နောက်ကွယ်က လက်မည်းကြီးကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ ထရမ့်နဲ့ အမေရိကန်နိုင်ငံရေးအပေါ် သက်ရောက်နိုင်မှု

 

နောက်ကွယ်က လက်မည်းကြီးကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ ထရမ့်နဲ့ အမေရိကန်နိုင်ငံရေးအပေါ် သက်ရောက်နိုင်မှု

 

    အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာသူ့ရဲ့ ရွေးကောက်ပွဲဝင် အစောပိုင်းမိန့်ခွန်း တစ်ရပ်မှာ ပြောခဲ့ဖူးတာရှိပါတယ်။  ဘာလဲဆိုတော့ “နောက်ကွယ်ကလက်မည်းကြီးက အမေရိကန်ပြည်ထောင်စုကို ဖျက်ဆီးရင်ဖျက်ဆီး၊ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့က အဲဒီနောက်ကွယ်က လက်မည်းကြီးကို ဖျက်ဆီးရပါလိမ့်မယ်” ဆိုပြီးတော့ပါ။

ထရမ့်ဟာ သူ့ရဲ့တတိယအကြိမ်မြောက်  သမ္မတရွေးကောက်ပွဲဝင် မဲဆွယ်စည်းရုံးရေးကို ပြီးခဲ့တဲ့နှစ် မတ်လမှာ စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာသူ့ရဲ့ ၂၀၂၄ ခုနှစ်ပြိုင်ပွဲက ဂျိုးဘိုင်ဒင်ကို အနိုင်ယူမယ့် နောက်ဆုံးပြိုင်ပွဲဖြစ်သလို နောက်ကွယ်က လက်မည်းကြီးက  အမေရိကန်ပြည်ထောင်စုကို ဖျက်ဆီးရင်ဖျက်ဆီး၊ ဒီလိုမှမဟုတ်ရင် ပြည်သူများက အဲဒီအဖွဲ့အစည်းကို ဖျက်ဆီးရပါမယ်ဆိုပြီး အတိအလင်း ပြောသွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ  ဒီမိုကရေစီစနစ်ကို   အကောင်းဆုံးကျင့်သုံးတဲ့နိုင်ငံလို့  တော်တော်များများက လက်ခံထားကြမှာပါ။   သမ္မတအတွက် ရွေးကောက်ပွဲတွေ ကျင်းပတယ်။ လွှတ်တော်များအတွက် ရွေးကောက်ပွဲတွေ ကျင်းပတယ်။

ရွေးကောက်ခံရတဲ့သမ္မတက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို ရယူအုပ်ချုပ်တယ်။ ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ်တွေက   လွှတ်တော်ထဲကနေပြီး အုပ်ချုပ်ရေးအာဏာကို ပြန်လည်ထိန်းကျောင်းတယ်။ ဒါဟာ အရိုးရှင်းဆုံးသော ဒီမိုကရေစီစနစ်ပါ။ ဒါပေမဲ့ အမေရိကန်နိုင်ငံရေးမှာတော့   အဲဒီလောက်အထိ လွယ်ကူရိုးရှင်းမနေပါဘူး။

အမေရိကန်နိုင်ငံမှာ Deep State လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရှိပြီး အဲဒီအဖွဲ့ထဲမှာ  ရွေးကောက်ခံမဟုတ်တဲ့ အာဏာရှိသူတွေ၊ လွှမ်းမိုးမှုရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင်တွေ ပါဝင်တယ်လို့ဆိုပါတယ်။

သူတို့ရဲ့လုပ်ဆောင်ချက်က   အစိုးရအဖွဲ့ကို နောက်ကွယ်ကနေ ထိန်းချုပ်နေတာပါ။ တစ်နည်းပြောရရင် ရှိလို့ရှိမှန်းတောင်မသိရတဲ့ နောက်ကွယ်က အုပ်ချုပ်ရေးအဖွဲ့ပေါ့။ ဒါကြောင့် နောက်ကွယ်က လက်မည်းကြီးလို့ ခေါင်းစဉ်တပ်လိုက်တာပါ။

Deep State  ရဲ့မြစ်ဖျားခံရာက ၁၉၉၀ ပြည့်နှစ်အလွန်ကာလများမှာ    စတင်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် တူကီယဲနိုင်ငံမှာရှိတဲ့ အဲဒီလို အဖွဲ့အစည်းကို ရည်ညွှန်းပြောဆိုခဲ့တာပါ။

နောက်ပိုင်းမှာတော့ Deep State ဆိုတဲ့ အသုံးအနှုန်းကို အမေရိကန်အစိုးရ အတွက်လည်း သုံးစွဲလာတာတွေ့ရပါတယ်။ အဓိကသုံးစွဲလာတဲ့ အချိန်က ဘားရက်အိုဘားမားက သမ္မတအနေနဲ့ တာဝန်ယူချိန်ပါ။ အဲဒီအချိန်တွေတုန်းက Deep State ဆိုတာ ကောလာဟလ ဒါမှမဟုတ် အယူအဆတစ်ခုမျှသာ ရှိခဲ့တာဖြစ်ပါတယ်။

အိုဘားမားလက်ထက်ပြီးနောက် ထရမ့်လက်ထက် အရောက်မှာတော့ ဒီအဖွဲ့ရဲ့စွက်ဖက်မှုတွေကို ထရမ့်တစ်ယောက် ထဲထဲဝင်ဝင်ခံခဲ့ရပုံပါပဲ။

ဘာကြောင့်လဲဆိုရင် Deep State လို့ခေါ်တဲ့ အဖွဲ့က သူ့ကိုလည်း ဆန့်ကျင်နေသလို သူ့အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကိုလည်း ဆန့်ကျင်ကန့်ကွက်မှုတွေ လုပ်နေတယ်လို့ ထရမ့်က ဆိုလာခြင်းကြောင့်ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်လောက်က ထွက်ပေါ်လာခဲ့တဲ့ စနိုးဒန်အကြောင်းကို   တော်တော်များများ ကြားဖူးကြမှာပေါ့။

အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုပြီး ဘက်ပြောင်းခိုလှုံသွားတဲ့သူပါ။

သူက  ၂၀၁၄  ခုနှစ်မှာ  ဘာပြောဖူးလဲဆိုတော့ အမေရိကန်နိုင်ငံမှာ Deep State  အဖွဲ့က  တကယ့်ကိုတည်ရှိနေပါတယ်။ သူပြောတာကိုယုံပါ။ သူကအဲဒီအဖွဲ့ထဲမှာ ရှိခဲ့ဖူးတဲ့သူပါဆိုပြီး ပြောထားတာပါ။

၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာလုပ်ဆောင်တဲ့ လူထုသဘောထား စစ်တမ်းကောက်ယူမှုတွေမှာဆိုရင်လည်း အမေရိကန်ပြည်သူထက်ဝက်ကျော်က သူတို့နိုင်ငံထဲမှာ Deep State အဖွဲ့အစည်းရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောထားတာကိုတွေ့ရပါတယ်။

ဒေါ်နယ်ထရမ့်ဆိုတာ   အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပါ။ သူ့အနေနဲ့ စကားကို ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သလို တော်ရုံတန်ရုံအားဖြင့် ဘယ်သူ့စကားကိုမှ နားထောင်လိုစိတ်မရှိသူ တစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ဗီဇကြောင့်ပဲ  Deep State နဲ့တည့်တည့်ရှုရှု မဖြစ်ခဲ့တဲ့အတွက်   အမေရိကန်သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ဖြစ်စဉ်တွေဟာ ထရမ့်ဆီမှာဖြစ်ခဲ့ရပါတယ်။

လူထောင်ပေါင်းများစွာ သေကျေပျက်စီးစေမယ့် စစ်ပွဲတွေကိုဖန်တီးခဲ့သူ ဂျော့ဒဗလျူဘု(ရှ်)တောင်မှ သမ္မတသက်တမ်း နှစ်ဆက်တာဝန် ထမ်းဆောင်ခဲ့ရတယ်။ သူပြီးရင် အိုဘားမားကလည်း သက်တမ်းနှစ်ဆက်ပါပဲ။

ဒေါ်နယ်ထရမ့် လက်ထက်ကျမှ  ဘယ်လိုကြီးကြီးမားမား မှားယွင်းမှုမျိုးလည်း မရှိပါဘဲ သမ္မတသက်တမ်း တစ်ဆက်တည်းနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ဒုတိယသက်တမ်းအတွက်  ဆက်လက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဂျိုးဘိုင်ဒင်အနိုင်ရခဲ့တော့   လွှတ်တော်အဆောက်အအုံမှာ ဆူပူအုံကြွမှုဖြစ်တယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ထရမ့်ရှိနေတယ်ဆိုပြီး စွပ်စွဲခံရတယ်။

ဒါတင်ပဲလားဆိုတော့ လျှို့ဝှက်အဆင့်အတန်းရှိတဲ့ စာရွက်စာတမ်းတချို့ကို ထရမ့်ရဲ့နေအိမ်မှာ တွေ့ရှိတယ်ဆိုတဲ့ အချက်ကနေစပြီး   တခြားမဆိုင်တဲ့ အမှုပေါင်း မြောက်မြားစွာနဲ့ပါ တရားစွဲခံရတယ်။

အခုနောက်ဆုံးကျတော့ လာမယ့်ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်နဲ့မကျေပွဲနွှဲတဲ့ အနေနဲ့   ဒုတိယအကျော့ ယှဉ်ပြိုင်ဖို့အတွက် ထရမ့်ဘက်က တာစူပြီး မဲဆွယ်စည်းရုံးမှုတွေကို မြိုင်မြိုင်ဆိုင်ဆိုင် လုပ်နေချိန်၊ ဂျိုးဘိုင်ဒင်ထက်စာရင် ထရမ့်အပေါ် လူထုထောက်ခံမှု သိသိသာသာ မြင့်တက်လာတဲ့အချိန်၊ ရွေးကောက်ပွဲကျရင် ထရမ့်သာအနိုင်ရဖို့ သေချာသလောက်ရှိနေတဲ့ အချိန်မှာ အမေရိကန်သမိုင်း တစ်လျှောက်ဖြစ်ခေါင့်ဖြစ်ခဲဖြစ်တဲ့ လုပ်ကြံရန် ကြိုးပမ်းမှုနဲ့ ထရမ့်တစ်ယောက် ရင်ဆိုင်လိုက်ရပါတယ်။

ဒီအချိန်မှာ ထရမ့်ကအင်မတန်မှ ကံကောင်းနေလို့သာ အသက်ဘေးကနေ သီသီလေးလွတ်သွားတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် သူကခေါင်းကိုအလှည့် ကျည်ဆန်က သူ့ရဲ့ညာဘက်နား အပေါ်ဘက်ကနေဖြတ် အသွားနဲ့ကြုံလိုက်ရလို့ပါ။

ဒီအခြေအနေတွေအားလုံးရဲ့ နောက်ကွယ်မှာ Deep  State လို့ခေါ်တဲ့ နောက်ကွယ်ကကြိုးကိုင်သူ လက်မည်းကြီးအဖွဲ့ ရှိနေတယ်လို့ ညွှန်ပြနေပါတယ်။

သူ့ရဲ့ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုအစမှာ Deep  State အဖွဲ့ကိုဖျက်ဆီးမယ်လို့ ဆိုထားခြင်းကြောင့်လည်း နောက်ကွယ်ကလက်မည်းကြီးအဖွဲ့နဲ့ အမေရိကန်နိုင်ငံရေးအပေါ် လူတော်တော်များများက ပိုလို့စိတ်ဝင်စားလာကြတာပါ။

ထရမ့်အနေနဲ့ လုပ်ကြံရန်ကြိုးပမ်းခံရမှု ဖြစ်စဉ်အပြီးမှာ ဒီအခြေအနေက  သေချာအကွက်ချ စီစဉ်ထားတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့  အွန်လိုင်းပေါ်မှာ သောသောညံခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ   အမေရိကန်အခြေစိုက် အကောင့်တစ်ခုက ထရမ့်အနေနဲ့ အခုလိုမျိုးကြုံရတာဟာ ထိပ်တန်းဖြစ်တဲ့  အဖွဲ့အစည်းကို ဖျက်ဆီးဖို့ကြိုးပမ်းမှုအတွက် တန်ရာတန်ကြေး ပြန်ပေးရတာဆိုပြီးတော့လည်း ရေးသားထားတာကို တွေ့လိုက်ရပါတယ်။

နောက်တစ်ခုကကျတော့    ဒီလိုလုပ်ကြံဖို့အတွက် CIA ကညွှန်ကြားခဲ့တာ ဖြစ်နိုင်ဖွယ်ရှိပြီး   မိုက်ပန့်၊ ဟီလာရီကလင်တန်နဲ့ အိုဘားမားတို့က ကြံရာပါတွေဖြစ်တယ်လို့ အွန်လိုင်းမှာ ရေးထားတာပါ။ အဲဒီဗီဒီယိုကိုကြည့်ရှုသူက ၇ သန်းနီးပါး အထိရှိပါတယ်။

ဘိုင်ဒင်ဘက်ကိုလှည့်ပြောရမယ်ဆိုရင် ဂျိုးဘိုင်ဒင်ဟာ အသက် ၈၁  နှစ်ရှိပါပြီ။  စကားပြောရာမှာလည်း အယောင်ယောင်အမှားမှားနဲ့ ဘယ်လိုမှကို နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နိုင်တဲ့ အနေအထားမရှိတော့ပါဘူး။

ဒါပေမဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိစ္စကို ဘုရားသခင်ကလာတားမှသာ လက်လွှတ်မယ်လို့ဆိုခဲ့သူပါ။

သို့သော်လည်း မကြာသေးခင်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်။ နေမကောင်းဖြစ်တယ်ဆိုပြီး သူ့ရဲ့ ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကို  လက်လျှော့လိုက်ပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတချို့ကလည်း Deep State ဟာ  ဘိုင်ဒင်ရဲ့  စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု မရှိတော့တဲ့  အခြေအနေကို  ဖုံးကွယ်ထားတယ်လို့ ပြောလာကြတာတွေကိုလည်း တွေ့ရပါတယ်။

ဘုရားသခင်ဆင်းတားမှသာ  လက်လျှော့မယ်ဆိုတဲ့ ဂျိုးဘိုင်ဒင်ဟာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အနေအထားကနေ   အလွယ်တကူပဲ လက်လျှော့သွားတာဟာ  သူ့နောက်ကွယ်မှာ ပါတီရဲ့ဖိအားများစွာ ရှိနေတယ်လို့ဆိုကြပေမယ့်  အဲဒီဖိအားတွေကိုချုပ်ကိုင်ထားတာက Deep State ပါ။

သက်သေပြစရာတစ်ခုက  ဆီးနိတ်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ တမ်မီတူဘာဗေးက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကို ထိန်းချုပ်နေသူတွေဟာ ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသမားများနဲ့ Deep State တို့ပဲဖြစ်တယ်လို့ အတိအလင်းကို ပြောထားတာတွေ့ရပါတယ်။

တချို့ဝေဖန်ရေးသမားတွေကတော့  Deep State ဆိုတာ ရီပတ်ဘလစ်ကန်တွေ ဘက်က သက်သက်မဲ့ လုပ်ကြံသတင်းလွှင့်ထားတဲ့ အဖွဲ့ပါလို့ပြောကြပါတယ်။

ထရမ့်အနေနဲ့လုပ်ကြံရန် ကြိုးပမ်းခံရတဲ့ဖြစ်စဉ်ဆိုရင်လည်း နိုင်ငံအတွင်းမှာ သေနတ်နဲ့ ယဉ်ပါးနေတဲ့ရောဂါကြောင့်ရယ်၊ လုံခြုံရေး အားနည်းမှုကြောင့်ရယ်သာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ထရမ့်ဟာ အမေရိကန် သမ္မတဟောင်းဖြစ်တဲ့အတွက် နိုင်ငံတော်စရိတ်နဲ့ လုံခြုံရေးအစောင့်အရှောက်ကို   ဘဝတစ်သက်တာ ရရှိထားသူပါ။  ထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားသူကလည်း အရင်တုန်းက ထရမ့်ရဲ့ရီပတ်ဘလစ်ကန်ပါတီကိုသာ ထောက်ခံအားပေးခဲ့သူပါ။

ပစ်ခတ်မှုမဖြစ်ခင်မှာ သေနတ်သမားကို လုံခြုံရေးအဖွဲ့က စောစောစီးစီးတွေ့ရှိခဲ့ပေမယ့် ကြိုတင်ချေမှုန်းခွင့် မရခဲ့ပါဘူး။  အကြောင်းရင်းက   လုံခြုံရေးအဖွဲ့ အကြီးအကဲက ပစ်မိန့်မပေးလို့ပါတဲ့။

အမေရိကန်မှာ ဘယ်လောက်ပဲ သေနတ်နဲ့ယဉ််ပါးနေကြတယ် ဆိုစေဦးတော့  အခုလိုမျိုးဖြစ်ရပ်ဖြစ်ရလောက်တ ဲ့အထိတော့  ဘယ်သူမှမလုပ်ကြပါဘူး။ သူတို့ဘာသာသူတို့ မကျေနပ်ချက်တွေကိုသာ သေနတ်နဲ့ ဖြေရှင်းလေ့ရှိကြတာပါ။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ အထက်မှာ နောက်ကွယ်က လက်မည်းကြီး မလွဲဧကန်ရှိနေမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

ဒီအခြေအနေမှာ ဒေါ်နယ်ထရမ့်က Deep State ဆိုတာကြီးကို နှိမ်နင်းသွားမယ်ဆိုတဲ့ ကတိပြုစိန်ခေါ်မှုက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံအတွက် တကယ့်ကို ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်လာပါတယ်။

အကယ်၍သာ ထရမ့်အနေနဲ့  Deep State ကိုဖော်ထုတ်နိုင်ပြီး ချေမှုန်းလိုက်နိုင်တယ်ဆိုရင် သိပ်ပြဿနာမရှိပေမယ့် ထင်ထားသလို မဖြစ်လာခဲ့ဘူးဆိုရင်တော့ အမေရိကန်နိုင်ငံမှာ နောက်တစ်ကြိမ် ပြည်တွင်းစစ်ဖြစ်လောက်တဲ့ အထိ စိန်ခေါ်မှုတွေ များလာမှာ အသေအချာပဲ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။   ။