ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

      စီမံကိန်းလုပ်ငန်းများကို ဥရောပပညာရှင် အဖွဲ့၏ကြီးကြပ်မှုဖြင့် အရှိန် အဟုန်နှင့် လျာထားချက်အတိုင်း ဆောင်ရွက်နေသည်။ ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလမှစ၍ ရေသိုလှောင်မည်ဟု လျာထားပြီး Roller Compacted Concrete (RCC)  တမံကို နေ့ရောညပါ အရှိန်မြှင့်၍ ဆောင်ရွက်နေသည်။

အကယ်၍သာ ၂၀၁၂ ခုနှစ်  နှစ်လယ်ခန့်မှစ၍  ပြောင်းရွှေ့ရေးကိစ္စများကို ဖိဖိစီးစီးမလုပ်ခဲ့လျှင် ရေသိုလှောင်မှု တစ်နှစ်နောက်ကျပေတော့မည်။ ရေသိုလှောင်မှု တစ်နှစ်နောက်ကျလျှင် ပထမဦးစွာ တွေ့ကြုံရမည်မှာ စီမံကိန်းသက်တမ်းဖြင့် စာချုပ်၍ ပါဝင်ဆောင်ရွက်နေသော အတိုင်ပင်ခံ နိုင်ငံခြားသားများနှင့် စကားပြောရတော့မည်။ ဓာတ်အားထုတ်လုပ်ပေးမည့်စက်များ တပ်ဆင်ထားပြီး ရေမရှိ၍ မလည်ပတ်ဘဲ အချိန်စောင့်ရပါက တပ်ဆင်မှုနှင့် စမ်းသပ်လည်ပတ်မှု အာမခံဖြင့် ပစ္စည်းပေးသွင်း ဆောင်ရွက်နေသော နိုင်ငံခြားသားများနှင့်လည်း အချေအတင် ပြောရတော့မည်။

ဤသုံးသပ်ချက်များအရ ထိုစဉ်က ညွှန်ကြားရေးမှူးချုပ်သည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကို ဦးဆောင်စေပြီး ဆိုင်ရာ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ ပါဝင်သော ခုနစ်ဦးဖြင့်  ပြောင်းရွှေ့ကျေးရွာများ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကွင်းဆင်းစေသည်။ အဖွဲ့ကို ၈.၆.၂၀၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ချက်ချင်းပင် အဖွဲ့သည် ရနိုင်သမျှစက်ယန္တရား၊ စက်သုံးဆီ၊ လူ စီစဉ်ပြီး ကျေးရွာများဆီသို့ ထွက်ခွာတော့သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်ဦးဆောင်ပြီး    ရွာသူရွာသားများ၏ ဆန္ဒသဘောထားနှင့် ဌာနဘက်မှ ဆောင်ရွက်ပေးနိုင်မှုများကို ကျေးရွာအုပ်စုအလိုက် စုစည်း၍    အပြန်အလှန် ညှိနှိုင်းကြတော့သည်။

ကျေးရွာပေါင်း ၂၃ ရွာမှာ ပြန့်ကျဲပြီး  အလှမ်းဝေးနေကြ၍ ကိုယ်စားလှယ်များကို ကျေးရွာအုပ်စုအလိုက် နေရာခွဲပြီး ရှင်းပြရ၊ ဆွေးနွေးရ၊ နှစ်ဖက်အပေးအယူ လုပ်ရသဖြင့် အစဦးပိုင်းတွင် အလွန်ခက်ခဲခဲ့သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် နောက်ထပ်လုပ်ငန်း အဖွဲ့ခွဲများ ထပ်ခွဲပြီး နေ့စဉ် ရွာစဉ်လှည့်၍ ရွာသားများနှင့် တွေ့ဆုံသည်။ ကြာလာသောအခါ ရွာများမှာ  ဝန်ထမ်းများ၏  စားအိမ်သောက်အိမ်များပင် ဖြစ်လာတော့သည်။ တွေ့ပါများတော့ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိလာသည်။ လအနည်းငယ်ကြာတော့ ခင်မင်လာကြသည်။ လုပ်ငန်းများပါ ချောမွေ့လာသည်။   ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်   ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန တာဝန်ရှိသူ အသီးသီး၏ ကြိုးပမ်းမှုပင်ဖြစ်သည်။

ဤသို့ဆောင်ရွက်နေစဉ် အုပ်ချုပ်ရေးကိစ္စ၊ လုံခြုံရေးကိစ္စ၊ ကျန်းမာရေးကိစ္စများ ပါလာသဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ရှမ်းပြည်နယ် အစိုးရထံ သွားရောက် အကူအညီတောင်းရပြန်သည်။ အဖွဲ့စတင်ဖွဲ့ပေးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် သုံးကြိမ် စုစုပေါင်း ငါးကြိမ် သွားရောက်တင်ပြခဲ့သည်။ ၂၀၁၃ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရှမ်းပြည်နယ်အစိုးရက    ရေဝပ်ဧရိယာရွှေ့ပြောင်းရေး ဦးစီးကော်မတီ တစ်ရပ်ကို ပြည်နယ်အဆင့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးခဲ့သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းတာဝန်ကျသူများ၏ နေ့စဉ် မနားတမ်း ကွင်းဆင်းမှုမှာလည်း ပင်ပန်းလှသည်။ ကျေးရွာများအတွက် မြေနေရာများ ရှင်းနေဆဲ၊ အကွက်ရိုက်နေဆဲ၊ ညှိနှိုင်းနေဆဲတွင် အဆိုပါ ကျေးရွာများတွင် ညအိပ်နားရန် မသင့်သေး၍ နေ့စဉ် နေပြည်တော် ရုံးချုပ်မှ ကျေးရွာများရှိရာ ပျဉ်းမနား-ပင်လောင်းလမ်း၊ လိန်းလီတံတားဝန်းကျင်ထိ အသွားနှစ်နာရီ၊  အပြန်နှစ်နာရီခန့်ခရီးကို ရက်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြရသည်။ ဝန်ထမ်းငယ်များ၊ စက်ယန္တရားမောင်းနှင် ကြီးကြပ်သူများကိုမူ ယာယီတဲများထိုး၍ ရိက္ခာပံ့ပိုးပေးပြီး လုံခြုံရေးဖြင့် နေ့၊ ည တာဝန်ချထား ဆောင်ရွက်စေခဲ့သည်။

နောင်တွင်      ဓာတ်အားဖြန့်ဖြူးရေး ခွဲရုံဖြစ်ပေါ်လာမည့်နေရာ၌ လျှပ်စစ်ဝန်ထမ်းများ ရှိရမည်ဖြစ်၍ ယင်းနေရာကို ဦးစားပေးပြီး နေအိမ်များနှင့် ရုံးတစ်ရုံးဆောက်သည်။ ယင်းနေရာသည် အုပ်ချုပ်ရေး အချက်အချာကျသည့် နေရာဖြစ်သည်။ ဤရုံးနှင့် ဤဝန်ထမ်းအိမ်ရာများပြီးလျှင် ပြီးချင်း    ရေဝပ်ဧရိယာပြောင်းရွှေ့ နေရာချထားရေး ကွပ်ကဲမှုရုံး    ဖွင့်ခဲ့သည်။ ဤဝင်းထဲမှာပင်   စက်ယန္တရားကြီးများနှင့်    ယာဉ်ကြီးများကို အနီးကပ်ကြီးကြပ်ရန် စက်မှုကွပ်ကဲမှုရုံးပါ တွဲ၍ဖွင့်ခဲ့သည်။ အဆောက်အအုံတစ်ခုကို ယာယီညအိပ်ရိပ်သာ အဖြစ် သုံးစွဲခဲ့သည်။

ဤအဆင့်ထိ လေးလနှင့်ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြသည်။ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) တစ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှစ်ဦး၊ ဦးစီးအရာရှိ(မြို့ပြ) သုံးဦး၊ မြို့ပြအရာရှိငယ် လေးဦးကို လုပ်ငန်းများ ခွဲဝေထမ်းဆောင်စေပြီး ယင်းစခန်းမှာပင် ညအိပ်အခြေစိုက်စေသည်။ စက်ယန္တရား၊ ယာဉ်ကြီးများလည်း အစီး ၂၀ ခန့်ထိ ထုတ်သုံးထား၍ လက်ထောက်ညွှန်ကြားရေးမှူး(စက်မှု)၊ ဦးစီးအရာရှိ (စက်မှု)နှင့်   စက်မှုအရာရှိငယ်များ အပါအဝင် ယာဉ်မောင်းနှင့် စက်ပြင်အဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့ စသည်ဖြင့် တာဝန်များခွဲဝေ ချထားပေးခဲ့သည်။ အုပ်ချုပ်မှု လွယ်ကူစေရန် ရုံးအဖွဲ့၊ ငွေစာရင်းအဖွဲ့၊ စကားပြောဆက်သွယ်ရေး စက်မှအစ ညအိပ်ဆောင်ရွက်နိုင်ရန် ပြည့်စုံအောင် စီစဉ်ပေးခဲ့သည်။

ရလဒ်ကောင်းရခဲ့သည်။ ရွာသူရွာသားများနှင့် လက်ရည်တစ်ပြင်တည်း ဖြစ်လာသည်။ တာဝန်ပေးခံထားရသော ဝန်ထမ်းများသည် ကျေးလက်မှ ကြီးပြင်းလာသူအများစုဖြစ်၍ ကိုယ်ချင်းစာနိုင်ကြသည်။ ရွာသားများ၏ ဆန္ဒကို ညှိနှိုင်း၍ စီစဉ်ပေးကြသည်။ ရွာသားများ ဘက်ကလည်း ဖြစ်လိုသည်များကို ပြောဆိုညှိနှိုင်းခဲ့ကြသည်။

အခါအားလျော်စွာ ရွာများအလိုက် လိုအပ်ချက် တင်ပြလာမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူး(မြို့ပြနှင့်စက်မှု) တို့မှ လုပ်ငန်းခွင်မှာပင် ပြီးပြတ်စေမည့်ကိစ္စများ  ပြီးပြတ်အောင် ညှိနှိုင်းပေးကြသည်။ ဘာသာရေး ကိုင်းရှိုင်းသူများဖြစ်၍ ရွာများမှ ဘုန်းတော်ကြီးများထံ မကြာမကြာ သွားရောက်လျှောက်ထားပြီး ၎င်းတို့၏ဆန္ဒများ၊ မိန့်ကြားမှုများကို နာယူကြသည်။ အရေးကြီးဆုံးဖြတ်ရန် ကိစ္စများကို ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တစ်ဆင့် ညွှန်ကြားရေးမှူးချုပ်ထံ ချက်ချင်းတင်ပြသည်။ လေးလခန့်အတွင်း ဒေသခံများနှင့် ညှိနှိုင်းမှုအားလုံး ပြီးပြတ်ပြီး သဘောတူညီမှုများ ရရှိခဲ့သည်။ ရရှိလာသည့် ညှိနှိုင်းမှုရလဒ်များမှာ -

     (က) ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး စသည့်    အများနှင့်ဆိုင်သော အဆောက်အအုံများကို  လက်ရှိထက်     သာလွန်ကောင်းမွန်သော အဆင့်ဖြစ်အောင် ဆောင်ရွက်ပေးရန်၊

     (ခ) လူနေအိမ်များကို ကျေးရွာသူ၊ ကျေးရွာသားများ၏ အစီအစဉ်ဖြင့်ဆောက်လုပ်ရန်၊ မူလ ရွာတွင်ရှိခဲ့သော အိမ်များ၏ အတန်းအစားနှင့် အရွယ်အစား အလိုက် အသစ်ဆောက်လုပ်ခအဖြစ် တွက်ချက်၍ ထောက်ပံ့ကြေး ပေးရန်၊

     (ဂ)    လယ်၊ ယာ၊ ဥယျာဉ်ခြံ စသည်တို့နှင့်  နှစ်ရှည်သီးပင်၊ စားပင်များအတွက် ထိုက်သင့်သော တန်ဖိုးဖြင့် ထောက်ပံ့ရန်၊

     (ဃ) ရွာဟောင်းမှ ရွာသစ်သို့ပြောင်းရွှေ့ရာတွင် ယာဉ်များ စီစဉ်ပေးရန်၊ အိမ်ဟောင်းဖျက် ဆယ်တင်ပစ္စည်းပါ သယ်ယူနိုင်ရေး စီစဉ်ပေးရန်၊

     (င) ကျေးရွာတွင်းလမ်း၊ ကျေးရွာချင်း ဆက်လမ်းနှင့် လမ်းအဆောက်အအုံများ ပြည့်စုံအောင် စီစဉ်ပေးရန်၊

     (စ)နေရာသစ်တွင် ရေရရှိရေး စီစဉ်ပေးရန်၊

     (ဆ)   ဓာတ်အားပေးစက်ရုံမှ ထွက်သည့်ဓာတ်အားကို ရွာများတွင် အသုံးပြုနိုင်ရေးနှင့် အိမ်တိုင်းသို့ လမ်းမီးတိုင်မှ ကြိုးသွယ်ပေးပြီး အိမ်သုံးမီတာ အခမဲ့တပ်ဆင်ပြီးသည်အထိ ပံ့ပိုးရန်၊

     (ဇ) နေရာသစ်တွင်  စိုက်ပျိုးမြေများ ဖော်ထုတ်ပေးရန်  စသည်တို့ဖြစ်သည်။

 ဤသဘောတူညီချက်များတွင် ပါရှိနေသော လမ်း၊ တံတား၊ ရေ၊ မီး၊ သစ်တောပလပ်မြေ ပြုလုပ်ရေး၊ အဆောက်အအုံ၊ စာသင်ကျောင်း၊ စျေး၊ စာကြည့်တိုက်၊ အုပ်ချုပ်ရေးရုံး၊ ဆေးရုံ၊ ဆေးခန်း၊ ဆရာ၊ ဆရာမများ နေအိမ် စသည်တို့မှာ ဌာနဘက်က မူလကတည်းက ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပြီးဖြစ်သည်။                       

ဆက်လက်ဖော်ပြပါမည်။