ရေနံပေါကြွယ်သည့် ဆော်ဒီအာရေဗျတွင်ရေပန်းစားလာသည့် လျှပ်စစ်ကားများ

 

ရေနံပေါကြွယ်သည့် ဆော်ဒီအာရေဗျတွင်ရေပန်းစားလာသည့် လျှပ်စစ်ကားများ

 

    ရေနံပေါကြွယ်ဝသည့် ဆော်ဒီအာရေဗျနိုင်ငံတွင် ယခုအခါလျှပ်စစ်ကားများ အသုံးပြုမှုသည်  လူများအကြား၌  တစ်စထက်တစ်စ ရေပန်းစားလာပြီဖြစ်သည်ကို    တွေ့ရသည်။

ဆော်ဒီအာရေဗျနိုင်ငံရှိ     ပြည်သူအချို့သည် လောင်စာဆီအတွက် ကုန်ကျစရိတ် လျှော့ချနိုင်ရန်အတွက် လျှပ်စစ်ကားများကို ဝယ်ယူအသုံးပြုလာခြင်းဖြစ်သည်။ အချို့မှာ လောင်စာဆီအတွက် တစ်လလျှင် ရီယယ် ၂၀၀၀ (စင်ကာပူဒေါ်လာ ၇၂၀) ခန့်အသုံးပြုနေရသည်။ ထို့ကြောင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ်ကားများကို ဝယ်ယူလာကြခြင်းကြောင့်   ယင်းနိုင်ငံအတွင်း၌   လျှပ်စစ်ကားများ အသုံးပြုခြင်းသည် ရေပန်းစားလာခြင်းဖြစ်သည်။

ထို့ပြင်  လျှပ်စစ်ကားများအား ပြင်ဆင်ရာတွင်လည်း  ကုန်ကျစရိတ်မှာ လောင်စာဆီသုံး မော်တော်ယာဉ်များနှင့် နှိုင်းယှဉ်ပါက နည်းပါးခြင်းကလည်း  လျှပ်စစ်ကားများကို လူကြိုက်များစေသည့်   အကြောင်းရင်းတစ်ရပ်ဖြစ်သည်။  လက်ရှိ ဆော်ဒီအာရေဗျနိုင်ငံရှိ  လျှပ်စစ်ကားစျေးကွက်တွင် အဓိကနေရာယူထားသည့် အမျိုးအစားမှာ  တရုတ်နိုင်ငံထုတ် BYD  အမျိုးအစားဖြစ်သည်။

BYD  ၏ ပြိုင်ဘက်အမျိုးအစား တစ်ခုဖြစ်သည့် အမေရိကန်၏ Tesla မှာ  ဆော်ဒီအာရေဗျစျေးကွက်တွင် လွှမ်းမိုးနိုင်ခြင်း မရှိသေးပေ။

ဆော်ဒီအာရေဗျနိုင်ငံတွင် လူဦးရေအားဖြင့် ရှစ်သန်းသာရှိသော်လည်း  ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် လေထုညစ်ညမ်းမှုများနှင့် ကြုံတွေ့ရခြင်းသည်  ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာတစ်ရပ်ဖြစ်သည်။ထို့ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်သည့် လျှပ်စစ်ကားများကို ပိုမိုရွေးချယ်အသုံးပြုလာခြင်းဖြစ်သည်။ ထို့ပြင် လျှပ်စစ်ကားများကို အသုံးပြုခြင်းအားဖြင့် ကမ္ဘာကြီးပူနွေးလာခြင်းကို   လျှော့ချနိုင်သည်ဟု နားလည်သဘောပေါက်သူ အရေအတွက်မှာ ပိုမိုများပြားလာပြီဖြစ်သည်။

သို့ရာတွင်  ဆော်ဒီအာရေဗျနိုင်ငံ၌ လျှပ်စစ်ကား အသုံးပြုမှု များပြားလာလျက် ရှိသော်လည်း   အားသွင်းပေးနိုင်သည့် အခြေခံ အဆောက်အဦများမှာ ပြည့်စုံခြင်း မရှိသေးသောကြောင့်   အသုံးပြုသူများသည် များသောအားဖြင့် အဆိုပါလျှပ်စစ်ကားများအား မြို့တော်အတွင်း စျေးဝယ်ထွက်ခြင်းကဲ့သို့သော  ခရီးတိုများသွားလာခြင်း၌သာ     အသုံးများလျက်ရှိသည်။

လက်ရှိတွင် BYD ကုမ္ပဏီနှင့် Lucid တို့သည်  လျှပ်စစ်ကားမောင်းနှင် အသုံးပြုသူများ၏ နေအိမ်တွင်  ဓာတ်အားသွင်းစက်များကို  တိုက်ရိုက်တပ်ဆင် တည်ဆောက် ပေးလျက်ရှိပြီး လျှပ်စစ်ကားဆိုင်ရာ အခြေခံအဆောက်အဦ ကုမ္ပဏီ (Eviq) ကလည်း လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် လျှပ်စစ်ကားများအတွက် ဓာတ်အားသွင်းသည့်နေရာ ၅၀၀၀ ခန့်ကို တစ်နိုင်ငံလုံး၌ တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် ရေနံအဓိကထုတ်လုပ်သည့်  နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် လောင်စာဆီစျေးနှုန်းမှာ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင်  ရောင်းချနေသည့် စျေးနှုန်းထက် ပိုမိုလျော့ကျလျက်ရှိသည်။ ဆော်ဒီအာရေဗျတွင်     လောင်စာဆီ တစ်လီတာလျှင်  အမေရိကန်ဒေါ်လာ ၀.၆၂ ခန့်သာရှိသည်ဟုဆိုသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် လျှပ်စစ်ကား စျေးနှုန်းများမှာ   မြင့်တက်နေဆဲဖြစ်ပြီး Lucid မှထုတ်လုပ်သည့် လျှပ်စစ်ကားတစ်စီး၏ တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ ၉၂၀၀၀ ခန့်ရှိသည်။ သို့သော် စျေးကွက်အတွင်းသို့ တရုတ်နိုင်ငံမှ  BYD  လျှပ်စစ် ကားများ   ဝင်ရောက်လာခြင်းကြောင့် စျေးနှုန်းမှာပြည်သူများအတွက် လက်လှမ်းမီ လာစေနိုင်သည်ဟု ဆိုနိုင်သည်။

ဆော်ဒီအာရေဗျနိုင်ငံသည်  ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ကားအစီးရေ ၂၁၀ သာ နိုင်ငံအတွင်းသို့  တင်သွင်းခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၇၇၉ စီးအထိ တင်သွင်းခဲ့ရခြင်းကြောင့် ယခုနှစ်အတွင်း၌လည်း လျှပ်စစ်ကား အသုံးပြုမှုမြင့်တက်လာမည်ဟု မျှော်မှန်းထားသည်။

ထို့ပြင် လျှပ်စစ်ကားများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ဆော်ဒီအစိုးရက ကြိုးပမ်းလျက်ရှိသည်။

ဆော်ဒီအစိုးရသည် Lucid  ကုမ္ပဏီတွင် အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး နိုင်ငံအတွင်း၌ လျှပ်စစ်ကားနှင့် လောင်စာဆီသုံးကားများ ထုတ်လုပ်နိုင်ရေးအတွက် တောင်ကိုရီးယားမှ Hyundai ကုမ္ပဏီနှင့်လည်း သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည်။ ထို့ပြင် ဆော်ဒီအာရေဗျ၏ လျှပ်စစ်ကား အမှတ်တံဆိပ်ဖြစ်သည့် ဃနနျွ ကိုလည်း ၂၀၂၂ ခုနှစ်တွင်  တရားဝင်ကြေညာခဲ့ပြီး ကားထုတ်လုပ်ခြင်းကို လာမည့် ၂၀၂၅ ခုနှစ်တွင် စတင်မည်ဟု စီစဉ်လျက်ရှိသည်။

ထို့ပြင် ဆော်ဒီအစိုးရအနေဖြင့် နှစ်စဉ် လျှပ်စစ်ကားအစီးရေ ၃၀၀၀၀၀ ခန့်ကို ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း စက်မှုလုပ်ငန်းဝန်ကြီး   ဘန်ဒါအယ်ခါရစ်က ယခုနှစ်အစောပိုင်းတွင်  လူသိရှင်ကြား ပြောကြားထားခြင်းကြောင့် နိုင်ငံအတွင်း ၌   လျှပ်စစ်ကား အသုံးပြုမှုများမြင့်တက်လာဖွယ်ရှိကြောင်း ရေးသား ဖော်ပြလိုက်ရပါ သည်။