ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်က သွန်းလောင်းသော   Stage 2B-2  လုပ်ကွက်တွင် မိုးရွာ၍ Cold Joint  တစ်ကြိမ်၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က သွန်းလောင်းသော  Stage  5B-1 လုပ်ကွက်တွင် မိုးရွာ၍တစ်ကြိမ်၊  ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်က သွန်းလောင်းသော Stage 9C-1 လုပ်ကွက်တွင် မိုးရွာ၍ တစ်ကြိမ် Cold Joint ဖြစ်ပေါ်ခဲ့သည်။ သုံးကြိမ်စလုံးမှာ ဇူလိုင်လအတွင်းသာဖြစ်ပြီး မိုးဆက်တိုက်ရွာလာ၍ ရပ်နားရာမှ Cold Jointဖြစ်ပေါ်လာခြင်းဖြစ်သည်။

Cold Joint များဖြစ်ပေါ်ပါက အနည်းဆုံး ခုနစ်ရက်ကျော် အလုပ်ရပ်၍ လုပ်ငန်းခွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ Joint  ဖော်ခြင်းများ ပြုလုပ်ရသည်။

CVC ကွန်ကရစ်လုပ်ငန်းများတွင် တစ်ရက်မိုးမရွာလျှင် တစ်ရက်စာ ကွန်ကရစ်သွန်းလောင်းနိုင်သည်။ နှစ်ရက်၊ သုံးရက် စသည်ဖြင့် မိုးလေဝသကောင်းလျှင် ကောင်းသလောက် တစ်ရက်ချင်းစီ ကွန်ကရစ်အပိုင်းခွဲ၍ ပြီးနိုင်သလောက် လောင်းနိုင်သည်။ RCC  တွင် ဤသို့ တစ်ရက်မိုးမရွာ၍ တစ်ရက်ကွန်ကရစ် သွန်းလောင်းမှုမျိုး လုပ်မရပါ။ လုပ်ငန်းအားလုံး ဆက်တိုက် ရက်ချီ၊ လချီ ဆောင်ရွက်ရသည့် သဘောဖြစ်၍ ဒေသ၏ နှစ်စဉ် ပျမ်းမျှမိုးရွာသွန်းသည့် ကာလကို  ကြိုတင်လေ့လာပြီး  လုပ်ငန်းရာသီ သတ်မှတ်ရန် လိုသည်။ သို့မဟုတ်ပါက Cold Joint   ဆောင်ရွက်ရမှု များပြားတတ်သည်။ တာတမံအရည်အသွေး ကျတတ်သည်။ ကုန်ကျစရိတ်လည်း ပိုတတ်သည်။

အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း   ကုန်ကျစရိတ်မှာ အောက်ပါအတိုင်းဖြစ်သည်-

Description: C:\Users\dsitd\Desktop\27-7-2024\27742.JPG

စီမံကိန်းစတင်ဆောင်ရွက်သည့် ၂၀၀၄-၂၀၀၅ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ် စီမံကိန်းပြီးစီးသည်အထိ နှစ်အလိုက် ကုန်ကျစရိတ်စာရင်းပိတ်ထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းဖြစ်သည်။ ဤစရိတ်တွင် ဝန်ထမ်းစရိတ်နှင့်ကြီးကြပ်မှုစရိတ် ၁၅ ရာခိုင်နှုန်း ထပ်မံပေါင်းထည့်ပါက စုစုပေါင်း ကုန်ကျစရိတ်သည်   ငွေကျပ်သန်းပေါင်း  ၃၃၀၀၀၀  ခန့်ဖြစ်သည်။ တပ်ဆင်အင်အား တစ်မဂ္ဂါဝပ်အတွက် ငွေကျပ်သန်းပေါင်း ၂၃၆၃ သန်းခန့် ကုန်ကျခဲ့သည့် သဘောဖြစ်သည်။ ကုန်ကျစရိတ်အပေါ် လုပ်ငန်းခွဲများ အလိုက် အချိုးပြန်ချကြည့်ပါမည်။

အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း  အဓိကလုပ်ငန်းစဉ် အလိုက် ကုန်ကျမှု အချိုးအစား

စဉ်          လုပ်ငန်း                                 ကုန်ကျစရိတ်

                                                              အချိုး(%)

၁။      အကြိုတည်ဆောက်မှု                              ၁၀

          - လမ်း၊တံတား

          - အိမ်ရာ၊ရုံးများ

          - လျှပ်စစ်မီးရရှိရေး

          - ရေရရှိရေး

          - စက်ယန္တရားပြင်ဆင်မှုစရိတ်

          - ဝန်ထမ်းနှင့်ကြီးကြပ်မှုစရိတ်

၂။       တမံနှင့်ဆက်စပ်လုပ်ငန်းများ                     ၅၁

          - တမံ

          - ရေပိုလွှဲ

          - မြစ်ရေလွှဲဥမင်လိုဏ်

          - တမံအခြေရေထုတ်ပေါက်

          - စက်ယန္တရားပြင်ဆင်မှုစရိတ်

          - ဝန်ထမ်းနှင့်ကြီးကြပ်မှုစရိတ်

၃။      ဓာတ်အားပေးစက်ရုံနှင့်ဆက်စပ်လုပ်ငန်းများ၂၆

          - ရေကာနံရံ

          - ရေယူအဆောက်အအုံ

          - ဖိအားမြင့်ပိုက်

          - ဓာတ်အားပေးစက်ရုံ

          - ဆွစ်ယာဒ်

          - စက်မှု၊လျှပ်စစ်ပစ္စည်းဖိုးနှင့်တပ်ဆင်ခ

          - အခွန်အခ

          - စက်ယန္တရားပြင်ဆင်မှုစရိတ်

          - ဝန်ထမ်းနှင့်ကြီးကြပ်မှုစရိတ်

၄။      ရေဝပ်ဧရိယာပြောင်းရွှေ့ရေး                      ၁၁

          - နစ်နာကြေးပေးခြင်း

          - အများနှင့်ဆိုင်သောအဆောက်အအုံများစရိတ်

          - စက်ယန္တရားပြင်ဆင်မှုစရိတ်

          - ဝန်ထမ်းနှင့်ကြီးကြပ်မှုစရိတ်

၅။      အတိုင်ပင်ခံငှားရမ်းစရိတ်                            ၂

ရေအားလျှပ်စစ်စီမံကိန်းတိုင်းတွင် ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်လုပ်ငန်းများမှာ အများအားဖြင့် သဘောသဘာဝ တူညီကြသလို တည်ဆောက်မှုစရိတ်သည် တပ်ဆင်စက်အင်အားပေါ် မူတည်၍သာ အနည်းအများ ပြောင်းလဲကြသည်။

တာတမံပါသောစီမံကိန်းတစ်ခု၏ အဓိကကုန်ကျစရိတ်မှာ တမံလုပ်ငန်းဖြစ်သည်။ တမံတည်နေရာ၊ တမံအမျိုးအစားနှင့် အရွယ်အစားပေါ်တွင် မူတည်၍ ပြောင်းလဲနိုင်သည်။ သို့ပါ၍ စီမံကိန်းတည်ဆောက်ရာတွင် တာတမံ၏ကုန်ကျစရိတ် မမြင့်မားစေရန် ဒေသကုန်ကြမ်းများကိုသာ အဓိကထားသုံးကြသည်။ တမံတည်နေရာရွေးချယ်မှု အရေးကြီးသည်။

နောက်တစ်ချက်မှာ စီမံကိန်းချဉ်းကပ်လမ်းများ၏ ချောမွေ့မှုနှင့် တောင်ပေါ်လမ်းဖြစ်ပါက အတက်အဆင်း ပြေပြစ်မှုတို့သည်လည်း စီမံကိန်းကြီး၏ ကုန်ကျစရိတ်ကို  သိသာစွာသက်ရောက်စေသည်။   ဥပမာအားဖြင့် မြေပြန့်တွင် မိုင်ရာချီဝေးသော အကွာအဝေးမှ သယ်လာသည့် ဘိလပ်မြေတစ်တန်၏ သယ်ယူမှုစရိတ်သည် ငွေကျပ်ထောင်ဂဏန်းခန့်သာ ကုန်ကျသော်လည်း မတ်စောက်သောတောင်ပေါ်လမ်း မိုင်ဆယ်ဂဏန်းခန့်ကို ဆက်လက်သယ်ယူရာတွင် သယ်ယူခ ငွေကျပ် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကုန်ကျသွားနိုင်သည်။

ရှည်လျားသောတောင်ပေါ် စီမံကိန်းလမ်းများ  ဖောက်လုပ်ရာတွင် အလျင်မလိုဘဲ ပညာရှင်များနှင့် စနစ်တကျ အူကြောင်းရွေးခြင်း၊ ဖောက်လုပ်ခြင်းများ ဆောင်ရွက်မှသာ စီမံကိန်းမြန်ဆန်မည်၊ ကုန်ကျစရိတ်သက်သာမည်၊ ရေရှည်တွင် အန္တရာယ်ကင်းမည်။

Road and Drainage  ပညာရပ်သည် သီးခြားပညာရပ်ဖြစ်၍ အထူးအလေးအနက် ထားသင့်သည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသည် တပ်ဆင်အင်အား ၁၄၀ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်း ထုတ်လုပ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရဲရွာတမံပြီးလျှင် ဒုတိယမြောက် RCC တမံဖြစ်သည်။

ပေါင်းလောင်းမြစ်အသုံးချမှု စီမံကိန်းများ အကြောင်းကို သီးခြားစာအုပ် တစ်အုပ်ရေးသင့်သော်လည်း တခြားအကြောင်း အရာများပါ ဗဟုသုတမျှဝေလို၍ အခန်းသုံးခန်းမျှဖြင့်သာ ရေးသားခဲ့ခြင်းဖြစ်သည်။

အခန်း (၂၃)

အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာကျေးရွာများ ပြောင်းရွှေ့နေရာချထားခြင်း

      လူသားများအတွက် အကျိုးရှိစေမည့် လုပ်ငန်းများကို ဆောင်ရွက်တိုင်း ထိခိုက်သွားမည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်များကို ကြိုတင်လေ့လာပြီးမှ ဆောင်ရွက်ကြရန် ကမ္ဘာ့အဖွဲ့အစည်း အသီးသီးက နှိုးဆော်နေကြသည်။ ဖွံ့ဖြိုးမှုစီမံကိန်းများကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်စီမံခြင်း၊ ထိခိုက်မှုများ ရှိလာပါက သက်သာစေရန် ကုစားပေးခြင်း

များကို အားသွန်ခွန်စိုက် လုပ်သင့်ကြောင်း နှိုးဆော်နေကြသည်။ သို့သော် ယနေ့ဖွံ့ဖြိုးမှုမြင့်ပါသည်ဆိုသော နိုင်ငံများတွင်ပင် ၎င်းတို့ဆောင်ရွက်ခဲ့သည့် နိုင်ငံဖွံ့ဖြိုးမှု လုပ်ငန်းတချို့ကြောင့် ကမ္ဘာ့လူသားတစ်ရပ်လုံးနှင့် သတ္တလောက တစ်ခုလုံးကိုပါ ရေရှည်တွင် ထိခိုက်စေလျက်ရှိသည်။

နိုင်ငံဖွံ့ဖြိုးမှုလုပ်ငန်းများသည် အများအတွက် ဆောင်ရွက်ခြင်းဖြစ်၍ လူနည်းစုတချို့ကို  ထိခိုက်နစ်နာကောင်း နစ်နာနိုင်သည်။ ထိုက်သင့်သလောက် နစ်နာကြေးပေးလျှင် လုံလောက်ပြီဟုယူဆမှုများလည်း ရှိခဲ့ကြသည်။ ရှိနေဆဲလည်းဖြစ်သည်။

ဖွံ့ဖြိုးမှုစီမံကိန်းများကြောင့် နစ်နာသွားမှုများတွင် အိုးအိမ်ဆုံးရှုံးမှု၊ လယ်ယာများဆုံးရှုံးမှု၊ အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမှု၊ စားဝတ်နေရေး အတွက် ပုံမှန်ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ်တတ်သည်။ ဤသို့ဖြစ်ပေါ်လာလျှင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပါထိခိုက်စေပြီး တာဝန်ရှိသူနှင့် အုပ်ချုပ်သူအပေါ် အကျိတ်အခဲဖြစ်မှုသည် သားစဉ်မြေးဆက်အထိ ပါသွားတတ်သည်။ 

မည်သည့်ဖွံ့ဖြိုးမှုလုပ်ငန်းမဆို  အများအတွက်အကျိုးရှိ၍သာ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဆိုုလျှင် အကျိုးစီးပွား ခံစားကြရမည့်သူများက ၎င်းတို့အကျိုးစီးပွားထဲမှ ထိခိုက်သွားမည့် သူများကို မျှဝေပေးလျှင် ဤကိစ္စပြေလည်မည်။

အကျိုးစီးပွားမျှဝေပေးနည်းမျိုးစုံရှိသည်။  ထိခိုက်သွားသူ၏ နစ်နာဆုံးရှုံးမှုကို  တန်ရာတန်ကြေးပေးလျော်ခြင်း၊ ရေရှည်အတွက် အသက်မွေးဝမ်းကျောင်း ကောင်းမွန်ရေး အခြေတည်ပေးခြင်းတို့သည် အကျိုးစီးပွား မျှဝေခြင်းဖြစ်သည်။ ဒေသနှင့်လိုက်လျောညီထွေဖြစ်စေမည့် ပံ့ပိုးမှုစီစဉ်ပေးရန်သာ လိုသည်။

နိုင်ငံပိုင်စီမံကိန်းကြီးများဖြစ်လျှင် နိုင်ငံတော်ကတာဝန်ယူ စောင့်ရှောက်ရန်နှင့် ပုဂ္ဂလိက သို့မဟုတ် ဖက်စပ်လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ ကုမ္ပဏီက ဤကိစ္စကို ဖြေရှင်းပေးရန်ဖြစ်သည်။      

ဆက်လက်ဖော်ပြပါမည်။