နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရ၏ ရည်မှန်းချက်သည် “ရွေးကောက်ပွဲ” ဖြစ်သည်

 

နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရ၏ ရည်မှန်းချက်သည်  “ရွေးကောက်ပွဲ” ဖြစ်သည်

 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါသည်။   ထိုသို့ လျာထား ဆောင်ရွက်လျက်ရှိသည်ကို တချို့က လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများကို အခြေခံပြီး ထွက်ပေါက်တစ်ခုအဖြစ် ပြောဆိုရှုမြင်နေသည်ကိုလည်း တွေ့မြင်ရပါသည်။ အဘယ်သို့သော အခြေအနေကို အခြေခံပြီး ထွက်ပေါက်အဖြစ် ရှုမြင်နေကြသည်ကိုတော့ မပြောတတ်ပါ။ “ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးမည်” ဆိုသည့်စကားရပ်သည် ယခုကာလမှ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလာခြင်း မဟုတ်ဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး၌ နိုင်ငံတော်၏ ယာယီသမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်၏ တာဝန်များကို ခေတ္တထိန်းသိမ်းပေးရန် လွှဲပြောင်းပေးစဉ်ကတည်းက  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် “နိုင်ငံတော်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍  တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေး ပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်”ဟု အခိုင်အမာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ချမှတ်ခဲ့သည့်  ရှေ့လုပ်ငန်းစဉ်များကို  လေ့လာကြည့်ပါက စတင်ဖွဲ့စည်းစဉ်ကချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော ဆိုးရွားသည့် မဲမသမာမှုများကြောင့်  အရေးပေါ်ကြေညာ၍ နိုင်ငံတော်တာဝန်ကို ရယူထိန်းသိမ်းခဲ့ရ၍ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ ခုရှိ မဲစာရင်းများကို ဦးစားပေးစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါမည်။ ရည်ရွယ်ချက်ရှိရှိဖြင့် မဲမသမာမှုပြုလုပ်နိုင်သည့် မဲအရေအတွက် ၁၁ သန်းကျော်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသောကြောင့် တာဝန်ရှိသူများကိုလည်း  ဥပဒေနှင့်အညီ အရေးယူခံခဲ့ရပါသည်။ အဆိုပါ ရှေ့လုပ်ငန်းစဉ်များ၏ နောက်ဆုံးအချက်တွင်လည်း “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟု ထည့်သွင်းပြီး  ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပကာ အနိုင်ရရှိသည့်ပါတီကို နိုင်ငံတာဝန်ကို ပြန်လည်လွှဲအပ် ပေးမည်ဖြစ်ကြောင်းကို တိုင်းသိပြည်သိ အာမခံထားသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်သမားများ၏ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များကြောင့် အရေးပေါ်ကာလ သက်တမ်းတိုးခဲ့ရာ (၂)နှစ်ပြည့်မြောက်သည့်နေ့တွင်လည်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ပြင်ဆင်ချမှတ်ခဲ့ပါသည်။ ထိုပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ နောက်ဆုံးအချက်တွင်လည်း “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေး  ဆက်လက် ဆောင်ရွက်သွားမည်”ဟု ထပ်မံထည့်ထားခဲ့သည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အန္တိမရည်မှန်းချက်သည် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမည်ဆိုသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

ထို့ပြင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း နိုင်ငံတော်အဆင့် အမျိုးသားရေးနှင့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများနှင့် အစည်းအဝေးများတွင်လည်း ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သော အခင်းအကျင်းများ၊ ပြင်ဆင်ဆောင်ရွက်မှုများအား အမြဲပြောကြားခဲ့သည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရွေးကောက်ပွဲလုပ်ပေးမည့် ရည်မှန်းချက်ကို ပြတ်သားစွာ တွေ့ရှိနိုင်ပါသည်။

လွတ်လပ်၍    တရားမျှတမှု အပြည့်ရှိသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ပေါ်ပေါက်လာရသည့် အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရည်မှန်းချက်နှင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေ၊ အနာဂတ်မှာ ဖြစ်တည်လာနိုင်မည့် အခြေအနေများကို မှန်ကန်စွာတွက်ဆရန် လိုပါလိမ့်မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်၏ ကိစ္စအရပ်ရပ်ကို တာဝန်ယူဖို့ စတင်ဖွဲ့စည်းရယူခဲ့ခြင်းသည် ယိုယွင်းသွားသည့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်ပေးဖို့သာ ဖြစ်ပါသည်။ ထိုကဲ့သို့ လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးရင်း အနာဂတ် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင်  ကဏ္ဍအစုံ၌ မဖြစ်မနေဆောင်ရွက်ရမည့် လက်တွေ့ကျသော အခြေခံအုတ်မြစ်များ ခိုင်မာစေဖို့  တည်ဆောက်နေခြင်းကို တွေ့ရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စနစ်အပြောင်းအလဲမှစ၍ ယခုချိန်ထိ   ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို ထဲထဲဝင်ဝင် သိရှိထားသူ တစ်ယောက်ဟု ဆိုနိုင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံ၏ စနစ်ပြောင်းကာလတွင် လက်တွေ့ကျင့်သုံးခဲ့ရာ ကြုံတွေ့ခဲ့ရသည့် အခြေအနေများအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင်သင့်သည်များကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ခြင်းဆိုသည့် ပကတိအမှန်တရားကို လက်ခံပြီး ဖြစ်သည်ကိုလည်း တွေ့ရပါသည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်ရေးဆိုသည့် နိုင်ငံရေး ရည်မှန်းချက် (၂)ရပ်ကိုချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ နိုင်ငံအတွင်း စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေသော လက်နက်ကိုင် လမ်းစဉ်ကို  မဖြစ်မနေချုပ်ငြိမ်း ပပျောက်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှ တစ်ဆင့်  နိုင်ငံရေးညီမျှမှု၊ နိုင်ငံဖွဲ့စည်း တည်ဆောက်မှုတို့ဖြင့် ကြိုးပမ်းနေခြင်းကိုလည်း တွေ့မြင်လာရပါသည်။

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများကို အငြင်းပွားမှု နည်းပါးစွာဖြင့် ဖြတ်ကျော်နိုင်ခဲ့ပြီး နည်းပါးသည့် အငြင်းပွားမှုများကိုလည်း အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ၅ နှစ်တာ ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသုံးရပ်ကျင့်သုံးခဲ့ရာ ကြီးမားသည့် ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာ(တစ်နည်းအားဖြင့်)   အစိုးရနှင့် ပြည်ထောင်စု လွှတ်တော်တို့ကြားတွင် ပွတ်တိုက်မှု အနည်းငယ်တော့ ရှိခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် အချိန်ကတည်းက အမြစ်တွယ်ခဲ့သော လက်နက်ကိုင်၍ ဖြေရှင်းသည့် လမ်းစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)က သြဇာသက်ရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိသည်ကို တွေ့ရပါသည်။ မြန်မာ့လက်နက်ကိုင် လမ်းစဉ်သည် မည်သည့်ခေတ်တွင်မှ ပပျောက်သွားခြင်း မရှိခဲ့ဘဲ အတန်ငယ်အားနည်းခဲ့ခြင်းသာ ရှိခဲ့ပါသည်။ ဒီမိုကရေစီခေတ်တွင် တစ်ကျော့ပြန် တိုက်ပွဲများပြန်လည်ဖြစ်ပွားခြင်းများနှင့် အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသစ်များလည်း ထပ်မံပေါ်ပေါက် လာခဲ့သည်ကိုတွေ့ရမှာဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မည်သည့် လက်နက်ကိုင်အဖွဲ့မဆို လက်နက်ကိုင်အဖွဲ့အဖြစ် တရားဝင် ရပ်တည်မည်ဆိုပါက နယ်ခြားစောင့်တပ်အဖြစ်သော် လည်းကောင်း၊ ပြည်သူ့စစ်အဖြစ်သော် လည်းကောင်း ပြောင်းလဲပြီး တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်  တည်ရှိရမှာဖြစ်ပါသည်။ သို့သော် ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်ကွပ်ကဲမှုအောက်တွင် နေထိုင်လိုခြင်းမရှိကြဘဲ ကိုယ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့ဖွဲ့စည်းပြီး သီးခြားနယ်မြေအဖြစ် ရပ်တည်လိုသည့် သဘောထားများသာ ရှိနေကြသည်ကို တွေ့ရမှာဖြစ်ပါသည်။ ထိုပြဿနာများကိုပြေလည်စေပြီး  ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖြစ်တည်လာစေရေးအတွက် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကြမည်ဆိုသည့် နည်းလမ်းတစ်ခု ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၅  ခုနှစ်ရွေးကောက်ပွဲကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးနောက်တွင် ၁၉၈၈ ခုနှစ်ကတည်းက တပ်မတော်ကို ရန်သူသဖွယ် အမြဲတမ်းစဉ်းစား ဆက်ဆံခဲ့သည့်  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အာဏာရလာခဲ့ပါသည်။ ဒီမိုကရေစီစနစ် အသက်ဝင်စေရန်နှင့် ပြည်သူပြည်သားများ၏ သဘောထားကို လေးစားသည့်အတွက် အာဏာရ USDP ပါတီအစိုးရသည် ရွေးကောက်ပွဲကို သမာသမတ်ကျစွာဖြင့် ကျင်းပပေးခဲ့ပြီး မဲအနိုင်ရသည့် NLD ပါတီကိုလည်း   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးအပ်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံတော်တာဝန်ကို ရယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသည် ၎င်းတို့ကို အာဏာရစေခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အပေါ် လေးစားစွာ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ၎င်းတို့အလိုကျ ပြင်ချင်ရာ ပြင်ဖို့ကိုသာ အဓိကထား ဆောင်ရွက်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ အားသာမည့် ကိစ္စရပ်များတွင် အခြေခံဥပဒေကို ခုတုံးလုပ်ပြီး ၎င်းတို့လုပ်ချင်သည့် ကိစ္စရပ်များတွင် အခြေခံဥပဒေကို မျက်ကွယ်ပြုခဲ့ကြသည်ကို တွေ့ရမှာဖြစ်ပါသည်။ ဥပမာအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့် အသုံးအနှုန်းနှင့် ရာထူးသည်ပင် အခြေခံဥပဒေက ပေးထားသည့် အခွင့်အာဏာထက် ကျော်လွန်နေသည်ကို တွေ့ရမှာဖြစ်ပါသည်။ ထို ၅ နှစ်တာ ကာလအတွင်းတွင် NLD အနေဖြင့် အဓိကဆောင်ရွက်ခဲ့သည့် ကိစ္စသည် တပ်မတော်ကို နိုင်ငံရေးမှ ထွက်ခွာရေး၊   နိုင်ငံရေးသမားများ၏ လက်အောက်ရောက်ရှိရေးနှင့် တပ်မတော်အပေါ် ပြည်သူလူထု အမြင်မှားစေရေးများကိုသာ  တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရမှာဖြစ်ပါသည်။

NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတ အရည်အချင်းဖြစ်သည့် ပုဒ်မ ၅၉(စ)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ များကိုသာ အဓိကထားခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ပုဒ်မ ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းထားသည်ဟု ယူဆပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ပြင်ဆင်လိုခြင်းဖြစ်ပါသည်။ ပုဒ်မ ၄၃၆ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့စိတ်ကြိုက် အလွယ်တကူပြင်ဆင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ကျင်းပခဲ့သည့်ရွေးကောက်ပွဲများတွင်  မဲပေးရွေးချယ်သည့်စနစ်သည် မဲနိုင်သည့်သူ အကုန်ယူစနစ်ဖြစ်နေသည့်အတွက် အချို့သောပြည်နယ်များတွင် မဲနိုင်သည့် တိုင်းရင်းသားပါတီများသည် အစိုးရဖွဲ့ခွင့်မရဘဲ သမ္မတကသာ စိတ်ကြိုက်ဖွဲ့စည်း ခန့်အပ်နိုင်သည့်အတွက် တိုင်းရင်းသားအများစုက ကျေနပ်နှစ်ခြိုက်ခြင်း မရှိကြပါ။ ထိုအချက်သည် ပြည်ထောင်စု သွေးစည်းညီညွတ်ရေးနှင့် တိုင်းရင်းသားများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေးစားတန်ဖိုးထား လာနိုင်သည့်အခြေအနေကို အဟန့်အတားဖြစ်စေသည်ဟု ရှုမြင်ရပါမည်။ NLD အနေဖြင့် အာဏာမရမီအချိန်တွင် တိုင်းရင်းသား အခွင့်အရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို ရှေးရှုမည်ဟု တွင်တွင်ပြောခဲ့သော်လည်း အာဏာရလာသည့်အခါ တစ်နိုင်ငံလုံးကို တစ်ပါတီတည်းက လက်ဝါးကြီးအုပ်ချင်သည်က ပိုများလာခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် မိမိတို့ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်နယ်နှင့် ဒေသများတွင် မဲနိုင်ပါက သက်ဆိုင်ရာ အစိုးရအဖွဲ့ကို ကိုယ်တိုင်ရွေးချယ် ခန့်အပ်လိုသည့်ဆန္ဒသည် တိုင်းရင်းသားတိုင်းတွင် ရှိကြပါသည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲနိုင်၍ အစိုးရဖွဲ့ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေစတင်အသက်ဝင်သည့် ကာလဖြစ်ခြင်းနှင့် နိုင်ငံတစ်ဝန်းလုံး ပြည်နယ်ဒေသများတွင်ပါ မဲနိုင်ခြင်းများကြောင့် သမ္မတက စိတ်ကြိုက်ခန့်အပ်ခဲ့တာ မသိသာလှပေ။ သို့သော် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်  ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသား ပါတီက မဲအများစုဖြင့် နိုင်ခဲ့သည့်အတွက် အစိုးရဖွဲ့ရာတွင် ပြည်နယ်အစိုးရကို ကိုယ်တိုင်ဖွဲ့လိုသည့်  ဆန္ဒရှိခဲ့သော်လည်း NLD ပါတီက လက်မခံခဲ့ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်မပြုထားဟူ၍ အကြောင်းပြခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ခေတ်ပြောင်းစနစ်ပြောင်း အတွက်  သင့်တင့်မျှတကောင်းမွန်သည့် ဥပဒေတစ်ရပ်လို့ ဆိုနိုင်ပါသည်။ သို့သော် တရားသေ ဆုပ်ကိုင်ထားရန်တော့ မသင့်ပါ။ တိုးတက်မှုများအရ သင့်တင့်မျှတစွာ ပြင်ဆင်ဖို့တော့ လိုပါသည်။ မည်သို့ပြင်ဆင်သင့်ပါသနည်း ဆိုလျှင် မြန်မာ့နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြသည့် Stakeholder များအနေဖြင့် စည်းလုံးညီညွတ်စွာ တိုင်ပင်ဆွေးနွေး ပြင်ဆင်သင့်သည်ဟု ဆိုချင်ပါသည်။ အထူးသဖြင့် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ အပါအဝင် နိုင်ငံရေးပါတီများသည် အဓိကကျပါလိမ့်မည်။

ထိုအခြေအနေအရပ်ရပ်ကို လက်ရှိနိုင်ငံတော် တာဝန်ကို ရယူထားသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ကောင်းစွာသိရှိ နားလည်နေသည်ဟု မြင်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်အချိန်မှာ ထုတ်ပြန်ခဲ့သည့် ဦးတည်ချက်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နေမှုများ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးဆွေးနွေးမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်လိုသည့် အချက်အလက်များကို ပွင့်လင်းစွာ ဆွေးနွေးမှတ်တမ်း တင်ထားရှိမှုများကိုကြည့်လျှင် အနာဂတ်တွင် မြန်မာနိုင်ငံကို မည်သို့ပုံဖော်မည်ဆိုသည့် ရည်မှန်းချက်ကို တွေ့နိုင်ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်တာဝန်ယူခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ချမှတ်ထားသည့်    အန္တိမရည်မှန်းချက်ဖြစ်သော ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပနိုင်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် အချိတ်အဆက်မိမိ ဆောင်ရွက်လာရာ ရုပ်လုံးပေါ်လာနေသည်ကိုတွေ့ရပါသည်။  ကနဦးအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိအောင် စီမံချက်ချဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲအပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တိုင်းရင်းသားလူမျိုး အားလုံးပါဝင်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ အကြိမ်ကြိမ်ညှိနှိုင်းပြီး မဲများသူအနိုင်ရသည့်စနစ် (FPTP) အစား စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ်(Closed List-PR)ဖြင့် ပေါင်းစပ်ကျင့်သုံးသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲတွင် ပါတီများစုံလင်စွာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အတွက် ပါတီများမှတ်ပုံတင်ခြင်း၊ ပါတီဆိုင်ရာဥပဒေနှင့်  နည်းဥပဒေများ ပြဋ္ဌာန်းပေးခြင်း၊ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ ပြည်သူများ မဲပေးရာမှာ အဆင်ပြေပြီး ပွင့်လင်းမြင်သာမှုရှိစေရန် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine)ဖြင့် မဲပေးသည့်စနစ် ဆောင်ရွက်ပေးခြင်း၊ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်အဖြစ် မဲစာရင်းများ ခိုင်လုံမှန်ကန်မှု ရှိစေရေး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး  ပြင်ဆင်ဆောင်ရွက်ခြင်း၊ လွတ်လပ်၍ တရားမျှတမှု အပြည့်ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းများကို တွေ့ရပါသည်။

လာမည့်ရွေးကောက်ပွဲသည် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုကြီးဆီသို့ချီတက်ရာ မုခ်ဦးတံခါးဝတစ်ခုဟု ဆိုနိုင်ပါသည်။

ရွေးကောက်ပွဲအဝင်တံခါးကို  ဖွင့်လှစ်ဝင်ရောက်ပြီး ပဋိပက္ခမှန်သမျှ နိုင်ငံရေးစားပွဲဝိုင်းများ အပေါ်တွင် ဖြေရှင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများဖော်ဆောင်ကာ ညီညွတ်မှုကို တည်ဆောက်ရင်း အခြေခံကောင်းများကို မြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ အစီစီ အသင့်ရှိနေကြမည့် ပုံရိပ်ကို  လှမ်းမျှော်ကြည့်နိုင်ပါသည်။  ယခုလာမည့် ရွေးကောက်ပွဲသည်   အနာဂတ်မြန်မာနိုင်ငံ၏

ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုလမ်းမကြီးဆီသို့ ချိတ်ဆက်ပေးမည့် Entry Strategy ပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင်   မျှော်လင့်ချက်များ  စုစည်းပေါင်းဆုံရာ ပြည်ထောင်စုအိမ်ကြီး၏ ဝင်ပေါက်တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့ဖြစ်၍  ယခုကာလကတည်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများနှင့် ပတ်သက်၍ နိုင်ငံတော်၏ ဘက်စုံကဏ္ဍစုံကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရေတိုရေရှည် စီမံကိန်းများချမှတ် လုပ်ဆောင်၍ မရှိမဖြစ်လိုအပ်သည့် အခြေခံကောင်းများ အုတ်မြစ်ချပေးနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဆောင်ရွက်ချက်များက သက်သေပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသည့် အခြေခံလုပ်ငန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများသာလျှင် ဖြစ်ပါသည်။ ဤအခြေခံစနစ်ဖွံ့ဖြိုးအောင်မြင်မှသာ နောက်တစ်ဆင့်ကို ရည်မှန်းရမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးကို အခြေမခံသည့် စက်မှုလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် လက်တွေ့မကျသည့် လုပ်ငန်းဟုဆိုရပေလိမ့်မည်။ မလုပ်ရဟုဆိုလိုခြင်း မဟုတ်ပါ။ အတူယှဉ်တွဲလုပ်နိုင်သော်လည်း လက်တွေ့ကျသည့် အခွင့်အရေးသည် စိုက်ပျိုးမွေးမြူရေးနှင့် ထိုလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများနှင့် ယင်းနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်  နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကို   ဆွဲဆောင်နိုင်မည့် ခရီးသွား လုပ်ငန်းများသာဖြစ်ပါသည်။ စိုက်ပျိုးရေးတွင် ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ ဂျုံ၊ ကော်ဖီနှင့် ဆန်စပါးစသည့် စားသုံးသီးနှံ သက်သက်တင်မဟုတ်ဘဲ ကြံ၊ ရော်ဘာ အစရှိသည့် စက်မှုကုန်ကြမ်းသီးနှံများသည်လည်း မြန်မာ့စီးပွားရေးအတွက် အခြေခံကောင်းများဖြစ်ပါသည်။ မွေးမြူရေးနှင့်ပတ်သက်ပြီး ပြည်ပသို့တင်ပို့နိုင်သည့် အေးခဲအသားများနှင့် စည်သွတ်ဘူးလုပ်ငန်းများသည်လည်း အခွင့်အရေးရှိသည့် အခြေခံကောင်းများဖြစ်ပါသည်။ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ထိုအခြေခံကောင်းများကို မူဝါဒချမှတ်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်စေရန်  ရေရှည်စီမံကိန်းအဖြစ် မူဝါဒချမှတ် အကောင်အထည်ဖော် ပေးလျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးလျှင် မူလအခြေအနေအတိုင်း အာဏာသုံးရပ်သည် အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် သီးခြားစီ ရပ်တည်ရတော့မှာ ဖြစ်ပါသည်။ အုပ်ချုပ်မှုအာဏာအတွက် စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများနှင့် လျှပ်စစ်စွမ်းအင်အတွက် အခြေခံကောင်းများ ချမှတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ပေါ်ပေါက်လာမည့် လွှတ်တော်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အချက်အလက်များကိုလည်း ဆွေးနွေးညှိနှိုင်းထားပြီးဖြစ်သည့်အတွက်  အလွယ်တကူပြင်ဆင်နိုင်မည့် အခြေအနေဖြစ်ပါသည်။ ထိုအခြေအနေအတိုင်း ဆက်လက်လျှောက်လှမ်းမည် ဆိုပါက ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံအဖြစ် အေးချမ်းတည်ငြိမ်စွာ ဖြစ်တည်လာမှာမလွဲဟု ဆိုရပေမည်။ ထိုခရီးကို ဆက်လက်ချီတက်ဖို့ အတွက်ဆိုလျှင် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲသည် ထွက်ပေါက်တစ်ခု မဟုတ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ အန္တိမ ရည်မှန်းချက်ဖြင့် တည်ဆောက်ပေးသော ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတစ်နိုင်ငံ၏ နိဒါန်းအစနှင့် ဝင်ပေါက် တစ်ခုသာဖြစ်ပေသည်။ အနာဂတ်မြန်မာနိုင်ငံအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လက်နက်ကိုင် လမ်းစဉ်ချုပ်ငြိမ်းရေးဆိုင်ရာ ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆိုင်ရာဒေသအသီးသီးမှ ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့်  တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက အမျိုးသားရေး အမြင်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမည်ဆိုလျှင်   အနာဂတ်၏ ရွှေပြည်ခရီးသည်ဝေးမည်မထင်ပါ။  ။