လူတိုင်းသတိထားရမည့် ကျန်းမာရေး
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက်)
ယခုကာလသည် မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မိုးရာသီတွင် ဖြစ်ပွားတတ်သော တုပ်ကွေး၊ အအေးမိ၊ နှာစေး၊ ဖျားနာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများမှာ လူတိုင်းတွင် ဖြစ်ပွားနိုင်သကဲ့သို့ ကလေးငယ်များတွင်လည်း သွေးလွန်တုပ်ကွေး ရောဂါများဖြစ်ပွားတတ်သည်။ ရာသီတုပ်ကွေးနှင့်အတူ တစ်ကျော့ပြန်ကိုဗစ်-၁၉ ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါများလည်း ဖြစ်ပွားလာသည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်အဝန်းတွင် လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးဘဲ တစ်ကျော့ပြန်ဖြစ်ပွားလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း အနည်းငယ်ရှိနေသေးသည်။ ဇူလိုင်လ ၁၄ ရက် ည ၈ နာရီမှ ၂၁ ရက်ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၀ ဦးတွေ့ရှိကြောင်း သိရှိရသည်။
မိုးရာသီကာလသည် ကျန်းမာရေးအတွက် အထူးသတိထားရမည့် ကာလဖြစ်သည်။ ရေတွင်းရေကန်များတွင် ရေလျှံမှုများကြောင့် မသန့်ရှင်းသော ရေသောက်သုံးရခြင်း၊ ယင်နားစာစားသုံးမိခြင်းက ဝမ်းပျက် ဝမ်းလျှောရောဂါများဖြစ်စေသည်။ ထို့ပြင် ခြင်ပေါက်ပွားမှု များလာခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ နှင့်ဆင်တုပ်ကွေးရောဂါများ ဖြစ်ပွားစေသည်။ ရာသီတုပ်ကွေးရောဂါကြောင့် နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်း၊ ပြင်းထန်စွာ အဆစ်အမျက်ကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်းများကို ခံစားရသည့်အပြင် နောက်ဆက်တွဲအနေဖြင့် အဆုတ်ရောင်ခြင်းကြောင့် မောပန်းခြင်း၊ အောက်ဆီဂျင်ကျလာခြင်း အထိဖြစ်ပွားနိုင်သည်။
ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် အစာလမ်းကြောင်း သွေးယိုစီးခြင်း၊ သွေးပေါင်ကျပြီးသွေးလန့်ခြင်း၊ သွေးဆိပ်ပြန့်ခြင်း အထိဖြစ်ပွားနိုင်ပြီး အခန့်မသင့်ပါက အသက်ဆုံးရှုံးနိုင်သည်။
ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်တွင် ရေဓာတ်ဆားဓာတ်များ ဆုံးရှုံးနိုင်သောကြောင့် သေချာစွာ ဆေးကုသမှု ခံယူကြရမည်ဖြစ်သည်။ သို့မဟုတ်ပါက သွေးလန့်ကာ ရုတ်တရက်ကျောက်ကပ် ပျက်စီးနိုင်သည်။
အအေးမိဖျားနာခြင်းမှ ကာကွယ်နိုင်ရန် မိုးရေထဲသွားပါက ထီး၊ မိုးကာများ ဆောင်ထားသင့်သကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် အဆောက်အအုံအတွင်း၌သာ နေထိုင်သင့်သည်။ မိုးရေစိုပါက မိမိ ကိုယ်ကိုခြောက်သွေ့အောင်ပြုလုပ်ခြင်း၊ အဝတ်ခြောက်များ အမြန်လဲလှယ်ခြင်း၊ ရေနွေးပူပူ၊ ကော်ဖီပူပူ သောက်သုံးခြင်းဖြင့် အမြန်နွေးထွေးအောင်ပြုလုပ်သင့်သည်။ နှာစေး၊ ချောင်းဆိုးပါက Paracetamol ၊ Cetirizine စသောအိမ်သုံးဆေးများ သောက်သုံးသင့်သည်။ ကလေးများတွင် ဖျားပြီးနောက် အညိုရောင် အန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ ဗိုက်နာခြင်း၊ မှိန်းခြင်းများဖြစ်ပွားလာပါက သွေးလွန်တုပ်ကွေးသွေးလန့် လက္ခဏာဖြစ်နိုင်သဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သွားရောက်ပြသသင့်သည်။
ရာသီတုပ်ကွေးနှင့် တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါများဖြစ်ပွားခြင်း မရှိစေရန် နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောခြင်းတို့အပြင် လူထူထပ်ရာနေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ကြသည်။ လက်ကိုမကြာခဏဆေးခြင်းဖြင့် မသန့်ရှင်းသော လက်မှတစ်ဆင့် ကူးစက်နိုင်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါ ရောဂါများမှလည်း ကာကွယ်နိုင်သည်။ သာမန်အားဖြင့် လူတစ်ယောက်တွင် ကိုယ်ခံစွမ်းအား မြင့်မားနေပါက သာမန်ရောဂါများ ဖြစ်ပွားရန်ခက်ခဲသည်။ ကိုယ်ခံစွမ်းအား မြင့်နေစေရန် အာဟာရပြည့်ဝသော အစာများကို အချိန်မှန်စားသုံးပြီး အိပ်ချိန်ပြည့်ဝရန် လိုအပ်သည်။
မိမိတို့၏ အသက်အရွယ်နှင့်ကိုက်ညီသော ကိုယ်လက်လှုပ်ရှားမှု အားကစား လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်သင့်သည်။ ကျန်းမာရေးမကောင်းလျှင် လူတိုင်းစိတ်သောကဒဏ်ကို ခံစားကြရသည်။ အလွန်ဆိုးဝါးနေလျှင် ဆေးရုံသို့ တက်ရောက်ကုသခံကြရသည်။ ထိုအခါ မိမိအတွက်၊ မိသားစုအတွက် လူပင်ပန်း၊ စိတ်ပင်ပန်း၍ ငွေကြေးများလည်း ကုန်ကျသည်။ ထို့ကြောင့်လူတိုင်း ကျန်းမာရေးကို အထူးဂရုစိုက်ကြရမည်ဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည့်အတွက် ရောဂါမဖြစ်အောင် ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိဖြင့်နေထိုင်သင့်လှသည်။
ကျန်းမာရေးဆိုးရွားမှုသည် အရွယ်သုံးပါး မရွေးတွင်ဖြစ်ပွားနိုင်သည်။ မိုးနှင့်အတူခြင်များ၊ ယင်များ ပေါက်ပွားလာမှုမရှိစေရန် တစ်ဦးချင်းမှသည် လူထုအင်အားဖြင့် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မိမိအိမ်၊ ကျောင်း၊ အလုပ်ရုံပတ်ဝန်းကျင်ရှိ ချုံနွယ်များ ရှင်းလင်းခြင်း၊ ပိုးလောက်လမ်းများ မပေါက်ပွားစေရေး လုပ်ဆောင်ခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းရန် ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရမည်ဖြစ်သည်။ ခြင်ဆေးဖျန်းခြင်းများကိုလည်း ကျန်းမာရေးဌာနများက ဦးဆောင်၍ ရပ်ကွက်၊ မြို့ရွာများ၌ လုပ်ဆောင်ပေးလျက်ရှိသည်။ မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအစာများမှ ရောဂါ ပိုးကူးစက်ခြင်းမရှိစေရေး ရေကိုစနစ်တကျ ကျိုချက်သောက်သုံးကြရပေမည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူတစ်ဦးချင်းကလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိရှိစွာဖြင့် လိုက်ပါလုပ်ဆောင် ကြရမည်ဖြစ်သည်။ မိုးတွင်းကာလ မိုးရာသီတွင် အဖြစ်များသောရောဂါများမှာ နှစ်စဉ် ကြုံတွေ့ရသည်များဖြစ်၍ ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ခြင်းဖြင့် အနိုင်ယူကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။