မျိုးဆက်သစ်တို့ တိုးတက်ဖို့

 

မျိုးဆက်သစ်တို့ တိုးတက်ဖို့

 

      အနာဂတ်ကမ္ဘာကြီးကို  ပညာကသာလျှင်  လွှမ်းမိုးကြီးစိုးမည်ဖြစ်၍ လမ်းပျောက်နေသော လူငယ်များအား မိဘဆရာနှင့် ပတ်ဝန်းကျင်တို့က ပြုပြင်ပေးရန်လိုသည်။ ဖူးသစ်စ ပန်းကလေးများသည်  မိမိတို့၏အလှ၊ ရနံ့နှင့်  လောကအလှဆင်နိုင်မှု တန်ဖိုးကို     နားမလည်နိုင်သေးဘဲ ယောင်လည်လည်နှင့် ဖြစ်နေတတ်သည်။ ဖူးသစ်စပန်းကလေးများသည် နေကလည်း   ညှိုးစေနိုင်သည်။     လေကလည်း  လွင့်ခြွေနိုင်သည်။

မိုးကလည်းကြွေစေနိုင်သည်။ အရာရာကို စိုးရိမ်နေရသည့်အချိန်တွင် မိဘဆရာဆိုသည့် ဥယျာဉ်မှူးကောင်းများ လိုအပ်ပါသည်။ လူငယ်များအနေနှင့်  အင်တာနက်ကို အသုံးချနည်း၌    စိတ်ဝင်စားလာစေရန် ဆွဲဆောင်သင့်သကဲ့သို့ စာပေ၌   မွေ့လျော်တတ်ရန်လည်း စည်းရုံးသင့်ပါသည်။ စာပေသည် ဘဝ၏အဆင်တန်ဆာဖြစ်၍ စာပေ၌မွေ့လျော်ခြင်းဖြင့် ဘဝလမ်းမှန်နှင့်လမ်းမှားကို ခွဲခြားနိုင်မည်။ ပညာခေတ်တွင် စာပေသည် လူငယ်တို့အတွက် စိတ်အာဟာရတို့ ပြည့်ဖြိုးထက်မြက်စေသော အဖိုးတန်ရတနာဖြစ်သည်။

ထို့ကြောင့် အခြေခံပညာကျောင်းများသည် အရေးကြီးသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက် ပညာရေးကျောင်းများနှင့် အခြေခံပညာကျောင်းများ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီ နယ်မြေဇေယျာသီရိမြို့နယ်   အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ယနေ့ကျင်းပသည့် ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန၊ ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်/ပညာရေးကျောင်းများမ ှကျောင်းအုပ်ကြီးများ/ခေတ္တကျောင်းအုပ်ကြီးများ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးများမှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိများ တက်ရောက်ဆွေးနွေး  ခဲ့ကြသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲ၌  တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍  မေးခွန်းပုံစံ၊ ဖြေဆိုနည်းနှင့် အမှတ်ပေး စည်းမျဉ်းများအား ကျောင်းသား၊ ကျောင်းသူများ ကြိုတင်သိရှိနားလည် သဘောပေါက်စေရေး အတွက် ကျောင်းများတွင် ဘာသာရပ်ကျွမ်းကျင်ဆရာကြီး၊ ဆရာမကြီးများအား ဖိတ်ခေါ်၍  ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ ပညာရေးဝန်ကြီးဌာန၏ ပညာရေးဆိုင်ရာမူဝါဒနှင့်  လမ်းညွှန်ချက်များအား သိရှိနားလည်ပြီး မြေပြင်တွင်လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွင့်လှစ်ကျင်းပသော ဆွေးနွေးပွဲများနှင့်သင်တန်းများသို့ ကွပ်ကဲမှုအောက် တပ်/ကျောင်းများမှ  ပညာရေးနည်းပြအရာရှိ၊ စစ်သည်များ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာသင်ခန်းအတွင်း အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးပြီး အရည်အသွေးပြည့်မီစွာ တန်းစဉ်ကူးပြောင်း နိုင်ရေးအတွက် ပညာရည်စစ်ဆေး တိုင်းတာခြင်းနှင့် တတ်မြောက်မှုအကဲဖြတ်ခြင်း ဆောင်ရွက်နေမှု အခြေအနေ၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်များ  ပညာသင်ယူမှု အခွင့်အလမ်း ဆုံးရှုံးမှုမရှိစေရေး စီစဉ်ထားရှိသည့်  ကျောင်းပြင်ပပညာရေး   မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့၏ သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိသည့် အခြေအနေ၊  အခြေခံပညာကျောင်းများတွင် ကျောင်းဝန်ထမ်းများနှင့် ဆရာ၊ ဆရာမ အင်အား လိုအပ်ချက်များအား ဖြေရှင်းနိုင်ရန်အတွက်  သက်ဆိုင်ရာ နယ်မြေဒေသမှ ပညာရေး ဝန်ထမ်းအဖြစ် ဆောင်ရွက်လိုသူများအား ယာယီနေ့စားကျောင်း ဝန်ထမ်းနှင့် ဆရာ၊ ဆရာမများအဖြစ် အသက်၊ ပညာအရည်အချင်း ကန့်သတ်ချက်များ လျှော့ချ၍ အစားထိုးခန့်အပ်ခွင့်ရရှိရေး  ခွင့််ပြုပေးနိုင်မည့် အခြေအနေ၊ ပညာရေးဝန်ကြီးဌာန၏ သင်ကြားသင်ယူရေး ကဏ္ဍတွင်ခေတ်မီသင်ထောက်ကူ စနစ်များ ဖော်ထုတ် အသုံးချရေးအတွက် သင်ကြားရေးစနစ်တွင် အားဖြည့်နိုင်သည့် အချက်များနှင့် ဆရာ၊  ဆရာမများပါ သင်ကြားမှုစွမ်းရည် မြှင့်တင်နိုင်မည့်အခြေအနေ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၄ ခုနှစ်ကဲ့သို့ စနစ်ဟောင်း ဒသမတန်းကျ၊ နဝမတန်းအောင်မြင်သူများ အနေဖြင့်  ပြင်ပတွင်လေ့လာ သင်ယူပြီး ဖြေဆိုခွင့်ရှိပါက ကြိုတင်လေ့လာ သင်ယူနိုင်ရေးအတွက်  ဖြေဆိုခွင့်ရှိ၊ မရှိ အခြေအနေ၊ တွဲဖက်ဝင် ဘာသာရပ်များထဲမှ (စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ)တို့အား သတ်မှတ်ပေးထားသည့် အချိန်များအတိုင်း အလေးထားသင်ကြားပေးပြီး ပင်မဘာသာရပ်များကဲ့သို့ စာမေးပွဲစစ်ဆေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ အခြေအနေ၊ ဗလငါးတန်ပြည့်ဝ၍ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်သည့် စံပြကျောင်းများဖြစ်စေရေး မိဘ၊ ဆရာ၊ ကျောင်းသားများမှ ကဏ္ဍပေါင်းစုံ ပါဝင်လိုက်နာ လုပ်ဆောင်ရမည့်ကိစ္စရပ်များနှင့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အခြေခံပညာ ဦးစီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးနိုင်မှု အခြေအနေ စသည့်ခေါင်းစဉ်များကို ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အပြန်အလှန် အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ပညာရေးဟုဆိုရာတွင် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာ တက္ကသိုလ်များတွင် လေ့လာဆည်းပူးအပ်သော ပညာရပ်တစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ပညာနှင့်ပတ်သက်၍ ရှေးပညာရှိများက ပညာအပြား သုံးပါးရှိကြောင်း သတ်မှတ်ခဲ့သည်။ ထိုပညာအပြားသုံးပါးမှာ သုတမယပညာ- အမြင်အကြားကြောင့် တတ်သောပညာ၊ စိန္တာမယပညာ- ကြံစည်ဆင်ခြင်စဉ်းစား၍ တတ်သောပညာ၊ ဘာဝနာမယပညာ-ကျင့်ကြံပွားများအားထုတ်၍ သိသောပညာဟူ၍ဖြစ်သည်။ ထိုပညာရပ်များကို အနှစ်ချုပ်ဆိုရလျှင် ဘက်စုံသိတတ်မှုဆင်ခြင် ကျင့်ကြံတတ်မှုပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် ပါရှိသည့်လူမှုရေး ဦးတည်ချက်တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး”ဟူ၍ ဖော်ပြထားသည်။  ပညာနှင့်ပတ်သက်၍  အတွေးအခေါ်အယူအဆ လမ်းမှားမရောက်ရန်လည်း အရေးကြီးလှသည်။ အချို့က ဘွဲ့ဒီဂရီတွေများစွာ ရရှိထားသော်လည်း အတွေးအခေါ်လွဲမှားကာ လမ်းမှားသို့ ရောက်သွားသူများရှိသည်။ “သန့်ရှင်းတဲ့နား အကြားများသည်၊ ကြည်လင်တဲ့ မျက်စိအမြင်များသည်၊ စင်ကြယ်တဲ့စိတ် အသိများသည်”  ဆိုစကားရှိထားပေရာ  အမှန်ကိုကြား၊ အမှန်ကိုမြင်၊  အမှန်ကိုသိကြရန် အရေးကြီးလှသည်။

ခေတ်သစ်ပညာရေးသည် လွတ်လပ်ကျယ်ပြန့်သော၊ ပွင့်လင်းသော၊ ဆန်းပြားစုံလင်သော ပညာရေးဖြစ်သည်။ မိသားစုတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း၌ ပညာရေးသည် တိုးတက်မှု၏ အခြေခံ အကြောင်းတရားဖြစ်သည်။

ပညာရေးသည် လူတို့အားဆင်ခြင်တုံတရားနှင့်အညီ စဉ်းစားတတ်အောင် သင်ကြားပေးသည်။ ပညာရေးသည် လူသားဆန်မှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအပေါ် အခြေခံသည်။ ပညာရေး၌ ပါဝင်သည့် အရာများသည် ခေတ်သစ် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်အညီ ရှေ့သို့ရွေ့နေရပြီး ပညာရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ ရည်မှန်းချက်များ၊ စံတန်ဖိုးများနှင့် ဦးစားပေးမှုများကို ဖော်ပြနေသည့် ကြေးမုံပြင် တစ်ရပ်လည်းဖြစ်သည်။

လူငယ်မောင်မယ်တို့ဘဝတွင် ပထမအရေးကြီးသည်မှာ ဗဟုသုတရှိဖို့၊ ဒုတိယမှာ သတိရှိဖို့၊ တတိယမှာ အမှားအမှန်ခွဲခြားသိဖို့၊ စတုတ္ထမှာ ဝီရိယနှင့်အလုပ်လုပ်ဖို့ဖြစ်သည်။ ထိုလေးချက်အတွက် အခြေခံအကျဆုံးမှာ ပညာပင်ဖြစ်သည်။ မျက်မှောက်ကာလ ၂၁ ရာစုခေတ်သည် ပညာ ခေတ်ဖြစ်သည်။ ခေတ်ကာလအလျောက် ပညာသည်သာ အက္ခရာဖြစ်၍ ပညာနောက်သို့ သဲသဲမဲမဲလိုက်ကြပြီး ရှာမှီးလေ့လာသင်ယူနေကြ သည်ကို နိုင်ငံတကာ၌တွေ့ရှိရသည်။ ပညာ၏အရေးကြီးပုံကို  “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်၊ ပညာ အသက် ဘဝတစ်သက်”ဟူ၍ တင်စားထားသည်ကိုသိရှိရသည်။ လောကကြီးပွားရေး၊ လူတစ်ဦးချင်းကြီးပွားရေးမှာ ပညာသာအဓိကဖြစ်သည်။  မြန်မာနိုင်ငံတွင်  အတန်းပညာနှင့်ပတ်သက်၍ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်မှာ အခြေခံပညာ အလယ်တန်းအောက်၌သာ ရှိနေကြောင်း လေ့လာသိရှိရသည်။ ပညာရေး အားနည်းသည့်အခါ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှုမှာလည်း အားနည်းပြီး လူမှုစီးပွားဘဝများလည်း ခက်ခဲနိမ့်ကျမည်သာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူငယ်မောင်မယ်တို့ဘဝတွင်  ပညာရေးအခြေခံ နည်းပါးခြင်း၊   အတွေးအခေါ် လွဲမှားခြင်းမျိုး မဖြစ်ပေါ်စေရေးအတွက်  ပညာရေးကဏ္ဍကို အထူးအလေးထား လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။   လူနေမှုစနစ်မြှင့်တင်ရန် အတွက် စီးပွားရေးကောင်းရမည်။ စီးပွားရေး ကောင်းရန်အတွက် အတန်းပညာ၊ အတတ်ပညာများရှိနေရမည်။ ထို့ကြောင့် အတန်းပညာနှင့် ပတ်သက်လျှင် အနည်းဆုံး KG+9 အထိ သင်ယူတတ်မြောက်ကြရမည်။  ထိုမှတစ်ဆင့် စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်းများသို့ ဆက်လက်တက်နိုင်သည်။ ထိုသို့တက်နိုင်ရန်အတွက် မြို့နယ်အလိုက် ကျောင်းပေါင်း ၈၅ ကျောင်းဖွင့်လှစ် ဆောင်ရွက်ထားပြီးဖြစ်သည်။

ကမ္ဘာ့နိုင်ငံများကြားတွင်လည်း ပြိုင်ဆိုင်မှုများ၊ စိန်ခေါ်မှုများက ပို၍မြင့်မား လာသည်နှင့်အမျှ နိုင်ငံအသီးသီးသည် ပညာခေတ်နှင့် လိုက်လျောညီထွေ လိုက်ပါစီးမျောနိုင်ရေး အတွက် လူ့စွမ်းအား အရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာ့လူ့အဖွဲ့အစည်းသည်လည်း ပညာကိုဦးထိပ်ပန်ဆင် ရှေ့တန်းတင်လေ့ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၌ ရှေးအစဉ်အဆက်ကတည်းက ပညာရှာရမည့်ပထမအရွယ်ကို ငယ်စဉ်ကာလမှ အသက် ၂၅ နှစ်အထိ ပိုင်းခြား သတ်မှတ်ထားသည်။

ပထမအရွယ်သည်  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ပညာရေးဆိုင်ရာများကို  လေ့လာကြရမည့်   အချိန်ပိုင်းဖြစ်သည်ဟုဆိုသည်။ ပညာသင်ယူသည့်အခါတွင်လည်း အတိုကောက်အားဖြင့် “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” ဟူ၍မှတ်သားပြီး   ကြားနာခြင်း၊ ကြံစည်ခြင်း၊မေးမြန်းခြင်း၊ ပြောဆိုခြင်း၊ စူးစမ်းဆင်ခြင်ခြင်း၊ ရေးသားခြင်း၊ လေ့ကျင့်ခြင်း၊   နှုတ်ငုံဆောင်ခြင်းဟူသည့် ပညာပွားရာသော   အကြောင်းတရားရှစ်ပါးကို    ရှေးအစဉ်အဆက်ကတည်းက   လမ်းညွှန်မှုပြုခဲ့သည်။

လူငယ်မောင်မယ်တို့အနေဖြင့် မိမိတို့၏ပညာကိုအခြေခံ၍ ဆင်ခြင်တုံတရား၊ အမှား၊ အမှန်ကို ခွဲခြားနိုင်စွမ်းရှိသည့် ဉာဏ်ပညာပြည့်ဝနေရန် လိုအပ်လှပေသည်။ လက်ရှိကာလတွင် လူငယ်မောင်မယ်တို့ အတွက် အကြီးမားဆုံး အန္တရာယ်မှာ လွဲမှားသော အတွေးအမြင်များ သွတ်သွင်းခံရခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ နိုင်ငံတော်အတွက် အားထားရမည့်  တက်လူများဖြစ်သည်။  စာသင်ကျောင်းများသည် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝခရီးလမ်းတိုးတက် ဖြောင့်တန်းရေးအတွက်    သွန်သင်ဆုံးမနည်း လမ်းပြရာနေရာကောင်းများ ဖြစ်သည်။ ထို့ကြောင့်   ပညာရည်မြှင့်တင်ရေး   အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကာ “မျိုးဆက်သစ်တို့ တိုးတက်ဖို့” ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။