ပညာရေးကဏ္ဍ ပိုမိုမြင့်မားတိုးတက်ရေး
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၇ ရက်)
နိုင်ငံတော်တွင် လူငယ်မောင်မယ်တိုင်း နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာရန် လိုအပ်လှသည်။ ထိုသားကောင်း၊ သမီးကောင်းများ ပေါများမှသာ ခေါင်းဆောင်ကောင်းများ ဖြစ်လာပေလိမ့်မည်။ လူငယ်မောင်မယ်တိုင်း မိမိကိုယ်ကို ထိန်းသိမ်းစောင့်စည်း တတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ ရိုသေကျိုးနွံခြင်း စသည့် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး စောင့်စည်းထိန်းသိမ်းနိုင်သော အရည်အချင်းများလည်း ရှိရမည်ဖြစ်ပေသည်။ နိုင်ငံ့သားကောင်းဆိုသည်မှာ နိုင်ငံတော်ကို တန်ဖိုးထား လေးစားခြင်း၊ အများ၏အကျိုးအတွက် စိတ်ရောကိုယ်ပါ ဆောင်ရွက်ခြင်း၊ တရားဥပဒေအရ လိုက်နာဆောင်ရွက်ခြင်း၊ အသိဉဏ်နှင့်ယှဉ်၍ ရိုးသားဖြောင့်မတ်စွာနေထိုင်ခြင်း စသည့်ပြည်သူ့တာဝန်များကို သိရှိနားလည်ပြီး လိုက်နာကြရမည့်အပြင် နိုင်ငံတော်၏ ကောင်းကျိုးစီးပွား ပျက်ပြားစေမည့် ပြည်တွင်းရန်၊ ပြည်ပရန်ဟူသမျှကို ကာကွယ်တွန်းလှန်တိုက်ဖျက်ရမည် ဟူသောသဘောထား၊ နိုင်ငံတော် ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိစွမ်းဆောင်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရမည်ဟူသော ယုံကြည်ချက်၊ ခံယူချက်ရှိရမည်ဖြစ်သည်။
လူငယ်မောင်မယ်တို့ ပညာရည်ပြည့်ဝ၍ အတွေးအခေါ်မှန်ကန်ကာ နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး သင်ကြားပေးရာ ဌာနသည် အခြေခံပညာကျောင်းများဖြစ်သည်။ အခြေခံပညာရေးကျောင်းများသည် အလွန်အရေးကြီးသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက် ပညာရေးကျောင်းများ၏ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခြေခံပညာကျောင်းများသည် လူ့အသိုက်အဝန်းတစ်ရပ်၏ အဓိက အရင်းအမြစ်ဖြစ်သော အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအား စသည့်ကဏ္ဍကြီး(၃)ရပ်ကို ထုဆစ်ပုံဖော် ပေးနေသည့် ဌာနများဖြစ်သည်။ စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ တာဝန်သိတတ်ခြင်း၊ တိုင်းချစ်၊ ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ပြည့်ဝခြင်း စသည့်အချက်များသည် မိမိတို့နိုင်ငံ အနာဂတ်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် တိုက်ရိုက်သက်ရောက်စေသည့် အခြေခံကောင်းများဖြစ်သည်။ ပညာရည်မြင့်မားရေးနှင့် ၎င်းအချက်များ ပြည့်စုံစေရေး ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် အချက်အလက်များကို ဝိုင်းဝန်းဖော်ထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်တစ်ရပ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော အရာများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှ ပါဝင်ပါသည်။ မည်သည့်အရာကိုမဆို မှန်ကန်စွာ ဝေဖန်ပိုင်းခြားပြီး မိမိအတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက် ကောင်းကျိုးပြုသည့် ကိစ္စရပ်များကို လုပ်ဆောင်နိုင်ဖို့လိုအပ်သည်။ အသိပညာ၊ အတတ် ပညာနှင့်ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိပါက သူတစ်ပါး၏ သွေးဆောင်ဖြားယောင်းမှု အောက်တွင် နစ်မွန်းကာ အညွန့်ကျိုးသွားတတ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အရေးကြီးသော စိတ်ဓာတ်မှာ ပညာရေးကို စိတ်ဝင်စားကာ ပညာတတ်မှလူရာဝင်မည် ဟူသော အသိရှိထားကြရန် အရေးကြီးလှသည်။
လူငယ်မောင်မယ်တို့အနေဖြင့် မိမိတို့၏ ပညာကိုအခြေခံ၍ ဆင်ခြင်တုံတရား၊ အမှားအမှန်ကိုခွဲခြား နိုင်စွမ်းရှိသည့် ဉာဏ်ပညာပြည့်ဝနေရန် လိုအပ်လှပေသည်။ လက်ရှိကာလတွင် နိုင်ငံအတွက် အကြီးမားဆုံး အန္တရာယ်မှာ နိုင်ငံပျက်စီးရေးကို ဦးတည်သည့် လွဲမှားသော အတွေးအမြင်များ သွတ်သွင်းခံရခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ နိုင်ငံတော်အတွက် အားထားရမည့် တက်လူများဖြစ်သည်။ စာသင် ကျောင်းများသည် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝခရီးလမ်း တိုးတက်ဖြောင့်တန်းရေး အတွက် သွန်သင်ဆုံးမ နည်းလမ်းပြရာ နေရာကောင်းများဖြစ်သည်။ ထို့ကြောင့် ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပကာ ပညာရေးလမ်း ပိုမိုကောင်းမွန်ရေးကို ဆောင်ရွက်နေခြင်းမှာ နိုင်ငံတော်နှင့် လူငယ်မောင်မယ်တို့၏ ကောင်းကျိုးကိုရှေးရှု ဆောင်ရွက်ခြင်းပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်နှင့် အခြေခံပညာအလယ်တန်း အဆင့် KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ ပြင်ပဗဟုသုတ ရရှိစေရေးအတွက်လည်း ကျောင်းတိုင်းတွင် ကျောင်းစာကြည့်တိုက်များကို စနစ်တကျထားရှိပြီးဖြစ်သည်။ သုတရသစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတများ တိုးပွားစေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းမှာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမြင့်မားရေး အတွက် များစွာအကျိုးရှိသော ဆောင်ရွက်ချက်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။