများကြီးရှိတယ်ဆိုတာကို ပြောကြားချင်ပါတယ်။ နိုင်ငံခြားငွေထုတ်နုတ်သုံးစွဲရာမှာလည်း  အနည်းဆုံးဖြစ်ပါတယ်။ စက်စွမ်းအားတွေ များများစားစား သုံးစွဲစရာမလိုဘဲနဲ့  လူရဲ့စွမ်းအားတွေသုံးတာ ဖြစ်ပါတယ်။ နိုင်ငံခြားငွေရရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေတဲ့ အပြင် ပုလဲမွေးမြူခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုပြီးတော့  ထိန်းသိမ်းပြီးသားဖြစ်ပါတယ်ရှင်။

သုဓမ္မမဏိဇောတဓရ ဦးမောင်မောင်ဆန်း

(မောင်မောင်ဆန်း ကျောက်မျက်ကုမ္မဏီ)

ကျွန်တော် မောင်မောင်ဆန်း ကျောက်မျက် ကုမ္ပဏီတည်ထောင်လာတာ အနှစ်၂၀ကျော်ပါပြီ။ လုပ်သက် ကတော့ ၃၅ နှစ်လောက်ရှိပါပြီ။ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ ဘဏ္ဍာရေးမှူး တာဝန်လည်းယူထားပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်ကမ္ဘာအေးမှာကျင်းပခဲ့တဲ့ ပြပွဲကနေ ဒီကနေ့ထိ   ဒီလိုပြပွဲများကို အဆက်မပြတ် လာရောက်ပြသလျက်ရှိပါတယ်။ ဒီလိုပြပွဲမျိုးကို  နိုင်ငံတော်ကကျင်းပ ပေးတဲ့အတွက် ကျွန်တော်တို့အတွက်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရသလို နိုင်ငံတော်ကို အခွန်ထမ်းဆောင်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ နိုင်ငံတကာ အဆက်အသွယ်တွေလည်း အများကြီး ရပါတယ်။ ကုန်သည်တွေနဲ့လည်း မိတ်ဆွေအရင်းတွေ ဖြစ်လာပါတယ်။ အရောင်းအဝယ်တွေ လည်း အဆင်ပြေလာပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း ဒီပြပွဲကို ရတနာကုန်သည်များ လာရောက် လေ့လာဝယ်ယူနိုင်အောင် အသင်းရဲ့ ဥက္ကဋ္ဌတို့၊  ဒုဥက္ကဋ္ဌတို့၊  ကျွန်တော်တို့ကိုယ်တိုင် တရုတ်ပြည်ကအသင်းနဲ့ ချိတ်ဆက်ပြီးတော့ ကုန်သည်တွေကို သွားဖိတ်တာတို့ အသင်းအတွက်လည်း လိုအပ်တဲ့စက်ပစ္စည်း တွေရရှိအောင် ဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်။ နောက် အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်အသင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ပြပွဲကိုလာဖို့ ကိုယ်တိုင်ကိုယ်ကျသွားဖိတ်တာတွေရှိပါတယ်၊ သူတို့လည်းလာကြပါ တယ်။   ကျွန်တော်တို့ ကျောက်မျက်သင်တန်းကျောင်းတွေမှာ ပညာသင်ကြားပြီး လက်ရှိမှာ ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေလုပ်နေကြပါပြီ။ တချို့လည်း အောင်မြင်နေကြပါပြီ။

ဦးဘုန်းမြတ်ရာဇာဦး (မြတ်စံကျောက်စိမ်းနှင့် ပယင်းအရောင်းဆိုင်)

ကျွန်တော်တို့ဆိုင်ကတော့ အဓိက ကချင်ပြည်နယ်ဒေသထွက်ဖြစ်တဲ့ ကျောက်စိမ်းနဲ့ ပယင်းတွေကို ပြသရောင်းချတာဖြစ်ပါတယ်။ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်တွေ စိတ်ဝင်စားကြပါတယ်။ ပယင်း ဟာဆိုရင် လူတွေအဆင်တန်ဆာအဖြစ် အသုံးပြုခဲ့သော ကျောက်မျက်ရတနာတန်းဝင်ထဲမှာ ရှေးအကျ ဆုံး ရတနာထဲမှာ ပါဝင်ပါတယ်။ ဒီပြပွဲမှာတော့ ကျွန်တော်တို့အနေနဲ့ ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းလက်စွပ်၊ ကျောက်စိမ်းဆွဲသီး၊ ကျောက်စိမ်းပုတီး စတာတွေအပြင် ပယင်းဆွဲကြိုး၊ ပယင်းဆွဲသီး စတာတွေကို ခင်းကျင်းပြသ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက်ရော ကျွန်တော် တို့လို ရတနာကုန်သည်တွေအတွက်ပါ များစွာအကျိုးရှိတဲ့ပြပွဲပါ။ ဒီလိုပြပွဲ ကျင်းပပေးတဲ့ နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။  

 ဇော်မျိုး(မြဝတီ)

Dates: 
Thursday, July 25, 2024 - 06:51