မိတ်ကောင်းဆွေကောင်းများနှင့် ရှေ့သို့ဆက်လက် လျှောက်လှမ်းမည်

 

မိတ်ကောင်းဆွေကောင်းများနှင့် ရှေ့သို့ဆက်လက် လျှောက်လှမ်းမည်

 

     လူမှုပတ်ဝန်းကျင်တွင်   ရှင်သန်လှုပ်ရှားနေကြသော လူသားတို့သည် တစ်ဦးတစ်ယောက်တည်း ရှင်သန်ရပ်တည်၍မဖြစ်ပေ။ မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းကောင်းများနှင့်အတူ  သွားလာလှုပ်ရှားနေကြရသည်။ ထို့အတူ   နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့၏အိမ်နီးချင်းနိုင်ငံများ၊ အခြားသော မိတ်ဆွေနိုင်ငံများနှင့်အတူ ရပ်တည်နေကြရသည်။

အိမ်နီးချင်းဆိုသည်မှာ ရွေးချယ်၍ရသည်မဟုတ်ဘဲ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

နိုင်ငံတိုင်းက အိမ်နီးချင်းကောင်းကို လိုလားကြသည်။ မြန်မာနိုင်ငံသည်လည်း အိမ်နီးချင်းကောင်းနိုင်ငံများကို အလိုရှိသည်။   မြန်မာနိုင်ငံအနေဖြင့်   မိမိကအိမ်နီးချင်းကောင်းကို အလိုရှိသည့်အတွက် အခြားသော အိမ်နီးချင်းနိုင်ငံများအတွက် မြန်မာနိုင်ငံသည်အကောင်းဆုံးသော၊ ရိုးသားပွင့်လင်းသော၊ ဖြူစင်သော မိတ်ကောင်းဆွေကောင်း စိတ်ဓာတ်ထားရှိကာ ဆက်ဆံလျက်ရှိသည်။

မြန်မာနိုင်ငံအကြောင်း၊   မြန်မာလူမျိုးတို့၏  စိတ်ရင်းစိတ်ထားကို အနီးကပ်လေ့လာကြည့်လျှင် မြန်မာ တို့၏ စိတ်ရင်းသဘောထား အမှန်ကိုသိမြင်နိုင်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ် သည့် နိုင်ငံဖြစ်သည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံလည်းဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ   လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးလျက်ရှိသည်။  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးကိုရှေးရှုသည်။   နိုင်ငံအချင်းချင်း   ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။

မြန်မာနိုင်ငံသည်   မည်သည့်နိုင်ငံကိုမျှ  စတင်ကျူးကျော်တိုက်ခိုက်ခြင်း မပြုသကဲ့သို့  နိုင်ငံတော်အတွင်း  မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်ပြုမည် မဟုတ်ပါ။     ဤသည်မှာမြန်မာနိုင်ငံ၏ ခိုင်မာသော အခြေခံမူများဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်   နိုင်ငံ၏ တည်ရှိမှုပထဝီ အနေအထားအရ   အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့် ဘင်းမ်စတက်တို့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Bay of  Bengal Initiative for Multi Sectoral Technical and Economic Cooperation-BIMSTEC) သည် ၁၉၉၇ ခုနှစ်ကစတင်ခဲ့သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဘင်းမ်စတက်ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် ဘန်ကောက်ကြေညာစာတမ်းဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။

Description: C:\Users\dsitd\Desktop\27-7-2024\277222.JPG

    အဖွဲ့အစည်းတစ်ခုတွင် ရည်ရွယ်ချက်ထားရှိသည့် အတိုင်း ဘင်းမ်စတက်အဖွဲ့တွင်လည်း မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များ   ခိုင်မာစွာ သတ်မှတ်ထားရှိသည်။ ဘင်းမ်စတက်အဖွဲ့ကြီး၏ မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များမှာ-

      (က)   စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမည့်   အခြေအနေနှင့် ပတ်ဝန်းကျင် ကောင်းများ  ဖန်တီးပေးရန် အတွက် ကုန်သွယ်ရေး၊ စက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းရည်ဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့်  အခြေခံ အဆောက်အဦနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်သည့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန်။

      (ခ)     ဒေသခွဲအတွင်းစီးပွားရေး၊ လူမှုရေးတိုးတက်မှု  မြှင့်တင်ရန် တန်းတူရည်တူနှင့် လုပ်ဖော်ကိုင်ဖက် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်။

      (ဂ)    အဖွဲ့ဝင်နိုင်ငံများအားလုံး အကျိုးရှိစေမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍများ၌ တက်ကြွစွာပူးပေါင်း ဆောင်ရွက်ရန်နှင့် အပြန်အလှန် အကူအညီပေးရန်။

      (ဃ)   ပညာရေး၊ လုပ်ငန်းခွင်စွမ်းရည် တိုးမြှင့်ရေးနှင့် နည်းပညာဆိုင်ရာ သင်တန်းနှင့် သုတေသန အကူအညီများ ပေးခြင်းဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူညီပံ့ပိုးပေးရန်။

     (င)     ပြည်သူတို့၏လူနေမှု အဆင့်မြှင့်တင်ရေးကို အကျိုးပြု၍ အမျိုးသား စီမံကိန်းများကို အထောက်အကူပြုစေနိုင်သော အလုပ်အကိုင် ပိုမိုရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရေးနှင့် အခြားကြိုးပမ်းမှုများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်။

      (စ)    ရည်ရွယ်ချက်၊ မျှော်မှန်းချက်ခြင်း တူညီသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသ ဆိုင်ရာ အဖွဲ့အစည်းများအတွင်း နီးကပ်စွာနှင့် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန်။

      (ဆ)   ဒေသခွဲအဆင့်တွင် လက်တွေ့အကျိုးရလဒ် ဖြစ်ထွန်းစေနိုင်ပြီး အုပ်စုအတွင်းရနိုင်သော စုပေါင်းအားကို အသုံးချနိုင်သည့် စီမံချက်များကို ပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ်သည်။

အထက်ပါရည်ရွယ်ချက်များကို  လေ့လာကြည့်ခြင်းအားဖြင့် ဘင်းမ်စတက်သည် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း စည်းလုံးညီညွတ်ပြီး တိုးတက်မှုကို ရှေးရှုထားသည်ကို တွေ့ရှိနိုင်သည်။ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်တွင်သီရိလင်္ကာနိုင်ငံက  Hybrid  စနစ်ဖြင့် ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက်    ဘင်းမ်စတက်ထိပ်သီး အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများက လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ဘင်းမ်စတက်ပဋိညာဉ် စာတမ်းကို   ရေးဆွဲအတည်ပြုနိုင်ခဲ့သည့်အတွက် ဘင်းမ်စတက်အဖွဲ့သည်  စည်းမျဉ်းစည်းကမ်းကိုအခြေပြုသော ဥပဒေကြောင်းအရ ဥပဓိဂုဏ် (Legal Personality) ရှိသည့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ ယခုအခါ ဘင်းမ်စတက် ပဋိညာဉ် စာတမ်းသည် ၂၀၂၄  ခုနှစ်  မေလ ၂၀ ရက်မှ စတင်အသက်ဝင်ခဲ့ပြီဖြစ်သည်။

Description: C:\Users\dsitd\Desktop\27-7-2024\277223.JPG

    ဘင်းမ်စတက်မူဘောင်အောက်ရှိ    ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အားလုံးသည် အချုပ်အခြာ  အာဏာ တန်းတူရည်တူရှိမှု၊  နယ်မြေ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုမှု၊ ကျူးကျော်ခြင်း မပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမှုတို့အပေါ် အခြေခံရန်နှင့်  ဆုံးဖြတ်ချက်အားလုံးသည်  တူညီဆန္ဒ (Consensus) အပေါ်၌အခြေခံရန် ဘင်းမ်စတက်ပဋိညာဉ် စာတမ်းတွင်ပြဋ္ဌာန်းထားရှိသည်။

 ဘင်းမ်စတက်အဖွဲ့တွင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊   အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊   ဘင်းမ်စတက်လုပ်ငန်း အဖွဲ့အစည်းအဝေး ဟူ၍ အဓိကယန္တရား (၄) ရပ်ဖြင့်  အဆင့်ဆင့် လည်ပတ်လျက်ရှိသည်။ ထိပ်သီးအစည်းအဝေးနှင့် ဝန်ကြီးများ အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို ကျင်းပလေ့ရှိသည်။ ထို့ပြင် အခြားလိုအပ်သည့်အချိန်တွင် လည်း  အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ ကျင်းပရန်ဖြစ်သည်။ လက်ရှိအချိန်အထိ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို (၂၃) ကြိမ်ကျင်းပ ပြီးစီးခဲ့ပြီဖြစ်သည်။

ဘင်းမ်စတက်အဖွဲ့၏ ဒုတိယအမြင့်ဆုံး အစည်းအဝေးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသော နိုင်ငံမှ  လက်ခံကျင်းပလေ့ရှိပြီး လက်ရှိအချိန်အထိ (၁၉) ကြိမ် ကျင်းပပြီးစီးခဲ့သည်။  ဘင်းမ်စတက်အဖွဲ့၏ အမြင့်ဆုံး အစည်းအဝေးဖြစ်သည့် ထိပ်သီးအစည်းအဝေးကို ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့်နိုင်ငံမှ လက်ခံကျင်းပသည်။ လက်ရှိအချိန်အထိ ငါးကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးကို ၂၀၁၄ ခုနှစ်  မတ်လ ၄ ရက်တွင် နေပြည်တော်၌လက်ခံကျင်းပခဲ့သည်။    ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး  အစည်းအဝေးကို   လက်ရှိဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း ကျင်းပရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပဉ္စမအကြိမ်မြောက်ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီမှုဖြင့် ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများ၊  ကဏ္ဍခွဲများတို့ကို အတည်ပြုခဲ့သည်။  မြန်မာနိုင်ငံအနေဖြင့်    လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ၌ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

အခြားသောအဖွဲ့ဝင် နိုင်ငံများ၏   ပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်  ကုန်သွယ်မှု၊  ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ဘူတန်နိုင်ငံအနေဖြင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုကဏ္ဍ၊ အိန္ဒိယနိုင်ငံအနေဖြင့် လုံခြုံစိတ်ချမှုကဏ္ဍ၊ နီပေါနိုင်ငံအနေဖြင့် ပြည်သူအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု ကဏ္ဍ၊ သီရိလင်္ကာနိုင်ငံအနေဖြင့် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ၊ ထိုင်းနိုင်ငံအနေဖြင့် ချိတ်ဆက်ဆောင်ရွက်မှု ကဏ္ဍတို့ကို ဦးဆောင် တာဝန်ယူကြရသည်။

မြန်မာနိုင်ငံသည်   လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍ ဦးဆောင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပေရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း  ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေသည့်အတွက် ကြီးမားသော  အခက်အခဲရှိလိမ့်မည် မဟုတ်ပါ။

၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်တွင် ကျရောက်သည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်)  တည်ထောင်မှု  (၂၇)နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရနှင့် ပြည်သူများ ကိုယ်စား ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ အဆိုပါသဝဏ်လွှာ အား အခြားသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၏ သဝဏ်လွှာများနှင့်အတူ ဘင်းမ်စတက် အတွင်းရေးမှူးရုံး၏    တရားဝင် ဝက်ဘ်ဆိုက်၌ လွှင့်တင်ထားရှိသည်။

မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့ သည့် သဝဏ်လွှာတွင် “စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ဖြေရှင်းရာတွင်  ဘင်းမ်စတက်မူဘောင်အောက်မှ စုပေါင်းအင်အားဖြင့်  ကြိုးပမ်းနိုင်ခဲ့သည့် အတွက် ကျွန်ုပ်အနေနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ဘင်းမ်စတက် ပဋိညာဉ်စာတမ်း၏ လမ်းညွှန်မှုဖြင့်   ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုများက  အနာဂတ်စိန်ခေါ်မှုများကို  ဆက်လက် ကျော်လွှားနိုင်မည့်   အဓိကအရာများဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်” ဟူ၍ဖော်ပြပါရှိသည်။

(၂၇)နှစ်တာကာလအတွင်း ဘင်းမ်စတက်သည် ၁၉၉၇ ခုနှစ် ဘန်ကောက်ကြေညာ စာတမ်းတွင် ပြဋ္ဌာန်းထားသည့် မူဝါဒများကို အခြေခံသည့် စုပေါင်းဆောင်ရွက်မှုဖြင့်  ဒေသတွင်းလူမှု-စီးပွားဖွံ့ဖြိုးတိုး တက်မှုကိုမြှင့်တင်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ယန္တရားများကို ခိုင်မာမှုရှိအောင် ဆောင်ရွက်နိုင်ခြင်း စသည့် ထင်သာမြင်သာရှိသော တိုးတက်မှုများရှိခဲ့ပါသည်။ ဘင်းမ်စတက်သည် ဒေသတွင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအတွက် စင်္ကြံတစ်ခုသာမက အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်လေးစားမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများကိုလည်း တိုးတက်ခိုင်မာစေသည်။

အပြန်အလှန်အထောက်အကူပြုခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် မြဲမြံသော ကတိကဝတ်များကို ဘင်းမ်စတက် ပဋိညာဉ်စာတမ်းက အထင်အရှားပြသလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့်  ဘင်းမ်စတက်ပဋိညာဉ် စာတမ်းပါ အခြေခံမူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည့် ခိုင်မာသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုထားပါသည်။

ဘင်းမ်စတက်အဖွဲ့သည် ကမ္ဘာကြီး၏ ပြောင်းလဲမှုဖြစ်စဉ် (Globalization) နှင့်အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်   နယ်စပ်ဖြတ်ကျော် မှုခင်းများအပါအဝင်  လုံခြုံရေးကိစ္စရပ်များကိုလည်း တိုးချဲ့ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။     အဆိုပါဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့်  တတိယအကြိမ် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးတွင်   သဘောတူညီထားမှုအရ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက လက်ခံကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်သည်။

ဘင်းမ်စတက်   အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးများကို  ကျင်းပရာတွင် ပထမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌လည်းကောင်း၊  ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့၌ လည်းကောင်း၊   တတိယအကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လည်းကောင်း ကျင်းပခဲ့ကြသည်။ (၄)ကြိမ်မြောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ  အကြီးအကဲများ အစည်းအဝေး 4th BIMSTEC National Security Chiefs' Meetingကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို  ဇူလိုင်လ  ၂၄  ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ 

အစည်းအဝေးသို့     တက်ရောက်လာသော  ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများနှင့်  ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့သည်   ဇူလိုင်လ  ၂၅  ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်ဂါရဝပြုတွေ့ဆုံကြသည်။

အဆိုပါအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်ရှိ  M Gallery  ဟိုတယ်၌   လက်ခံကျင်းပလျက်ရှိပြီး   အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့်   ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင်  ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများက အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေး ဆိုင်ရာများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ သက်ဆိုင်ရာ လုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့် သတင်းအချက်အလက်များ ပိုမိုပူးပေါင်းမျှဝေနိုင်ရေး၊ ဒေသတွင်း လက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ အခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေနှင့်  အကောင်အထည်ဖော် ဆောင်ရွက်ကြရမည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 အဆိုပါကောင်းမွန်သည့်  ရလဒ်များကြောင့် ဘင်းမ်စတက်ဒေသခွဲအတွင်း လုံခြုံရေးအေးချမ်း၍ ပိုမိုကောင်းမွန်သည့်လူမှုစီးပွားဘဝများ ဖြစ်ပေါ်လာတော့မည်ဟု အလေးအနက်ယုံကြည်မိသည်။ အနှစ်ချုပ် ဆိုရသော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကမ္ဘာ့နိုင်ငံအားလုံးအတွက် မိတ်ဆွေကောင်းဖြစ်အောင် အစဉ်တစိုက်ဆောင်ရွက်နေပြီး မိတ်ကောင်းဆွေကောင်းများနှင့် ရှေ့သို့ဆက်လက် လျှောက်လှမ်းမည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။  ။

ဘုန်းမောင်ဝင်း(ဖျာပုံ)