ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်  

 

ယမန်နေ့မှအဆက်

      ရေလှောင်တမံစီမံကိန်းတစ်ခု စတော့မည်ဆိုလျှင် အသေးစိတ် ကွင်းဆင်းကြသည်။ တမံနေရာအတည်ပြုကြသည်။ တမံအမျိုးအစား သတ်မှတ်ကြသည်။  တမံအမြင့်သတ်မှတ်ကြသည်။  အမြင့်ဆုံးရေမှတ်  သတ်မှတ်ကြ သည်။

ဤသို့   သတ်မှတ်မှု အားလုံးပြီးစီးချိန်တွင်   ရေလှောင်ကန်ထဲတွင် ရေမည်မျှ သိုလှောင်နိုင်မည်၊ ဤရေနှင့် ပုံမှန်စီးဝင်ရေပေါင်း၍ သုံးလျှင် လယ်ယာမြေဧရိယာ မည်မျှရေပေးဝေနိုင်မည်၊ လျှပ်စစ်ဓာတ်အားပေးစက် မည်မျှတပ်ဆင်မည်၊ နှစ်စဉ်ဓာတ်အား မည်မျှဖြန့်ဖြူးနိုင်မည် စသည်ဖြင့် တန်းစီပြီး အဖြေထွက်သည်။သဘာဝနှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံး နစ်နာမှုရှိနိုင်သည်များကိုပါ အကြမ်းဖျင်းသိနိုင်သည်။

ဖြစ်မြောက်နိုင်ခြေရှိသော စီမံကိန်းဖြစ်ပါက မှတ်တမ်းကောက်ယူရရှိ လာသော   အချက်အလက်များကို  သဘာဝပတ်ဝန်းကျင်နှင့်   လူမှုပတ်ဝန်းကျင်ဟု အုပ်စုခွဲပြီး မည်သည့်ကိစ္စတွင် မည်မျှထိခိုက်နစ်နာမည်ကို အသေးစိတ်ဆက်လက် လေ့လာတွက်ချက်ရသည်။

တွက်ချက်မှုများနှင့်အပြိုင် မည်ကဲ့သို့ကုစားမည်ဆိုသော ခေါင်းစဉ်ပါ ဆွေးနွေးရသည်။   ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ   ရေးဆွဲရသည်။ ကုန်ကျစရိတ်များ တွက်ချက်ရသည်။ စီးပွားရေး တွက်ခြေကိုက်မှုပါတွဲ၍ ဆန်းစစ်ရသည်။ တွက်ခြေမကိုက်ပါက ဤအဆင့်မှာပင်ရပ်၍  ဆက်မလုပ်တော့ဘဲ နောက်ပြန်ဆုတ်လိုက ဆုတ်နိုင်သည်။  ရှေ့ဆက်မည်ဆိုပါက ထိခိုက်မည့်ဒေသခံများအား မိမိတို့ဆောင်ရွက်ပေးမည့် အစီအစဉ် ကို ရှင်းပြကြရသည်။ သဘောထား ဆန္ဒညှိနှိုင်းကြရသည်။ လုပ်ငန်းပိုင်ရှင်၏ ဆန္ဒနှင့်  ဒေသခံများ၏ဆန္ဒ  အတော်ကွာဟနေခဲ့လျှင် အကြိမ်ကြိမ် ညှိကြရသည်။ အပေးအယူလုပ်ကြရသည်။ ဤကိစ္စအတွက် နိုင်ငံတော်တွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများမရှိလျှင် ပြဿနာပိုကြီးတတ်သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် (Win-Win Situation) အခြေအနေသို့ရောက်အောင် လုပ်ဆောင်ကြရသည်။ ဤသို့ ညှိနှိုင်းမှုအဆင့်မှာပင် သက်ရောက်မှု များလျှင်များသလို နှစ်ချီ၍ကြာတတ်သည်။

ညှိနှိုင်းမှု သဘောတူညီချက်များရခဲ့လျှင်ပင်  ဒေသခံများကို မပြောင်းရွှေ့မီ အနည်းဆုံးလေးနှစ်မှ ငါးနှစ်ခန့်အထိ ကြိုတင်၍ နေရာသစ်တွင် အခြေတည်မည့် လုပ်ငန်းများ ဆောင်ရွက်ပေးရသည်။ ဤအလုပ်သည်လည်း သက်ရောက်မှုများလျှင်များသလို အချိန်ကြာသည်။

ကျေးရွာများ၊ မြို့များပါ ပြောင်းရွှေ့ရမှုများ ရှိတတ်သည်။  ဤအခြေအနေတွင် ပြန့်ကြဲနေသော ကျေးရွာများကို စုစည်းမည်လား၊  ၄င်းတို့ သဘောဆန္ဒအရ ခွဲခြားနေရာ ချထားမည်လားဆိုသည်ကလည်း   ကိစ္စတစ်ခုဖြစ်လာသည်။  တချို့ကျေးရွာများသည်  စာပေတတ်မြောက်မှု ဗဟုသုတနည်းကြသည့်အတွက်   ၎င်းတို့သည်  နေ့စဉ်ဝမ်းစာလောက်ရ လျှင်ပင် ကျေနပ်နေကြသည်။ ၎င်းင်းတို့အတွက် ရေရရှိရေး၊  ပညာရေး၊ ကျန်းမာရေး၊  လမ်းပန်းဆက်သွယ်ရေး၊  လျှပ်စစ်ဓာတ်အားရရှိရေး အစရှိသည်တို့ကို နက်နက်နဲနဲ မတွေးနိုင်ကြပေ။

သို့သော် သီးခြားစီ၊ တစ်နေရာစီဖြစ်နေသော ပြန့်ကြဲနေသည့် ရွှေ့ ပြောင်းကျေးရွာများအတွက် ရေရရှိရေး၊ မီးရရှိရေး၊ လမ်းပန်းဆက်သွယ် ရေး၊  အုပ်ချုပ်ရေး၊  ဆေးရုံဆေးခန်း၊  စာသင်ကျောင်း၊  ဘာသာရေး အဆောက်အအုံကအစ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သကဲ့သို့ ပံ့ပိုးပေးရန် မှာမူ အခက်အခဲရှိသည်။

ဤအခြေအနေကို   ဒေသခံကျေးရွာများသို့   ကွင်းဆင်းရှင်းပြပြီး ကျေးရွာများ စုစည်းနေရာချထားမှုကို   လက်ခံအောင် ရှင်းပြရသည်။ လက်ခံသည့်ရွာ အများစု ရှိနိုင်သလို၊ လုံးဝလက်မခံသည့်ရွာ တချို့လည်း ရှိနိုင်သည်။ ဤသို့ဖြစ်နေပါက အတတ်နိုင်ဆုံး လိုက်လျောပြီး နေရာခွဲ၍ ချထားပေးရသည်။ ပံ့ပိုးနိုင်သမျှ ပံ့ပိုးပေးရသည်။

အထက်တန်း၊ အလယ်တန်းပညာရေးကိစ္စ၊ လုံခြုံရေးကိစ္စ၊ ဆေးရုံ ကိစ္စကိုမူ ရွာစုအင်အား ကောင်းသောနေရာမှာသာ စုစည်းဆောင်ရွက်ပေးလျှင် လုံလောက်သည်။ မူလတန်းပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊  ရေရရှိရေးကိစ္စများကိုမူ ရွာများအရောက် အတတ်နိုင်ဆုံး စီစဉ်ပေးရသည်။

ကျေးရွာများမပြောင်းရွှေ့မီ   လေးနှစ်ခန့်အလိုမှစ၍    ၎င်းင်းတို့ကို ပြောင်းရွှေ့ပေးမည့်နေရာ အကွက်ဖော်ခြင်း၊ စိုက်ပျိုးရေးလုပ်ကိုင်မည်ဆို ပါက စိုက်ပျိုးရန်နေရာပေးခြင်း၊ နှစ်ရှည်ပင်ဖြစ်ပါက ကြိုတင်စိုက်ပျိုးစေခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း၊ လယ်ယာမြေဖြစ်ပါက မြေကြိုတင်ပြင်ဆင် ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ပေးရသည်။

တချို့သောဒေသခံများသည် ၎င်းတို့၏ဝါသနာနှင့်  စားဝတ်နေရေး အရ တောလိုက်ခြင်း၊ ငါးဖမ်းခြင်းများလည်း ရှိတတ်သည်။ ၎င်းတို့ကိုလည်း ကန့်သတ်၍ လုပ်ကိုင်ခွင့်ပေးထားရသည်။  ကန့်သတ်ခြင်းဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တောလိုက်သူသည် မှတ်ပုံတင်ရသည်။ တစ်နှစ်တာ သတ်မှတ်ပေးသည့် တောကောင် အရေအတွက်သာ   ပစ်ခွင့်ရှိသည်။ စနစ်ကျသည်။ တရားမဝင် တောလိုက်ခွင့်မရှိ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ၎င်းတို့၏စားဝတ်နေရေးအတွက်  တောလိုက်မှုကို  အကန့်အသတ်မရှိ ဆောင်ရွက်နေကြသည်။ နေရာသစ်သို့ရောက်ရှိလာချိန် ဤကိစ္စကိုလည်း ပညာပေး စည်းရုံးကြရသည်။

ဤမျှဆောင်ရွက်ပေးရုံဖြင့် ပြောင်းရွှေ့ကျေးရွာသူ၊ ကျေးရွာသားများ အတွက် မလုံလောက်သေးချေ။ ရွှေ့ပြောင်းပေးပြီးချိန်  လူနေမှုအဆင့်သည် သိသိသာသာမြင့်လာရမည်ဟု မူလကတည်းက ရင်းနှီးမြှုပ်နှံသူက အာမခံပေးရမည်။ ကတိပေးထားရမည်။

ဤကတိကဝတ်အရ ဒေသခံများကို မပြောင်းရွှေ့မီကတည်းက လက်မှု ပညာ၊  အိမ်တွင်းမှုပညာ၊ ကုန်ပစ္စည်းထုတ်လုပ်မှုပညာ၊   အသက်မွေး ဝမ်းကျောင်း အတတ်ပညာများကို သူ့စိတ်ကြိုက်သင်ကြားခွင့်ရရန် အုပ်စုခွဲပြီး  အချိန်ပေး၍ သင်တန်းများပို့ချပေးရသည်။  လက်တွေ့လည်း လေ့ကျင့်ပေးရသည်။ တစ်ဖက်တွင်လည်း နေရာသစ်သို့ ပြောင်းရွှေ့ချိန် တွင် နှစ်ရှည်သီးပင်စားပင်များ အဆင်သင့်သီးနေချိန်ဖြစ်အောင် ကြိုတင် စိုက်ပျိုးစေရသည်။

ဤသို့ဆောင်ရွက်ပြီးမှ  ဒေသသစ်သို့  ပြောင်းရွှေ့စေတော့သည်။ ဒေသသစ်တွင် ၎င်းတို့အတွက် ကြိုတင်ဆောက်လုပ်ထားသော လမ်း၊ တံတား၊ ရေရရှိရေး၊  စာသင်ကျောင်း၊  ဘာသာရေးအဆောက်အအုံ၊ ဆေးရုံဆေးခန်း၊ စာကြည့်တိုက်၊ စက်မှုလက်မှု စုပေါင်းအလုပ်ရုံ၊ လျှပ်စစ် မီး၊ သီးပင်စားပင်၊ လယ်ယာစသည်တို့ အဆင်သင့်ဖြစ်နေစေရသည်။

အိမ်ရာများပြောင်းရွှေ့ပေးခြင်း၊  အခြေတကျနေရာချခြင်းကိစ္စများ အားလုံးပြီးစီးချိန်တွင်  ၎င်းတို့အတွက်  အတတ်ပညာပါသော  အသက်မွေးဝမ်းကျောင်း အလုပ်များလည်း  အရှိန်ရစပြုနေချိန်ဖြစ်သည်။  ဤအခြေအနေရောက်မှ တမံတွင်း ရေစတင်သိုလှောင်ရသည်။

တမံတည်ဆောက်ပြီးစီးမှု၊ ရေဝပ်ကျေးရွာများပြောင်းရွှေ့မှု၊ ရေစတင် သိုလှောင်မှုများသည် အားလုံးအချိန်ကိုက် ဖြစ်နေရမည်။ အချိန်မည်မျှ စော၍ စတင်ရမည်ဆိုသည်မှာ စီမံကိန်းကာလကြာရှည်မှုနှင့် ပြောင်းရွှေ့ ပေးရမည့် ဝန်ထုပ်ဝန်ပိုးအပေါ် မူတည်သည်။ အစီအစဉ်အားလုံးသည် ပြိုင်တူအရေးကြီးသည်။ ဤဖော်ပြမှုများသည် ပုံမှန်ဆောင်ရွက်ရမည့် အစီအစဉ်များဖြစ်သည်။

အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်း စတင်အခြေချသည် မှာ  ၂၀၀၄-၂၀၀၅  ခုုနှစ်ဖြစ်သည်။  ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းက ၃၁-၃-၂၀၀၆ ရက်မှ ၅-၄-၂၀၀၇ ရက်အထိ  ကော်မတီဖြင့် ကွင်းဆင်း စစ်ဆေးခဲ့သည်။  ရွှေ့ပြောင်းနေရာ ချထားမည့် အိမ်ထောင်စု အရေအတွက်၊  ရွာအရေအတွက်ကို တွက်ချက်၍  ပြောင်းရွှေ့နေရာချ ထားမည့်နေရာကို ယေဘုယျအားဖြင့် သတ်မှတ်ပေးခဲ့သည်။

ထပ်မံ၍ ၂၉-၁၂-၂၀၀၇ ရက်မှ  ၅-၁-၂၀၀၈ ရက်အထိ  ဌာနမှ ညွှန်ကြားရေးမှုး(စီမံ) ဦးဆောင်၍ ကွင်းဆင်းသည်။ လေ့လာမှတ်တမ်း ယူသည်။  ထို့နောက် ၂၆-၅-၂၀၀၉ ရက်တွင် ကျေးရွာပြောင်းရွှေ့ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။ နောက်ပိုင်းတွင် အသေးစိတ်တိုင်းတာ ရေးအဖွဲ့နှစ်ဖွဲ့ဖွဲ့စည်းပြီး  ၂-၆-၂၀၀၉ ရက်မှ ၁၆-၆-၂၀၀၉  ရက်အထိ ကွင်းဆင်းသည်။

၂၀၁၁ ခုနှစ်အထိ စီမံကိန်းလုပ်ငန်းများကိုသာ ဦးစားပေးနေရ၍ ကျေးရွာသစ်များအတွက် မြေနေရာသစ်ပြုပြင်မှုများတွင် စက်ယန္တရား ခွဲတမ်း၊ စက်သုံးဆီခွဲတမ်း ရရှိမှုမလုံလောက်၍ ကျေးရွာသစ်များအတွက် အထိုက်အလျောက်သာ မြေနေရာ ရှင်းနိုင်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။