ပြိုင်ဘက်ကိုခေါင်းဖြင့် တိုက်သည့်ဖရက် အနီကတ်မထိခဲ့သည်မှာကံကောင်းဟု ဆိုးလ်ရှားဆို ဖရက်နေရာ ပေါ့ဂ်ဘာ မာတစ်နှင့် ဗန်ဒီဘိခ်တို့ကို လူစားမလဲခဲ့ခြင်းအတွက် ဖြေရှင်းချက်ပေး

မန်ယူအသင်းသည် ဒီဇင်ဘာ ၂ ရက်ညက ယှဉ်ပြိုင်ကစားသော ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ပီအက်စ်ဂျီကို အိမ်ကွင်းမှာပင် ၃ ဂိုး-၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရာ အုပ်စုတွင်း၌ ပီအက်စ်ဂျီ၊ လိုက်ပဇစ်တို့နှင့်အတူ   ကိုးမှတ်စီ ရရှိထားသဖြင့် အုပ်စုနောက်ဆုံးပွဲတွင် လိုက်ပဇစ်ကွင်း၌ အနိုင်ကစားရမည့် အနေအထားရောက်သွားခဲ့ရသည်။

ထိုပွဲတွင် ပွဲစပြီး ခြောက်မိနစ်အကြာမှာပင် ပီအက်စ်ဂျီအတွက်  အဖွင့်ဂိုးကို နေမာက သွင်းယူခဲ့ပြီး ပွဲချိန် ၃၂ မိနစ်တွင် ရက်ရှ်ဖို့ဒ်က မန်ယူအတွက် ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် မန်ယူအတွက် တိုက်စစ် မှူးမာရှယ်က ဂိုးရှေ့တွင် အနီးကပ်ပိတ်သွင်းရာ    ဂိုးဘားပေါ်ကျော်သွားခဲ့သည့်အတွက်  မန်ယူအသင်း  ဦးဆောင်ဂိုးရရန် နစ်နာခဲ့ရပြီး ပွဲချိန် ၆၉ မိနစ်တွင် မာကွင်ဟို့စ်က ပီအက်စ်ဂျီအတွက် ဒုတိယဂိုးသွင်းခဲ့သည်။ ပွဲချိန် ၉၁ မိနစ်တွင် နေမာကပင် ပီအက်စ်ဂျီအတွက် တစ်ဂိုးထပ်သွင်း ခဲ့သဖြင့်    မန်ယူအသင်းသည်  အုပ်စုမှတက်လှမ်းနိုင်ရေး   နောက်တစ်ပတ်တွင် လိုက်ပဇစ်နှင့် အဝေးကွင်းပွဲ၌ ရလဒ်ကောင်းမှသာ အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

ထိုပွဲတွင် မန်ယူကွင်းလယ်ကစားသမား ဖရက် သည် ပွဲချိန် ၂၃ မိနစ်တွင် ပြစ်ဒဏ် ကျူးလွန်မှုကြောင့်  အဝါကတ်တစ်ကြိမ်ထိခဲ့ပြီး ပီအက်စ်ဂျီ ကစားသမားပါရီဒက်စ်ကို ခေါင်းဖြင့်တိုက်ခဲ့မှုတွင်လည်း ကွင်းလယ်ဒိုင်က VAR စနစ်ပြန်ကြည့်ခဲ့ပြီး တိုက်ရိုက်အနီကတ်မပြသခဲ့ပေ။ သို့သော် ဖရက်သည် ပွဲချိန် ၇၀ မိနစ်တွင် ပီအက်စ်ဂျီမှ အန်ဒါဟာရီယာကို ပြစ်ဒဏ်ထပ်မံကျူးလွန်သဖြင့် နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသည်။

ဖရက်  ပထမတစ်ကြိမ်  အဝါကတ်ထိထားသော်လည်း ဆိုးလ်ရှားသည် အရန်ခုံတွင်ထားရှိသည့်  ပေါ့ဂ်ဘာ၊  မာတစ်နှင့် ဗန်ဒီဘိခ်တို့ကို  ဖရက်နှင့်   စောစီးစွာ လူစားမလဲခဲ့ခြင်းအတွက်  ဝေဖန်မှုများရှိခဲ့သည်။

သို့သော် ဆိုးလ်ရှားက  လိုက်ပဇစ်နဲ့  အုပ်စုနောက်ဆုံးပွဲအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်ဖို့လိုအပ်နေပါပြီ။ ကျွန်တော်တို့ အသင်း ကောင်းတစ်သင်းနဲ့ ကစားခဲ့ရတာဖြစ်ပြီး   ဒီထက်ပိုကောင်းလာအောင် ပြင်ဆင်ဖို့တော့ လိုနေပါသေးတယ်။ ဖရက်က ပြိုင်ဘက်ကစားသမားကို ခေါင်းနဲ့သွားမတိုက်သင့်ပါဘူး။ ကံကောင်းသွားတာက တိုက်ရိုက် အနီကတ်မထိခဲ့တာပဲ။   ဖရက် နေရာမှာ လူစားလဲဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့  သူအကောင်းဆုံး ကစားနေ နိုင်ခဲ့တာဖြစ်လို့ ဆက်ကစားခိုင်းခဲ့တာပါ ဟုပြောသည်။          

Tef:Thesun