ပညာရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပညာရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၅

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ပညာရေးကျောင်းများ၏ ပညာ ရည်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာ သီရိမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(နေပြည်တော်)ရှိ အားကစားခန်းမ၌ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ တပ်မတော် ပညာရေးကျောင်းများမှကျောင်းအုပ်ကြီးများ၊ တပ်မတော်အခြေခံပညာကျောင်း များမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့်တာဝန်ရှိ  သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်ပညာရေးကျောင်းများ ပညာရည်တိုးတက်မြင့်မားရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက် များကို အမှာစကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းက နှုတ်ခွန်းဆက်အမှာ စကား ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ပညာရေးဝန်ကြီး ဌာနမှ ဆရာ၊ ဆရာမများနှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူ များက ဆရာ၊ ဆရာမများ သင်ကြားမှု စွမ်းရည်မြှင့်တင်ပေးနိုင်မှု အခြေအနေများ၊ ပုဂ္ဂလိက ကျောင်းများအစား အခြေခံကျောင်းများတွင် တက်ရောက်စေပြီး အဆင့်မီစွာ သင်ကြားပေးနိုင်မည့်အခြေအနေနှင့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ မေးခွန်းပုံစံ ဖြေဆိုနည်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ကျောင်းသား၊ ကျောင်းသူများ ကြိုတင်သိရှိနားလည်သဘောပေါက်စေရေးအတွက် ကျောင်းများတွင် ဘာသာရပ်ကျွမ်းကျင် ဆရာကြီး၊ ဆရာမကြီးများအား ဖိတ်ခေါ် ၍ ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာသင်ခန်းအတွင်း အမှန်တကယ် တတ်မြောက် အောင် သင်ကြားပေးပြီး အရည်အသွေးပြည့်မီစွာ တန်းစဉ်ကူးပြောင်းနိုင်ရေး အတွက် ပညာရည်စစ်ဆေးတိုင်းတာခြင်းနှင့် တတ်မြောက်မှုအကဲဖြတ်ခြင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဗလငါးတန် ပြည့်ဝ၍ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်သည့် စံပြကျောင်းများ ဖြစ်စေ ရေး မိဘ၊ ဆရာ၊ ကျောင်းသားများမှ ကဏ္ဍပေါင်းစုံ  ပါဝင်လိုက်နာလုပ်ဆောင် ရမည့် ကိစ္စရပ်များနှင့် သက်ဆိုင်ရာ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး/ ပြည်နယ် နှင့် အခြေခံပညာဦးစီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ အားသက်ဆိုင်ရာခေါင်းစဉ်များ အလိုက်အသီးသီးဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

Dates: 
Thursday, July 25, 2024 - 17:22