တရားမဝင် သစ်မျိုးစုံ၊ ခဲသတ္တုများ၊ ကျောက်စိမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ ခဲသတ္တုများ၊ ကျောက်စိမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော် ဧပြီ ၃၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့၊ ကံပြားကျေးရွာ မြို့အဝင်ဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်တို့ တွင် ဧရာဝတီတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပုသိမ်ခရိုင် သာပေါင်းမြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့၌ တရားမဝင် အခြားသစ် (၃၇ ဒသမ ၇၉၆) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉၅၉၇၃၁)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး စခန်း၌ မန္တလေးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်လက်ကောက်ကွင်း အကြမ်းဆိုဒ်စုံ (၂၄၂)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၄၄၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace Mini Bus (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၇၄၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ   တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Quick ခေါက်ဆွဲခြောက် (၁၄၄၀)ဘူး၊ Sir Edward's ဝီစကီပုလင်း (၁၂၀)၊ ယိုးဒယားနိုင်ငံထုတ်အပင်အားဆေးဟု ယူဆရသော ဆေးဘူး (၃၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၇၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၄ ဒသမ ၀၀၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၃၇၂၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၆၁၃၇၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Click-125 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မလိကျွန်းအနီး၌ ပတ္တမြား-၂၁ အမည်ရှိ သစ်သားလှေ(၁)စင်းပေါ်မှ တရားမဝင် ခဲသတ္တု ကီလိုဂရမ် (၉၆၃၁၀) (ခန့်မှန်းတန်ဖိုးငွေကျပ်၂၈၈၉၃၀၀၀၀၀)ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၉၂၁၀၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီလ ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၁၆၉၁၇၄၅၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

Dates: 
Thursday, July 25, 2024 - 11:06