အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့် ဒုတိယဝန်ကြီး ဦးဇင်မင်းထက် တွေ့ဆုံအမှာစကား ပြောကြား
ရန်ကုန် ဇူလိုင် ၂၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့် ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် လူငယ်များအား အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာကြံ့ခိုင်ရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အားကစားနှင့် ပညာရေးကို ပေါင်းစပ်သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသား၊ အမျိုးသမီး လေးထပ်အိပ်ဆောင်၊ စားရိပ်သာ၊ လေ့ကျင့်ရေးကွင်း(၁)ရှိ ပြေးခုန်ပစ်ပြေးလမ်း၊ ဝူရှူးအားကစားရုံနှင့် ဘော်လီဘောအားကစားရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။