အောင်မြေသာစံမြို့နယ်၊ မိတ္ထီလာမြို့နှင့် တာချီလိတ်မြို့နယ် တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၂၈
အောင်မြေသာစံမြို့နယ်၊ မိတ္ထီလာမြို့နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၆ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် အောင်မြေသာစံမြို့နယ် သီရိမာလာ (အရှေ့)ရပ်ကွက် ၂၃(ဃ)လမ်း၊ ၈၉ လမ်းထောင့်ရှိ ကားဂိတ်တွင် ပလတ်စတစ်ထိုင်ခုံများ လာရောက်ပို့ဆောင်သူ မညိုညိုလွင် အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၈၇၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၇၀ ကိုလည်းကောင်း၊ အလားတူ ဇူလိုင်လ ၂၇ ရက် ညနေ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် သမုန်းကုန်း(၄)လမ်းတွင် ဇွဲမာန်ဦး(ခ)ချစ်တီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ပြား၊ ညနေ ၃ နာရီ မိနစ် ၄၀ တွင် မိတ္ထီလာမြို့ နန်းတော်ကုန်း ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀ ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက်ရှိ ဝင်းထိုက်(ခ)ဝင်းကို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း။
ထို့အတူ ဇူလိုင်လ ၂၅ ရက် ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာ အနီးတွင် သက်ဖြိုးအောင်(ခ)သာလိကာ မောင်းနှင်ပြီး အောင်ဇေယျာဖြိုး(ခ)ကြက်တူရွေး လိုက်ပါလာသည့် NISSAN DIESEL၁၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း Ammonium Nitrate ကီလို ၁၂၈၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ မိနစ် ၄၀ တွင် ထိန်းချုပ်ဓာတုပစ္စည်း Ammonium Nitrate များ သယ်ဆောင်ခိုင်းသူ သီဟဇင် အား ကျိုင်းတုံမြို့ ရပ်ကွက်(၄) ခွာညို(၂)လမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။