မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံစတားအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံစတားအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန်  ဇူလိုင်  ၂၆

      မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ ဟံသာဝတီယူနိုက်တက် အသင်းနှင့် ဒဂုံစတားအသင်းတို့နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင်  YUSC အားကစားကွင်း၌  ဒဂုံစတားအသင်းနှင့် ဒဂုံပေါ့အသင်းတို့ ကစားခဲ့ရာ အပြန်အလှန် သွင်းဂိုးများဖြင့် ဒဂုံစတားအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒဂုံစတားအသင်း အတွက် သွင်းဂိုးများကို ပွဲချိန် ၄၅ မိနစ်တွင် ငြိမ်းချမ်း၊ ပွဲချိန် ၆၅ မိနစ်နှင့် ၈၃ မိနစ်တို့တွင် စွမ်းထက်နှင့်ပွဲချိန် ၉၄ မိနစ်တွင် ဆွမ်လမန်တို့က သွင်းယူပေးခဲ့ပြီး ဒဂုံပေါ့အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၅၁ မိနစ်နှင့် ပွဲချိန် ၇၃ မိနစ်တို့တွင် Mogou Constantin က သွင်းယူပေးနိုင်ခဲ့ပြီး   အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို ဒဂုံစတားအသင်းမှ စွမ်းထက်က ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ ယနေ့ညနေ ၄နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ဟံသာဝတီယူနိုက်တက် အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ ခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ  ဟံသာဝတီ ယူနိုက်တက် အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် ဝင်းမိုးကျော်က သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ဟံသာဝတီယူနိုက်တက် အသင်းအတွက် လက်စွမ်းပြသနိုင်ခဲ့သည့် ဂိုးသမား နေလင်းထက် ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အဖြစ် ဇူလိုင်လ ၂၇ ရက် (ယနေ့)ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့ YUSCအားကစားကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်း၊  ညနေ ၄ နာရီခွဲတွင် သုဝဏ္ဏအားကစားကွင်း၌  ISPEအသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Saturday, July 27, 2024 - 17:24