ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေများနဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေများ ကို ပြောပါမယ်။

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးမြို့အနီး တဝိုက်ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ အလားတူပဲ TNLA အကြမ်းဖက်အဖွဲ့ဟာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့တွေကို တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။ ဒီလိုတိုက်ခိုက်ခဲ့ရာမှာ စစ်ဘက် ဆိုင်ရာနေရာများထက် သာမန်ပြည်သူတွေနေတဲ့နေရာတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်တွေ ဆုံးရှုံး ခဲ့ရပါတယ်။ ဘာသာရေးအဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ ပြည်သူပိုင်ဆေးရုံဆေးခန်း၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ လားရှိုးမြို့တစ်ခုတည်းမှာပဲ ကျွန်တော်တို့ စာရင်းကောက်လို့ရသမျှ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၃၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးရှိခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများဟာ မိမိတို့အနှစ်နှစ်အလလ၊ သားစဉ်မြေးဆက် ရှာဖွေစုဆောင်းတည်ဆောက်ခဲ့ရတဲ့ အိမ်တွေ၊ ဆိုင်တွေ၊ လုပ်ငန်းတွေ၊ ပိုင်ဆိုင် မှုတွေကို စွန့်ခွာထွက်ပြေးရပြီး တိုက်ပွဲရှောင်ခဲ့ရပါတယ်။ ယခု လက်ရှိအခြေအနေမှာ MNDAA, TNLA,  AA အကြမ်းဖက်သောင်းကျန်းသူများနဲ့ သူတို့နဲ့ပူးပေါင်းနေတဲ့ PDF အကြမ်းဖက်များရဲ့ မြို့ရွာများကိုပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အဲဒီဒေသတွေကနေ နေရပ်စွန့်ခွာ ထွက်ပြေးပြီး  ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့နဲ့ မန္တလေးမြို့အပါအဝင် အခြားမြို့ရွာတွေကို ရောက်ရှိခိုလှုံနေရသူ တိုင်းရင်းသားပြည်သူဦးရေ အမြောက်အမြားရှိနေပါတယ်။ သူတို့ကို နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ Volunteer လူမှုကူညီရေးအသင်းများ၊ ပုဂ္ဂလိကစေတနာရှင် ပြည်သူများက ကူညီထောက်ပံ့ပေးနေတာကိုလည်း တွေ့ရပါတယ်။ သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာလာရတဲ့ ပြည်သူများကို သွားလာရာလမ်းတစ်လျှောက်မှာ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးခဲ့တဲ့ စေတနာရှင်တိုင်းရင်းသားပြည်သူများရဲ့ ကူညီ လိုစိတ်၊ ဝိုင်းဝန်းလိုစိတ်နဲ့ မြန်မာဆိုတဲ့စိတ်ထားကို အထူးဂုဏ်ယူပါကြောင်း ပြောကြားလိုပါ တယ်။ ဒီလိုပြည်ထောင်စုစိတ်၊ မြန်မာစိတ်ရှိတဲ့ ပြည်သူလူထုက လူသားချင်းစာနာစိတ်နဲ့ ဆောင် ရွက်နေချိန်မှာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေတဲ့ ဓားပြဆန်ဆန်အဖွဲ့အစည်း ဖြစ်တဲ့ သောင်းကျန်းသူအဖွဲ့တွေကို အားပေး၊ အားမြှောက်လုပ်နေတဲ့ ပြည်ပကို ထွက်ပြေး တိမ်းရှောင်ပြီး ပြည်ပအားကိုပုဆိန်ရိုးလုပ်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေကိုလည်း စိတ်ပျက်ဖွယ်တွေ့ရပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုရဲ့ သေကြေပျက်စီးမှု၊ အိုးအိမ်နေရာဖျက်ဆီးဆုံးရှုံးခံရမှု၊ ပြည်သူပိုင်လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကိုးကွယ် ရာနေရာတွေဖြစ်တဲ့ ဘုရား၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးရမှုတွေကို ဝမ်းသာအားရဖြစ်နေတဲ့ သူတွေဟာ သူတို့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ပြည်သူလူထုအပေါ်မှာ ဘယ်လောက်ထိ ကောက်ကျစ်စဉ်းလဲတဲ့စိတ်၊ ဖျက်လိုဖျက် ဆီးစိတ်ရှိတယ်ဆိုတာကို အထင်းသားပေါ်လွင်ပြသနေတာ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းပြီး ထိထိရောက်ရောက် ပြတ်သားစွာဆန့်ကျင်ကြရပါမယ်။

မနေ့က MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဆိုပြီး ကြေညာခဲ့တာ တွေ့ရပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အဲဒီသတင်းနဲ့ ပတ်သက်ပြီး ဒီသတင်းဟာ မဟုတ်မှန်ကြောင်းနဲ့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်မှုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ကြေညာချက်ထွက်ပြီး အချိန် အနည်းငယ်အတွင်းမှာပဲ BPLA ဆိုတဲ့ ဗမာသစ္စာဖောက်လောက်ကောင်အဖွဲ့ကလည်း သံယောင် လိုက်ပေးတာတွေ၊ ခေါင်းဆောင်လုပ်တဲ့သူကလည်း မီဒီယာများကို ပြောကြားပေးတာတွေ၊ ထုံးစံ အတိုင်းပဲ ပြည်ဖျက်မီဒီယာတွေ၊ ပြည်ပအားကိုးပုဆိန်ရိုးတွေက အုတ်အော်သောင်းနင်း ဝါဒဖြန့် တာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ပိုပြီးထူးခြားတာက တရုတ်ဘာသာစကားနဲ့ TikTok, Wechat စာမျက်နှာတွေမှာ ဝါဒဖြန့်မှုတွေကို အရေအတွက်များစွာ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရ ပါတယ်။ ဒီအဖျက်သမားတွေ ဘာကိုရည်ရွယ်တာလဲ၊ ဒီမဟုတ်မမှန်သတင်းကို အရှိန်အဟုန်နဲ့ ဘာလို့ဖြန့်သလဲဆိုတာ ကျွန်တော်တို့ ပြည်သူလူထု၊ လုံခြုံရေးအဖွဲ့အစည်းများ အားလုံးသိဖို့ လိုအပ်ပါတယ်။

MNDAA, TNLA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေဟာ ဒီဇူလိုင်လအတွင်းမှာ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတဝိုက်တိုက်ပွဲတွေမှာ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး၊ ထွက်ပြေး သူတွေ တော်တော်များခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ၊ သူတို့ မတရား သိမ်းပိုက်ခဲ့တဲ့ရွာတွေက ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုကို မတရားဖမ်းဆီးပြီး တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ သေကြေပျက်စီးမှု ထပ်မံရှိခဲ့ပါ တယ်။ ဒါကြောင့် သူတို့ရဲ့အခြေအနေမှန်ကိုဖုံးကွယ်ဖို့၊ သူတို့ရဲ့စိတ်ဓာတ်ရေးရာထိခိုက်နေမှုကို ဖုံးကွယ်ဖို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်မံအသိပေးလိုတာကတော့ ဒီ MNDAA, TNLA နဲ့ အခြားအကြမ်းဖက်ဓားပြအဖွဲ့မှာ မတရားစုဆောင်းခံထားရတဲ့ ပြည်သူလူထုအနေနဲ့ ဘေးကင်းရာကို ထွက်ပြေးလာရောက်နိုင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်နဲ့လုံခြုံရေးအဖွဲ့ အစည်းများက သူတို့ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို ခိုင်ခိုင်မာမာအာမခံပါတယ်။

လားရှိုးနဲ့ဆက်စပ်ဒေသတွေကို အကြမ်းဖက်တွေတိုက်ခိုက်တဲ့အခါ ဒေသခံပြည်သူလူထု အပါအဝင် မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေ၊ တရုတ်နိုင်ငံသားတွေကအစ ၎င်းတို့ရဲ့ ဓားပြ ဆန်ဆန်လုပ်ရပ်ကို ဝိုင်းဝန်းကန့်ကွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုထိတ်လန့်ကြောက် ရွံ့အောင် ပြည်သူတွေနေတဲ့ရပ်ကွက်တွေ၊ အိမ်တွေပေါ် တည့်တည့် ရှော့တိုက်ဒုံး၊ လက်နက်ကြီး တွေနဲ့ပစ်ခတ်ပြီး ပြည်သူတွေထွက်ပြေးအောင် ခြောက်လှန့်လုပ်ဆောင်ခဲ့ပါတယ်။ အရပ်သားဟန်ဆောင်ပြီး ပြည်သူတွေရဲ့နေရာတွေကို ဝင်ရောက်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ဝိုင်းဝန်းဆန့်ကျင်မှု၊ ကျွန်တော်တို့တိုင်းရင်းသား ပြည်သူလူထုရဲ့စည်းရုံးမှု၊ ထင်မြင်ချက်တွေကို ဖြိုခွဲဖို့ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် သူတို့နောက်ကွယ်ကထောက်ပံ့နေတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေဆီ ကနေ သူတို့အသက်ဆက်နိုင်ဖို့ လိုအပ်ချက်တွေ ပိုမိုရရှိနိုင်ဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း လားရှိုးမြို့အချို့နေရာတွေမှာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူ၊ ပြီးမှ ယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ လားရှိုးမြို့ပေါ်အချို့နေရာ တွေမှာ မော်တော်ယာဉ်နဲ့လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ဝါဒဖြန့်တာတွေ ဆောင်ရွက်နေတာတွေကိုတွေ့ရမှာဖြစ်တယ်။

ဒါတွေကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု၊ ဒီဒေသမှာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်နဲ့ နိုင်ငံတော်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားလုံးက သိရှိဖို့လိုအပ်ပါတယ်။

MNDAA, TNLA အကြမ်းဖက်ဓားပြအဖွဲ့တွေဟာ အကြောင်းအမျိုးမျိုးပြပြီး ဒေသခံ တိုင်းရင်းသားပြည်သူလူထုရဲ့ပိုင်ဆိုင်မှုတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သူတို့မတရားကျူးကျော်ထားတဲ့နယ်မြေတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံတာတွေ၊ မတရား သိမ်းပိုက်တာတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်း အသေခံခိုင်းတာတွေ လုပ်ဆောင် လျက်ရှိပါတယ်။ သူတို့အချင်းချင်းတောင် နယ်မြေလုနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့ မတရားကျူးကျော်ထားတဲ့ ဘယ်နယ်မြေတွေမှာ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်နေသလဲ၊ လုံခြုံနေသလဲဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။ တိုင်းရင်းသားပြည်သူ လူထုအပေါ် လက်နက်အားကိုးနဲ့ အနိုင်ယူနေတဲ့ ဓားပြအဖွဲ့အစည်းတွေသာဖြစ်ပါတယ်။

ကျွန်တော်တို့တပ်မတော်ဟာ မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ တပ်မတော် ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူလူထုနဲ့အတူ လက်တွဲပြီး အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ရယူခဲ့ရပါတယ်။ လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ သောင်းကျန်းသူအဖွဲ့ မျိုးစုံ သူပုန်ထမှုကြောင့် ရန်ကုန်အစိုးရလို့အခေါ်ခံရတဲ့ကာလမျိုးမှာ တာဝန်သိတိုင်းရင်းသား ပြည်သူလူထုနဲ့ပူးပေါင်းပြီး နိုင်ငံ့လွတ်လပ်ရေးနဲ့ မြန်မာပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ခဲ့ရပါတယ်။ တပ်မတော်မှာ စစ်တိုင်းဒေသကြီး ၁၄ ခု ရှိတဲ့အနက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ဟာ အစဉ်အလာကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်ပါတယ်။ ပြည်ပ ကူမင် တန်ကျူးကျော်စစ်ကို ရိုက်ချိုးခဲ့ပါတယ်။ ဗကပတွေရဲ့ ကျူးကျော်စစ်တွေကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားပြည်သူလူထုကို ဓားပြသာသာ စစ်ဘုရင်၊ ဘိန်းဘုရင်တွေ ရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ စစ်တိုင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီနေ့ဒီအချိန်အခါမှာ အခြေအနေ၊ အချိန်အခါတွေအရ ဓားပြသာသာစစ်ဘုရင်ဝါဒဟာ ဖုံးကွယ်မှုအမျိုးမျိုး၊ ဝါဒဖြန့်မှုအမျိုးမျိုး၊ လူမျိုးရေးမှိုင်းအမျိုးမျိုးနဲ့ ခေါင်းထောင်ထလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပြည်သူလူထုအပေါ်မှာ အဖျက်စိတ်ဓာတ်ရှိတဲ့၊ သစ္စာမဲ့တဲ့ လောက်ကောင်များနဲ့ အဖွဲ့အစည်းများရဲ့ ယုတ်မာသောပူးပေါင်းကြံစည်မှု၊ ဓားပြသာသာ စစ်ဘုရင်ဝါဒကိုပံ့ပိုးနေမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အဆုံးသတ်ခါနီး၊ ငြိမ်းခါနီးမီးလိုဖြစ်နေပါပြီ။ ငြိမ်းခါနီးမီးထတောက်အောင် မဟုတ်မမှန်ဝါဒဖြန့် ဆောင်ရွက်နေ တာ၊ ပြည်သူလူထုအပေါ်မှာဖိနှိပ်ပြီး စစ်သားစုဆောင်းတိုက်ပွဲဝင်ခိုင်းနေတာတွေ တွေ့ရမှာဖြစ် ပါတယ်။ ဒါတွေကို ကျွန်တော်တို့ သတိရှိဖို့လိုအပ်ပါတယ်။ အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ မြို့ရွာတွေထဲကို အရပ်သားအယောင်ဆောင်ပြီး စိမ့်ဝင်လာတဲ့ အကြမ်းဖက်တွေ၊ လောက်ကောင်တွေကို တိုင်းရင်းသားပြည်သူလူထု၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်တွဲညီညီသုတ်သင်ရှင်းလင်းရမှာဖြစ်ပါတယ်။ နိုင်ငံ တဝန်း စွန့်စွန့်စားစားတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တိုင်းရင်းသားပြည်သူထုများကို နိုင်ငံ တော်နဲ့ ပြည်သူလူထုက အလေးထား၊ တန်ဖိုးထားဂုဏ်ယူလျက်ရှိကြောင်း ဂုဏ်ယူစွာပြောကြား လိုပါတယ်။ တိုင်းရင်းသားပြည်သူလူထုကိုကာကွယ်သော ကာကွယ်စစ်သည် မုချအောင်မြင် ရမှာြဖစ်ပါတယ်။

မြန်မာနိုင်ငံရှိနေသရွေ့ တပ်မတော်ရှိပါမယ်။ တပ်မတော်ရှိနေသရွေ့ မြန်မာနိုင်ငံ တည်တံ့ ခိုင်မြဲရပါမယ်။ ပြည်သူလူထုရဲ့ပိုင်ဆိုင်မှု၊ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝလုံခြုံစေ ရပါမယ်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပြီး လက်တွဲညီညီဆောင်ရွက် ရင်း  “ အမိမြေသာယာစေဖို့ ငါတို့မြေကို ငါတို့ကာကွယ်ကြပါစို့ ” ခင်ဗျား။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Dates: 
Friday, July 26, 2024 - 18:11