အသံထက်ငါးဆပိုမြန်သည့် မာကိုဒုံးကျည်အား ဗြိတိန်တွင်ထုတ်လုပ်မည်

 

အသံထက်ငါးဆပိုမြန်သည့် မာကိုဒုံးကျည်အား ဗြိတိန်တွင်ထုတ်လုပ်မည်

 

      ကမ္ဘာ့ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် လော့ဟိမာတင် ကုမ္ပဏီသည် အသံထက်ငါးဆ ပိုမိုမြန်ဆန်သည့်  ဒုံးကျည်သစ်တစ်စင်းအား ကနဦးအနေဖြင့် ဗြိတိန်နိုင်ငံတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာကြီး တစ်စောင်ဖြစ်သော The Telegraph က ဇူလိုင်လ ၂၃ ရက်တွင် ဖော်ပြသည်။

မာကိုဟု အမည်ပေးထားသည့် ယင်းဒုံးကျည်သည်  ဘက်စုံသုံးဒုံးကျည် တစ်စင်း ဖြစ်ပြီး ၎င်းဒုံးကျည်ကို F-15 တိုက်လေယာဉ်ပေါ်မှ   ပစ်ခတ်နိုင်မည်ဖြစ်သည်။

မာကိုဒုံးကျည်သည်  အခြားအသံထက်မြန်လက်နက်စနစ်များနှင့်လည်း တွဲဖက်အသုံးပြု နိုင်ကြောင်း   လော့ဟိမာတင်ကုမ္ပဏီမှ ဒုံးကျည်နှင့်  ပစ်အားထိန်းချုပ်မှုဌာနမှ ဥက္ကဋ္ဌဖြစ်သူ တင်ကာဟေးက ပြောသည်။

မာကိုဒုံးကျည်သည် အကွာအဝေး မည်မျှသို့ ပစ်ခတ်ရောက်ရှိနိုင်သည်ကို အသေး စိတ်ဖော်ပြထားခြင်း မရှိသော်လည်း အကယ်၍  ယင်းဒုံးကျည်သည် အသံထက်ငါးဆပိုမိုမြန်ဆန်သည့်အရှိန်ဖြင့် ပျံသန်းမည်ဆိုပါက ၁၈၆ မိုင်အကွာရှိ ပစ်မှတ်ကို သုံးမိနစ်အတွင်းမှာပင် တိုက်ခိုက်ဖျက်ဆီး ပစ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက်နိုင်ငံများ၏ လေကြောင်းကာကွယ်ရေး စနစ်များအနေဖြင့်   ဒုံးကျည်အား ထောက်လှမ်းဖော်ထုတ်၍ ကြားဖြတ်ဟန့်တားရန် အချိန်လုံလောက်စေမည် မဟုတ်ပေ။

ယင်းဒုံးကျည်ကို  နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၌ ထပ်မံထုတ်လုပ် မည်ဖြစ်သည်။ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်မှစ၍ လာမည့် ၂၀၃၀ ပြည့်နှစ်တိုင် အသံထက်မြန်သည့် ဒုံးကျည်များ  ထုတ်လုပ်နိုင်ရေး အတွက် ကုမ္ပဏီပေါင်း ၈၀ ခန့်ပါဝင်သည့် ပူးပေါင်းအဖွဲ့အား  အသုံးပြုရန်စီစဉ်ထားသည်။ ထို့ပြင် ဒုံးကျည် ထုတ်လုပ်မှုအား အချိန်မီ အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် လော့ဟိမာတင် ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။