ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

      အလားတူပင်  RCC  တွင်လည်း  ဤနည်းအတိုင်း စမ်းသပ်ရသည်။ RCC စမ်းသပ်မှုတွင် ဓာတုဗေဒဆေးရည် ထည့်သွင်းစမ်းသပ်မှု ထပ်တိုးလာသည်။ စမ်းသပ်မှုရလဒ်မှာ သိပ်သည်းမှု၊ အလွှာလိုက်စွဲကပ်မှု၊ ခံနိုင်ရည် အချက်အလက်နှင့် ကွန်ကရစ်စတင်အိပ်ချိန် (Initial Setting Time) နှင့်  နောက်ဆုံးအိပ်ချိန် (Final Setting Time) များ  ရရှိသည်။

ဤစမ်းသပ်မှုတွင် သုံးသောကြိတ်လုံးမှာ   ရှေ့တွင်ဖော်ပြခဲ့ပြီးသည့် Self Propelled Smooth Vibrating Drum  Roller  (ပြောင်ချော သံဘီးတပ်ကြိတ်စက်တွင် တုန်ခါစက် တစ်ပါတည်း တပ်ဆင်ထားသော ကြိတ်စက်မျိုး) ကိုသုံးသည်။ သက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများ၊ လုပ်သားများအားလုံးသည်  ဤနမူနာဆောင်ရွက်မှုကြောင့်   အတွေ့အကြုံရကြပြီး အမှန်တကယ် သွန်းလောင်းချိန်တွင် အားနည်းချက်များ ပြုပြင်နိုင်သည်။ လုပ်ငန်းလျင်မြန်ချောမွေ့စေသည်။

ပုံမှန်အားဖြင့် ဤလုပ်ငန်းကို  Test Slab ဟုခေါ်သည်။ တချို့ကလည်း  Full Scale Trial ဟုခေါ်သည်။ အလျားပေ ၂၀၀ ခန့်၊ အကျယ် ပေ ၅၀ ခန့်နှင့် ၃၀၀ မီလီမီတာ အထူ ၁၀ လွှာခန့် စမ်းသပ်ကြသည်။ ၁၀ လွှာအတွက် ခန့်မှန်းခြေ  RCC ထုထည်ပမာဏ ကုဗမီတာ ၁၅၀၀ မှ ၂၀၀၀ ခန့်ထိ သုံးရသည်။

အထက်ပေါင်းလောင်းတွင် ဆောင်ရွက်ခဲ့သော နမူနာ  Test Slab တွင်    အလွှာကိုးလွှာ နမူနာဆောင်ရွက်ခဲ့သည်။   စမ်းသပ်မှုများကို ၇-၅-၂၀၁၀ ရက်မှ ၂၆-၅-၂၀၁၀ ရက်အထိ ဆောင်ရွက်ခဲ့သည်။

တမံအစစ်တွင် RCC စတင်သွန်းလောင်းသော ရက်မှာ ၂၇-၁-၂၀၁၁ ရက်ဖြစ်သည့်အတွက် နမူနာကြိုတင် စမ်းသပ်မှုများကို ရှစ်လခန့်ကြို၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ဤရှစ်လအတွင်း ဓာတ်ခွဲခန်း အဖြေများလည်း ရရှိပြီဖြစ်သည်။ သုံးစွဲမည့်ဓာတုဗေဒဆေးရည် အမျိုးအစားပါ ဆုံးဖြတ်ပြီး ဖြစ်၍ ကြိုတင်ဝယ်ယူ စုဆောင်းပြီးလည်းဖြစ်သည်။

Warm Joint Treatment

    အကယ်၍  RCC သွန်းလောင်းနေဆဲတွင်  တစ်စုံတစ်ခုကြောင့် လုပ်ငန်းရပ်နားလိုက်ရသည့် အချိန်သည်   သွန်းလောင်းဆဲ ကွန်ကရစ် စတင်အိပ်ချိန်  (Initial Setting Time)  အထိ  ကြာမြင့်သွားခဲ့လျှင် ကွန်ကရစ်ပြန်လည် သွန်းလောင်းမည်ဆိုပါက သွန်းလောင်းပြီးကွန်ကရစ် မျက်နှာပြင်ကြမ်းစေရန် ပြုလုပ်ပြီးမှ သွန်းလောင်းရသည်။ မျက်နှာပြင်ကြမ်းစေရန် သင့်လျော်သော စက်တစ်စီး၏နောက်တွဲတွင်  Iron Brush များ တပ်ဆင်ထားသော Roller Brush တပ်ဆင်၍ စက်ဖြင့်လှည့်ပေးပြီး မျက်နှာပြင်ကြမ်းရုံ လုပ်ပေးခြင်းသာဖြစ်သည်။ ဤသို့ကြမ်းပေးခြင်းကို Warm Joint ဖော်ပေးခြင်းဟုဆိုသည်။

Cold Joint Treatment

      မည်မျှပင်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားစေကာမူ ရံဖန်ရံခါ သွန်းလောင်းစဉ် လုပ်ငန်းအခက်အခဲဖြစ်၍ သွန်းလောင်းမှု ရပ်ဆိုင်းသွားတတ်သည်။ အဆိုပါရပ်နားချိန်သည် သွန်းလောင်းဆဲ ကွန်ကရစ်  Final Setting Time ထိ ကြာမြင့်သွားခဲ့လျှင် ဆောင်ရွက်ဆဲ လုပ်ငန်းအားလုံး ယာယီရပ်နား၍   ကွန်ကရစ်ခံနိုင်ရည် ရသည်ထိ  စောင့်ရတော့သည်။ ရပ်နားပြီး နောက်တစ်ကြိမ် သွန်းလောင်းမည်ဆိုပါက လောင်းပြီးသော ကွန်ကရစ်မျက်နှာပြင်ကို ပြန်လည်သန့်ရှင်းရေး လုပ်ရသည်။ မျက်နှာပြင်များ ကြမ်းပေးရသည်။ ခွဲကျောက်များပေါ်ပြီး  ကြမ်းလာသည်အထိ ဖိအားပါသောရေ (Water Jet) ဖြင့် ထိုးဆေးရသည်။ ဤသည်ကို Cold Joint ဖော်သည်ဟုဆိုသည်။ နောက်တစ်ကြိမ် ကွန်ကရစ် ဆက်လောင်း ပါက အပေါ်အောက်အလွှာချင်း စွဲငြိစေရန်ဖြစ်သည်။

RCC ၏  Initial Setting Time  နှင့်  Final Setting Time တို့ သည် ဓာတ်ခွဲခန်းတွင် ကြိုတင်စမ်းသပ် ရရှိထားပြီးဖြစ်သည်။

Setting Time များ၏စောခြင်း၊ နောက်ကျခြင်းတို့သည် ဖျော်စပ်ချိန်တွင် ရောစပ်ထည့်သွင်း ပေးလိုက်သည့် ဓာတုဆေးရည် အမျိုးအစားနှင့် အနည်းအများပေါ် မူတည်သည်။ ကွန်ကရစ်အိပ်ချိန် နောက်ကျစေလိုပါက ပိုထည့်နိုင်သည်။ သို့သော် ဆေးဖိုး (Chemical ူ) စရိတ်တက်မည်။ စီးပွားရေး တွက်ခြေကိုက်မှုနှင့်   ပညာရပ်ဆိုင်ရာကို   တွဲဖက်စဉ်းစားရသည်။

မည်သည့် Chemical နှင့် သင့်လျော်သည်၊ မည်မျှထည့်သွင်းရမည် ဆိုသည်ကို  Test Slab (Full Scale Trial) ပြုလုပ်ပြီးချိန်တွင် စမ်းသပ် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ အထက်ပေါင်းလောင်း စီမံကိန်း၏ အတိုင်ပင်ခံ နှင့်ကြီးကြပ်မှုအတွက် ငှားရမ်းထားသော ပြည်ပပညာရှင် A F Colenco Consultant က ထပ်ဆင့်ငှားရမ်း တာဝန်ပေးထားသော Mr. MRH Dunstan, Malcolm Dunstan & Associates, Devon, United Kingdom က ဆုံးဖြတ်သည်။

Full Scale Trial စမ်းသပ်သွန်းလောင်းစဉ်က ရရှိခဲ့သောအချက် အလက်များကို မူတည်ပြီး ဆုံးဖြတ်အသုံးပြုခဲ့သော Chemical  နှစ်မျိုးမှာ

- Grace ကုမ္ပဏီမှ ထုတ်လုပ်သည့်  GP-101

-  Fosroc ကုမ္ပဏီမှထုတ်လုပ်သည့် Conplast-R တို့ဖြစ်သည်။

RCC သွန်းလောင်းမှုတိုင်းတွင် လုပ်ငန်းခွင် လိုအပ်ချက်အရ Chemi-cal အတိုးအလျှော့ပြုလုပ်၍ ထည့်သွင်း ဖျော်စပ်ရသည်။ အမျိုးအစားနှင့် လုပ်ငန်းခွင် အခြေအနေပေါ်မူတည်၍ ရေရောစပ်မှု အလေးချိန်၏ သုည ဒသမ ၆၅ ရာခိုင်နှုန်းမှ သုည ဒသမ ၉ ရာခိုင်နှုန်းအထိ ထည့်သွင်းဖျော်စပ်ရသည်။

RCC တမံတစ်ခုတည်ဆောက်မည်ဆိုလျှင် အောက်ဖော်ပြပါပစ္စည်း ကိရိယာများ အထူးပြင်ဆင်ရန် လိုသည်။ Laser  Guided Dozer, Vibrating Drum Roller, Vacuum Truck,  Moisture Spraying Set, Ice Plant,  Crushing Plant,  Concrete  Mixing  Plant, Concrete Conveying Set နှင့် ခေတ်မီဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဖြစ်သည်။

အထူးသဖြင့် Concrete Mixing Plant, Crushing Plant, Laser Guided Dozer, Vibrating Drum Roller စသည်တို့မှာ စီမံကိန်းတွင် တစ်စုံတည်း တစ်ခုတည်းရှိ၍ မရသည့်ပစ္စည်းများဖြစ်သည်။ နှစ်ခု၊ သုံးခု ကို တစ်ပြိုင်နက်သုံးနိုင်လျှင် သုံးသည်။ မလိုသေးလျှင် အရန်ထား သုံးရသည်။

RCC သွန်းလောင်းရာတွင် အတွေ့အကြုံရှိသော ဝန်ထမ်းလုပ်သားများ အထူးလိုအပ်သည်။ တခြားတမံ အမျိုးအစားတွင် နေ့စဉ် တစ်နေ့တာ အလုပ်ချိန်အတွက် လိုအပ်သော ဝန်ထမ်းနှင့်လုပ်သားသာရှိရန် လိုအပ်သည်။ သို့သော် RCC တွင် ၂၄ နာရီပတ်လုံး မရပ်မနား လနှင့်ချီ၍ အဆိုင်းဖြင့် အလှည့်ကျလုပ်ငန်းခွင် ဝင်ကြရသည့်အတွက် တာဝန်ချပေးရ မည့် အရေအတွက် ပိုများသည်။

အထက်ပေါင်းလောင်း RCC တမံရေအားလျှပ်စစ်စီမံကိန်းတွင် RCC တမံကို ၂၁ ပိုင်း (21 Stages) ခွဲပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် မှစ၍ သွန်းလောင်းခဲ့ရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ပြီးစီး ခဲ့သည်။ သွန်းလောင်းမှု ကာလ ၃၅ လကြာ ဆောင်ရွက်ခဲ့ရသည်။

သွန်းလောင်းလိုက်ရသော RCC ပမာဏမှာ ကုဗမီတာ ၉၅၀၃၀၅ (၃၃၈၁၈၆ ကျင်း) ဖြစ်သည်။ ဖော်ပြခဲ့သည့် 21 Stages ခွဲခြားသွန်းလောင်းနေစဉ် တစ်ကြိမ်နှင့်တစ်ကြိမ်ကြားတွင် လုပ်ငန်းများ နားနေခြင်းမဟုတ်ပေ။  Stage တစ်ခုနှင့်တစ်ခုကြားတွင် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရသည်။ စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းမှု လုပ်ရသည်။ Concrete Conveyor Belt  Line များ  နေရာချထားရသည်။

အထက်ပေါင်းလောင်းစီမံကိန်း  RCC သွန်းလောင်းချိန်ကာလများတွင် စက်ကိရိယာ ချို့ယွင်းမှုများရှိခဲ့၍  Warm Joint များ များစွာဖြစ်ပေါ် ခဲ့သည်။

အလားတူပင် စက်ချို့ယွင်းမှုနှင့်မိုးရွာသွန်းမှုများကြောင့်Cold Joint ဖြစ်ပေါ်မှုများလည်းရှိခဲ့သည်။               

ဆက်လက်ဖော်ပြပါမည်။