တို့အားများ အပေးအယူမျှတလို့ နို့စားနွားမွေးမြူသူ သမဝါယမဖွဲ့ကြစို့

 

တို့အားများ အပေးအယူမျှတလို့ နို့စားနွားမွေးမြူသူ သမဝါယမဖွဲ့ကြစို့

 

     ကျွန်တော်တို့  မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတော်တော်များများမှာ   နို့စားနွား မွေးမြူသူတွေရှိကြပါတယ်။   များသောအားဖြင့်  မိတ္ထီလာခရိုင်၊  ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တွေမှာ  မွေးမြူကြတာကို တွေ့ရပါတယ်။ အများစုက သမားရိုးကျနည်းဖြစ်တဲ့ လွှတ်ကျောင်းစနစ်နဲ့ပဲ မွေးမြူကြတာပေါ့။  ဒီတော့  အကျိုးအမြတ်ကလည်း ပုံမှန်လေးပဲရကြတယ်လေ။ ဒေသခံတွေပြောတဲ့ နို့စားနွားဆိုတာ အမှန်တော့ ရိုးရိုးဒေသနွားမျိုးထဲကမှ နို့ထွက်ကောင်းပြီး နို့ညှစ်လို့ရတဲ့    နွားမတွေပဲဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ နိုင်ငံခြားနွားမျိုးဖြစ်တဲ့ ဖရီရှန်မျိုးကို အနည်းစုတွေ့ရပါတယ်။ နို့စားနွားမွေးမြူရာမှာ လွှတ်ကျောင်း မွေးမြူသည့်စနစ်၊  ခြံလှောင်မွေးမြူသည့်စနစ်၊ လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲပြီး မွေးမြူသည့်စနစ်ဆိုပြီး စနစ်သုံးမျိုးရှိသည့်အနက် ဒေသခံနို့စားနွားမွေးမြူသူ အများစုက  လွှတ်ကျောင်းမွေးမြူသည့်စနစ်နဲ့သာ မွေးမြူကြတော့ နွားမတွေဆီက နွားနို့ကို စွမ်းအားကုန် မထုတ်လုပ်နိုင်ဘူးပေါ့။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ လွှတ်ကျောင်းစနစ်ဆိုတာ အစာရေစာပေါများတဲ့ စားကျက်ကောင်းကောင်းရှိပြီး အစာကိုဝအောင်စားရမှ အဆင်ပြေမှာလေ။ သူတို့ဒေသတွေမှာက အများအားဖြင့် စိုက်ပျိုးမြေဧရိယာတွေ များတော့ စားကျက်ကောင်းကောင်းက သိပ်မရှိဘူးဖြစ်နေတာပေါ့။ ရှိတဲ့စားကျက်မှာပဲ စုပြုံပြီး  လွှတ်ကျောင်းတော့ နွားတွေခမျာ  မဝရေစာနဲ့ဘဲ အချိန်တန်တော့ သခင့်အိမ်ပြန်ခဲ့ရ၊ အိမ်ရောက်တော့လည်း သခင်ကအစာဖိုး မတတ်နိုင်တော့ ဖြည့်စွက်စာမကျွေးနိုင်၊ အစာကို ဝအောင်မစားရမှတော့ သတ္တဝါတွေရဲ့ ဇီဝကမ္မသဘောအရ နို့ဖြစ်တည်မှုနည်းတော့တာပေါ့။ နွားမတွေ နို့ထွက်နည်းတော့ နို့စားနွားမွေးမြူသူတွေလည်း ဝင်ငွေနည်းပြီး အဆင်မပြေဖြစ်ကြတော့တာပေါ့။ ဒီကြားထဲ နို့ပွဲစားအချို့ရဲ့ လူလည်ကျတာကို ခံရသေးတယ်။

နို့စားနွားမွေးမြူသူနှင့် နို့ပွဲစားနို့ပွဲစားဆိုတာ   နို့နှင့်  နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့    လုပ်ငန်းရှင်တွေဆီကနေ ငွေအရင်းအနှီးယူ၊ နို့စားနွားမွေးမြူသူတွေထံကို နို့ဖိုးကြိုတင်ငွေ  တစ်ဆင့်ပြန်ပေး၊ ငွေကြိုပေးစဉ်က      နှစ်ဖက်သဘောတူ သတ်မှတ်ထားတဲ့ နွားနို့ပေါက်စျေး၊ နို့ညှစ်ယူရမယ့် ကာလအတိုင်း နွားနို့ကိုကိုယ်တိုင် ညှစ်ယူပြီး နို့ကောက်စခန်းတွေကို ပေးပို့ရောင်းချတာရှိသလို  နို့ချက်စက်ရုံတွေကို တိုက်ရိုက်    ပေးပို့ရောင်းချတဲ့သူတွေကို ပြောတာပါ။ နို့ပွဲစားအချို့ လူလည်ကျပုံကိုပြောပြရရင် နို့ဖိုးငွေကြိုတင် ထုတ်ပေးထားရတာဆိုပြီး နွားနို့စျေးနှုန်းကို ကာလပေါက်စျေး အတိုင်းမပေးဘူး။  နောက်တစ်ခုက ခြင်တွယ်တဲ့ခွက်ကို     နှစ်မျိုးထားတယ်။

သူတို့ထံမှ     နို့ဖိုးငွေကြိုတင်ယူထားတဲ့သူတွေဆီကနေ နွားနို့ညှစ်ယူတဲ့အခါ သူတို့ တစ်ပိဿာခွက်လို့ပြောတဲ့    ခြင်ခွက်က တစ်ပိဿာနဲ့ သုံးဆယ်ကျပ်သားလောက် ရှိတဲ့ခွက်နဲ့ ခြင်တွယ်ပြီး   ယူကြတယ်။

နို့ကောက်စခန်းတို့၊ နို့ချက်စက်ရုံတို့ကျတော့ တစ်ပိဿာအတိအကျဖြစ်တဲ့ ခြင်ခွက်နဲ့ ပြန်ရောင်းကြတယ်။ အဲ့ဒီမှာ တစ်ပိဿာအပေါ် သုံးဆယ်သားလောက်၊ ၁၀ ပိဿာအပေါ်ဆို သုံးပိဿာလောက်  နို့စားနွားမွေးမြူသူတွေ နစ်နာကြတယ်။ နို့ပွဲစားတွေကတော့ အမြတ်ထွက်ကြတာပေါ့။ ဒါတောင် ရေရောတာ မပါသေးဘူး။ စီးပွားရေးလုပ်တဲ့နေရာမှာ    ပုထုဇဉ်လူသားတွေဆိုတော့ လောဘနဲ့ဘယ်ကင်းပါ့မလဲ။    ပြောချင်တာက  နို့ပွဲစားအချို့ရဲ့  လုပ်ပုံကိုင်ပုံကို အပြစ်သဘော ပြောချင်တာမဟုတ်ပါဘူး။ နို့စားနွားမွေးမြူသူတွေရဲ့   နစ်နာနေမှုအပေါ် ဘယ်လိုပေါင်းစပ် ကူညီပေးရမလဲ ဆိုတဲ့အချက်ကို  အဓိကတင်ပြဆွေးနွေးပြောပြချင်တာပါ။

စုပေါင်းလုပ်ကိုင်ဆောင်ရွက်မှ  အကျိုးအမြတ်ခံစားရ

    နို့စားနွားမွေးမြူသူတွေအနေနဲ့ကလည်း ကိုယ့်အတွက်နစ်နာတယ်ဆိုတာ    သိပါလျက်နဲ့ အဆင်မပြေကြတော့လည်း နို့ပွဲစားတွေဆီက နို့ဖိုးကြိုတင်ငွေကိုယူကြရတော့ တာပေါ့။ နို့ပွဲစားတွေဆီက နို့ဖိုးကြိုတင်ငွေမယူလို့ အခြားသူတွေဆီက ငွေချေးမယ်ဆိုရင်လည်း ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလို     အတိုးကြီးကြီးပေးရတာနဲ့တင် နာလန်ထူနိုင်မှာ မဟုတ်ဘူးလေ။ ဒါ့ကြောင့်  နို့ပွဲစားတွေဆီက   မျက်စိစုံမှိတ်ပြီးယူကြရတာပေါ့။ အခုလိုအခြေအနေမျိုးကြုံတွေ့နေကြရတဲ့ နို့စားနွားမွေးမြူသူတွေ အဆင်ပြေဖို့ဆိုရင် ကျင့်သုံးရမယ့်  စနစ်တစ်ခုတော့ရှိတယ်။ အဲ့ဒီစနစ်က သမဝါယမစနစ်ပဲဖြစ်ပါတယ်။ သမဝါယမစနစ်ဆိုတာ       လူတွေရဲ့ အတ္တဟိတ(ကိုယ့်အကျိုးစီးပွား)၊ ပရဟိတ(အများအကျိုးစီးပွား) ဒွန်တွဲမှုအပေါ်မှာအခြေခံပြီး ကြံဆတီထွင်ထားသည့် စနစ်တစ်ခုပဲဖြစ်ပါတယ်။  အဲ့ဒီလို  အတ္တနဲ့  ပရ ဒွန်တွဲမှုအပေါ် အခြေခံထားတာနဲ့အညီ လူတွေရဲ့     စီးပွားရေးအခြေအနေကို တိုးတက်အောင်မြင်စေရန် အလို့ငှာ လူတန်းစားမခွဲခြားဘဲ သာတူညီမျှစွာ အချင်းချင်း ဆက်ဆံပေါင်းသင်းကာ ဆန္ဒအလျောက် အတူတကွ   ပူးပေါင်းဆောင်ရွက်ကြတဲ့ လုပ်ငန်းစနစ်ဖြစ်ပါတယ်။ တစ်နည်းပြောရရင်   သမဝါယမစနစ်ဆိုတာ  အတ္တကို ဗဟိုပြုခြင်းမျိုးမဟုတ်ဘဲ    လိုအပ်နေသူတွေနဲ့ ရှိနေတဲ့သူတွေကို   ဆက်စပ်ပေးတဲ့ စနစ်လို့လည်း  ဆိုနိုင်ပါတယ်။ သမဝါယမစနစ်နဲ့   ဆောင်ရွက်တဲ့လုပ်ငန်းတွေဟာ လူတစ်ဦးတစ်ယောက်ရဲ့   အကျိုးစီးပွားအတွက် ဆောင်ရွက်တာမဟုတ်ဘဲ အတ္တ၊ ပရ ညီညွတ်မျှတစွာ ပူးပေါင်းဆောင်ရွက်ပြီး တစ်ယောက်ရဲ့လုပ်အားဟာ  အများအတွက်   အကျိုးကျေးဇူးဖြစ်စေသလို  အများရဲ့လုပ်အားဟာလည်း      တစ်ဦးတစ်ယောက်ချင်းစီအတွက်      အကျိုးကျေးဇူးကို မျှဝေခံစားကြတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နို့စားနွားမွေးမြူသူတွေ၊ နို့ပွဲစားအားလုံးက  မိမိတို့ရဲ့စီးပွားရေးလုပ်ငန်း ခိုင်မာစွာရပ်တည်နိုင်ဖို့အတွက်  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းလက်တွဲကာ နို့စားနွားမွေးမြူရေး သမဝါယမအသင်း ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ကြမယ်ဆိုရင်   အားလုံးရဲ့အကျိုးစီးပွားတွေဟာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှာပဲ ဖြစ်ပါတယ်။      သမဝါယမအခြေခံ သဘောတရားအရ  အသင်းအမှုဆောင် အဖွဲ့ရဲ့ ဦးဆောင်စီမံခန့်ခွဲမှုနဲ့   အသင်းသားများရဲ့ လိုက်ပါဆောင်ရွက်မှုတို့ကြောင့် ရရှိလာတဲ့ အကျိုးအမြတ်ကို   အသင်းနဲ့ အသင်းသား အကျိုးမျှတစွာ ခွဲဝေခံစား၊ စံစားကြရမှာပဲဖြစ်ပါတယ်။

သမဝါယမစနစ်ကျင့်သုံးပြီး စီမံဆောင်ရွက်

      နို့စားနွားမွေးမြူရေးသမဝါယမအသင်း ဖွဲ့စည်းပြီးပြီဆိုတာနဲ့ နို့စားနွားမွေးမြူသူ အသင်းသားတွေလိုအပ်နေတဲ့  နွားစာဖိုးငွေကို သမဝါယမအသင်း အချင်းချင်းကဖြစ်စေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကဖြစ်စေ တစ်နည်းနည်းနဲ့ ရရှိအောင်ဆောင်ရွက်ပြီး  နို့ထွက်၊  နို့ညှစ်လို့ရတဲ့   နွားမတစ်ကောင်ကို  ငွေကျပ်ငါးသောင်းကနေ ငွေကျပ်တစ်သိန်းနှုန်းထိ အစာဖိုးအဖြစ် ပံ့ပိုး  ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။

အသင်းမှာ လုပ်ငန်းသဘာဝအရ လုပ်ငန်း ကျွမ်းကျင်တဲ့ နို့ပွဲစားတွေက အမှုဆောင်အဖွဲ့ထဲ ပါဝင်ကာ အသင်းကိုဦးဆောင်ပြီး မိမိတို့အသင်းမှ နို့စားနွားမွေးမြူသူ အသင်းသားတွေဆီက    နွားနို့တွေကို စုစည်းဝယ်ယူမယ်။ ပြီးရင် နီးစပ်ရာ နို့ချက်စက်ရုံမှာ စုပေါင်းရောင်းချမယ်။ နို့ပွဲစားတွေအနေနဲ့ အသင်းကိုဦးဆောင်ရတဲ့  အမှုဆောင်အဖွဲ့ဝင် တာဝန်ယူထားရပြီဆိုတော့ အရင်ကလို လူလည်မကျနဲ့တော့ပေါ့။  အခြင်အတွယ်မှန်မှန်၊ စျေးနှုန်းမှန်မှန်နဲ့  ကိုယ့်အသင်းသားတွေအပေါ် စေတနာမှန်မှန်နဲ့ဆောင်ရွက်ပေးကြပေါ့။  စေတနာမှန်ရင် အကျိုးပေးပါလိမ့်မယ်။  အဲ့ဒါမှ  စုပေါင်းမွေးမြူ၊ စုပေါင်းဝယ်ယူ၊   စုပေါင်းရောင်းချရာမှ ရရှိလာတဲ့ အကျိုးအမြတ်ကို စုပေါင်းမျှဝေခံစား၊ စံစားကြရမှာပေါ့။

သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ

    နို့စားနွားမွေးမြူရေး လုပ်ငန်းအောင်မြင်ပြီး စီးပွားဖြစ်ဖို့ဆိုရင် ငွေကြေးပံ့ပိုးထုတ်ချေးပေးမှုအပြင်      နွားတွေရဲ့ကျန်းမာရေး၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့် နည်းလမ်း၊ အာဟာရမျှတတဲ့ အစားအစာ   အစရှိတဲ့ နို့စားနွားမွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ အချက်အလက်များကို နို့စားနွားမွေးမြူသူ သမဝါယမအသင်းသားတွေ သိရှိအောင် ပညာပေးနည်းလမ်း ပြသတာတွေ ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှလည်း နွားတွေရဲ့ကျန်းမာရေး အခြေအနေကို အမြဲတမ်းစောင့်ကြည့်ပြီး ရာသီအလိုက်     နွားတွေမှာ ဖြစ်ပွားတတ်တဲ့ ထောင့်သန်းရောဂါ၊    ပေါင်ပုပ်လက်ပုပ် ရောဂါ၊  ခွာနာလျှာနာရောဂါ   အစရှိတဲ့ရောဂါတွေ မဖြစ်ပွား၊ မကူးစက်ရအောင် အချိန်နဲ့တစ်ပြေးညီ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နွားတွေကို ထိန်းသိမ်း စောင့်ရှောက်ရာမှာ နွားခြံကိုရေမဝပ်တဲ့နေရာ၊ ကုန်းမြင့်တဲ့နေရာ၊ လူနေအိမ်နဲ့ သီးခြားဖြစ်တဲ့နေရာတွေမှာ ရွေးချယ်ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ နွားတစ်ကောင်အတွက် နေရာဟာ အလျား ၇ ပေ၊ အနံ ၄ ပေ၊ အမြင့် ၈ ပေကျယ်ဝန်းရန် လိုအပ်ကြောင်း၊  နွားတွေကို အစာကျွေးရာမှာ    အာဟာရမျှတစေဖို့ တစ်နေ့ကို နို့ လေးပိဿာချပေးတဲ့ နွားမတစ်ကောင်အတွက် အစာသုံးပိဿာနှုန်း ကျွေးရမှာဖြစ်ကြောင်း၊ ကျွေးတဲ့အစာမှာ နှမ်းဖတ် ၂၅ ရာခိုင်နှုန်း၊ ဖွဲနု ၂၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၂၃ ရာခိုင်နှုန်း၊   ပဲခွံ ၁၇ ရာခိုင်နှုန်းနဲ့ ပဲမှုန့်ကြမ်း ၁၀ ရာခိုင်နှုန်းပါဝင်ရန်လိုကြောင်း၊   သောက်ရေအလုံအလောက်တိုက်ရန်နှင့်  အစာကြမ်းကို တစ်နေ့လျှင် ၁၀ ပိဿာမှ ၁၂ ပိဿာလောက် ကျွေးရန်လိုအပ်ကြောင်း  ပညာပေးနည်းလမ်း ပြသမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း သိရှိရပါတယ်။

လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိ

    ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ   နို့နှင့်နို့ထွက်ပစ္စည်းများ ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်ရန်၊ ပြည်တွင်းစားသုံးမှု ဖူလုံပေါများစေရန်နှင့် နို့စားနွားမွေးမြူသူများ၏ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နို့နှင့် နို့ထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း မိတ္ထီလာဇုန်၊ ကျောက်ဆည်ဇုန်နှင့်  မန္တလေးဇုန်ဆိုပြီး  ဇုန်သုံးဇုန် တည်ထောင်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊  ကျောက်ဆည်ဇုန်တွင် မြဘုရင်နို့ချက်စက်ရုံနှင့်  ထွန်းနို့ချက်စက်ရုံတို့ရှိပြီးဖြစ်ကြောင်း၊ မန္တလေးဇုန်တွင်လည်း   မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် မန္တလေးနို့ချက် စက်ရုံရှိပြီးဖြစ်ကြောင်း၊ မိတ္ထီလာဇုန်တွင် နို့ချက်စက်ရုံ မရှိသေးသည့်အတွက် နို့ချက်စက်ရုံ တည်ဆောက်နိုင်ရေး လိုအပ်သည့် တွက်ချက်မှုများဖြင့် တင်ပြရန်  နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားကြောင်း၊ အဆိုပါ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးဇုန်သုံးဇုန်အတွက်     လိုအပ်သည့်နွားနို့ကုန်ကြမ်းများ ပေးသွင်းနိုင်ရေးအတွက် နို့စားနွားမွေးမြူရေး သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အမရပူရမြို့နယ်တွင် ခုနစ်သင်း၊ ပြင်ဦးလွင်မြို့နယ်တွင် တစ်သင်း၊    ကျောက်ဆည်မြို့နယ်တွင် ၁၀ သင်း၊    စဉ့်ကိုင်မြို့နယ်တွင် လေးသင်း၊ မြစ်သားမြို့နယ်တွင် တစ်သင်း၊တံတားဦးမြို့နယ်တွင် ရှစ်သင်း၊ မိတ္ထီလာမြို့နယ်တွင် ငါးသင်း စုစုပေါင်း နို့စားနွား မွေးမြူရေးသမဝါယမအသင်း ၃၆ သင်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အဆိုပါအသင်း ၃၆ သင်းတွင် နို့စားနွားမကောင်ရေ ၂၅၉၇ ကောင်ရှိကြောင်း၊  ထွက်ရှိသည့်   နွားနို့များကို ၎င်းတို့နှင့်နီးစပ်ရာ  နို့ချက်စက်ရုံများသို့ ဒေသပေါက်စျေးအတိုင်း ပေးသွင်းရောင်းချနိုင်အောင်  စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊  ဆက်လက်၍   ဇုန်သုံးဇုန်အတွင်း နို့စားနွားမွေးမြူရေး သမဝါယမအသင်းများ   ထပ်မံတိုးချဲ့ဖွဲ့စည်းကာ တစ်မြို့နယ်ကို   နို့စားနွားမအကောင် တစ်ထောင်နှုန်း မွေးမြူနိုင်အောင်  စီမံလျာထားဆောင်ရွက်လျက်ရှိပြီး    နို့နှင့်နို့ထွက်ပစ္စည်းများ  ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။

အချုပ်အားဖြင့် ဆွေးနွေးတင်ပြရရင် စည်းလုံးခြင်းသည် အင်အား၊ ညီညွတ်ခြင်းသည် ခွန်အားဆိုတဲ့စကားအတိုင်း နို့စားနွားမွေးမြူသူတွေ တစ်ဦးတစ်ယောက်တည်းရဲ့အားနဲ့  ရပ်တည်ဖို့ မစွမ်းသာဘူးဆိုရင် စုပေါင်းအားနဲ့ စွမ်းဆောင်နိုင်ဖို့ ဘဝတူ၊ လုပ်ငန်းတူ နို့စားနွားမွေးမြူသူ အားလုံးက စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူနဲ့   သမဝါယမအသင်းဖွဲ့စည်းပြီး       စုပေါင်းအားကို တည်ဆောက်ကြရမှာဖြစ်ပါတယ်။ ထို့အတူ နို့ပွဲစားတွေအနေနဲ့ကလည်း    နို့စားနွား မွေးမြူသူတွေအပေါ် စီးပွားရေးအရ မှီခိုရပ်တည်ပြီး လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်လို့  နို့စားနွားမွေးမြူရေး သမဝါယမအသင်းမှာ မိမိတို့ရဲ့လုပ်အား၊ နည်းပညာနဲ့ ငွေကြေးအရင်းအနှီးတွေ   အားဖြည့်ပူးပေါင်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး    ရေရှည်တည်တံ့အောင် တည်ဆောက်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် နို့စားနွားမွေးမြူသူများအတွက် စနစ်ကျပြီး အကျိုးအမြတ်     ပိုမိုရရှိစေရန် အလို့ငှာ နွားစာဖိုး၊ မွေးမြူဖို့ နွားမတမ်းဝယ်ယူရန်၊ နွားခြံ၊ နွားတင်းကုပ်များ ဆောက်လုပ်နိုင်ရန်  ပံ့ပိုးချေးငွေထုတ်ချေးပေးမယ့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သမဝါယမဦးစီးဌာနရဲ့အား၊ နွားတွေရဲ့ ကျန်းမာရေး၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့်  နည်းလမ်း၊  အာဟာရမျှတတဲ့ အစားအစာ အစရှိတဲ့   နို့စားနွားမွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်တဲ့  အချက်အလက်များကို သိရှိအောင်  ပညာပေးနည်းလမ်းပြသ ဆောင်ရွက်မယ့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ အားတွေကိုပါ အပေးအယူမျှတစွာ ပူးပေါင်းလိုက်မယ်ဆိုရင် နို့စားနွား မွေးမြူသူတွေရဲ့ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်စေကာ ပြည်တွင်းစားသုံးမှု ဖူလုံပေါများစေပြီး နို့နှင့်နို့ထွက်ပစ္စည်းများ ပြည်ပမှတင်သွင်းရမှုကို   လျှော့ချသွားနိုင်မှာဖြစ်ပါတယ်။ အလားတူ    ယနေ့နိုင်ငံတော်က ချမှတ်ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့   တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး တို့အတွက်  တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်   အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးဆိုတဲ့ စီးပွားရေး ဦးတည်ချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက် “တို့အားများ အပေးအယူမျှတလို့  နို့စားနွားမွေးမြူသူ သမဝါယမ ဖွဲ့ကြစို့”လို့ နို့စားနွားမွေးမြူရေး သမဝါယမအသင်းများအား ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါတယ်။  ။