ချယ်လ်ဆီးအသင်းသည် ဒီဇင်ဘာ ၂ ရက်ညက ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အဖြစ်ယှဉ်ပြိုင်ကစားရာ ဝါရင့်ပြင်သစ် တိုက်စစ်မှူး ဂီရော့ဒ်တစ်ဦးတည်းက လေးဂိုးသွင်းပြီး ဆီဗီလာအသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့၍ ကစားရန်လက် ကျန်တစ်ပွဲအလိုမှာပင် အုပ်စုဗိုလ်နေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် အဘရာဟမ်နှင့် တိုက်စစ်မှူး တီမိုဝါနာတို့ကို အဓိကပွဲထွက် ကစားသမားများအဖြစ် အသုံးပြုခဲ့ပြီး ဂီရော့ဒ်မှာ ယူရို ၂၀၂၀ ပြိုင်ပွဲ၌ ပြင်သစ်လက်ရွေးစင်အဖြစ် ပါဝင်နိုင်ရေးအတွက် ပုံမှန်ကစားခွင့်ရမည့်အသင်းသို့ ပြောင်းရွှေ့လိုကြောင်း သတင်းများ ထွက်ပေါ်နေသည်။
သို့သော် ချယ်လ်ဆီးနည်းပြလမ်းပတ်က ဂီရော့ဒ်သည် မိမိတို့အသင်းအတွက် အရေးပါသော ကစားသမားတစ်ဦးအဖြစ် ရှိနေပြီး အဆုံးသတ် ဂိုးသွင်းနိုင်စွမ်းတွင် ပရော်ဖက်ရှင်နယ်ဆန်လွန်းသူဟု ချီးကျူးကာလာမည့် သီတင်းပတ်ကုန် လိဒ်နှင့်ပရီးမီးယားလိဂ်ပွဲ၌ ပွဲထွက်ကစားခွင့်ပေးဖွယ်ရှိကြောင်း ပြောသည်။
လမ်းပတ်က ဂီရော့ဒ်က တကယ့်ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးပါ။ သူ့ကစားသမားဘဝတစ်လျှောက်လုံး ဒီလိုပဲ စွမ်းဆောင်လာနိုင်ခဲ့တာပဲ။ သူ့ရဲ့ခြေစွမ်းပိုင်းကို ပြင်သစ်လက်ရွေးစင်အသင်းအတွက် သူသွင်းပေးထားတဲ့ ဂိုးတွေ၊ ချန်ပီယံလိဂ် သွင်းဂိုးနှုန်းတွေကို ကြည့်ရင် သိနိုင်ကြမှာပါ။ သူ့အနေနဲ့ အသင်းပွဲထွက်စာရင်းမှာ ပုံမှန်မပါနိုင်ပေမယ့် လိဒ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင် ဖွယ်ရှိပါတယ်ဟုပြောသည်။
Ref:BT