မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် University အသင်းနှင့် Glory Goal အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် University အသင်းနှင့်  Glory Goal  အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန်  ဇူလိုင်  ၂၄

      မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲ ပွဲစဉ်(၁)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင်   ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ University  အသင်းနှင့် Glory Goal အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၁)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင်  ရန်ကုန်မြို့   တက္ကသိုလ်အားကစား ကွင်း၌      University   အသင်းနှင့်   ဆေးဗားလ်စတားအသင်းတို့  ကစားခဲ့ရာ University အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး University အသင်းအတွက် သွင်းဂိုးများကို  ပွဲချိန်  ၁၃  မိနစ်တွင် အောင်မြင့်မြတ်နှင့်  ပွဲချိန်  ၇၇ မိနစ်တွင် သန်းမြတ်စိုးတို့က သွင်းယူပေးခဲ့ပြီး ဆေးဗားလ် စတားအသင်းအတွက် သွင်းဂိုးကို ပွဲချိန် မိနစ် ရဝတွင် သက်ဝင်းထွန်းက သွင်းယူပေးခဲ့သည်။

အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို University အသင်းတောင်ပံကစားသမား အောင်မြင့်မြတ်က ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ ညနေ ၃နာရီခွဲက စလင်းအားကစားကွင်းတွင် Glory Goal အသင်းနှင့် ရွှေပြည်သာယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင်လည်း Glory Goal အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး Glory Goalအသင်း အတွက် သွင်းဂိုးများကို ပွဲချိန် ၁၁မိနစ်နှင့် ၄၃မိနစ်တွင် သူရမင်းနိုင်က သွင်းယူပေးနိုင်ခဲ့ပြီး ရွှေပြည်သာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးကိုပွဲချိန် ၃၆မိနစ်တွင် စောဖွေးက သွင်းယူပေးနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို Glory Goal  အသင်းအတွက် ခြေစွမ်းပြသပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် သူရမင်းနိုင်က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

Dates: 
Thursday, July 25, 2024 - 15:18