အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယ အကျော့ပွဲစဉ်တွင် ရှမ်းယူနိုက်တက် အသင်းက ကာဆူကာအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ
ရန်ကုန် ဇူလိုင် ၂၄
အာဆီယံဘောလုံး အဖွဲ့ချုပ်က ကြီးမှူး ကျင်းပလျက်ရှိသည့် အာဆီယံကလပ်ချန်ပီယံ ရှစ်ပြိုင်ပွဲခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ် အဖြစ်ယနေ့ည ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် ဘရူနိုင်းကလပ် ကာဆူကာ အသင်းတို့ကစားခဲ့ရာ ရှမ်းယူနိုက်တက် အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ရှမ်းယူနိုက်တက်အသင်းက ခြေစွမ်းပိုင်း အသာဖြင့် ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၄ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် ပထမ ဦးဆောင်ဂိုး၊ ပွဲချိန် ၄၃ မိနစ်တွင်လည်း ဒုတိယဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း ရှမ်းယူနိုက်တက် အသင်းကပင် ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ကာ ပွဲချိန် ၆၇ မိနစ်တွင် ကောင်းမြတ်သူက တတိယ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းက ၃ ဂိုးပြတ်ဖြင့် ဦးဆောင်ခဲ့ပြီးနောက် ကာဆူကာအသင်း ပြန်လည်ဖိအားပေး ကစားခဲ့ရာမှ ပွဲချိန်မိနစ် ၈၀ တွင် ပယ်နယ်တီမှတစ်ဆင့် ဝီလီယံက ချေပဂိုး ၁ ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက် အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ် အဖြစ် ဘရူနိုင်းနိုင်ငံတွင် ကာဆူကာအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ၁ ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်းက နှစ်ကျော့ပေါင်း ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။