လီဗာပူးအသင်းက နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် ဆာလက်ချ်ကို ရောင်းချမည်မဟုတ်ဘဲ အသင်း၌ ဆက်လက်ထိန်းထားရန်ဆုံးဖြတ်
လီဗာပူးအသင်းက အသင်းမှ အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် ဆာလက်ချ်ကို လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချမည်မဟုတ်ဘဲ အသင်း၌ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အသက် ၃၁ နှစ်အရွယ် ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်း ရွှေ့ကြေး ယူရို ၄၂ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ အသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သည့်အပြင် တစ်ဦးချင်း ဆုတံဆိပ် များစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးတိုက်စစ်ကစားသမားများတွင် ဆာလက်ချ်လည်း တစ်ဦး အပါအဝင်ဖြစ်သည်။
ဆာလက်ချ်သည် ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလကတည်းက လီဗာပူးအသင်းမှ ထွက်ခွာရန်ကြိုးပမ်းခဲ့ဖူးပြီး ဆော်ဒီထိပ်တန်းကလပ် အယ်အီတီဟက်အသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း လီဗာပူးအသင်းက ကမ်းလှမ်းမှုများကို ပယ်ချခဲ့ခြင်းဖြစ်သည်။
ဝက်စ်ဟမ်းအသင်းနှင့် လီဗာပူးအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်၌ ဆာလက်ချ်လူစားဝင်ကစားရန် ပြင်ဆင်နေချိန်တွင် နည်းပြကလော့နှင့် အချင်းများမှုများဖြစ်ပွားပြီးနောက် ဆာလက်ချ်အနေဖြင့် ရာသီအကုန်တွင် အသင်းမှသေချာပေါက်ထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း လီဗာပူးအသင်းက ရောင်းချမည်မဟုတ်ဘဲ အသင်း၌ ဆက်လက် ထိန်းထားရန် ဆုံးဖြတ်ခဲ့သည်။
ဆာလက်ချ်နှင့် လီဗာပူးအသင်းတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့သည့်အတွက် လီဗာပူးအသင်းအနေဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိပါက လာမည့်ဘောလုံးရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ်ရှိကြောင်း သိရသည်။
Ref;The Athletic