တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၂၇

      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့အကျော် BOC ဆီဆိုင်အနီး၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူကီလိုဂရမ် (၂၀) ပါ (၆၃၅) အိတ်နှင့် (၂၅)ကီလိုဂရမ်ပါ အိတ် (၂၆၀၀)၊ အာလူးကီလိုဂရမ် (၂၀) ပါ အိတ် (၇၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃၈၀၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   SHACMAN Tractor Head (၃)စီးနှင့် နောက်တွဲယာဉ် (၃)တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ်၂၅၈၀၀၀၀၀၀)၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၁၈၀၀၀၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် တို့၌ လိုင်စင်မဲ့  Honda Fit မော်တော်ယာဉ် (၁)စီးနှင့်  Toyota Mark II မော်တော်ယာဉ် (၁)စီး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ  ဇူလိုင်လ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင်နှင့်ပြည်ခရိုင်တို့အတွင်း၌     တရားမဝင် ကျွန်းသစ်(၈ ဒသမ ၆၅၄)တန်၊ သစ်မာ(၄ ဒသမ ၀၆၂) တန်၊ အခြားသစ်(၂ ဒသမ ၈၃၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၄၅၂၂၀)ကို သစ်တော ဥပဒေအရ လည်းကောင်း၊  ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း၌ လိုင်စင်မဲ့ Honda Airwave မော်တော်ယာဉ်(၁)စီးနှင့် ထော်လာဂျီ (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၄၅၂၂၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ  ဇူလိုင်လ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်လမ်းထိပ်၌ လိုင်စင်မဲ့ Toyota Land Cruiser (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင်လ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၄၅၄၅၂၂၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။

Dates: 
Sunday, July 28, 2024 - 17:23