မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ
ရန်ကုန် ဇူလိုင် ၂၈
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ်(၄)အဖြစ် ယနေ့ ညနေ ၄ နာရီ တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ကစားခဲ့ရာ ရှမ်းယူနိုက်တက် အသင်းက ၄ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်း ကပွဲစကတည်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ကာ ပွဲချိန် ၉ မိနစ်တွင် ဆအောင်ပြည့်ကို၊ ပွဲချိန် ၃၅ မိနစ် တွင်သက်ဝေမိုးတို့က ရှမ်းယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းတွင် ရှမ်းယူနိုက်တက် အသင်းက ၂ ဂိုး ဂိုးမရှိ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း ရှမ်းယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဆက်လက်ဖိအား ပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၆၂ မိနစ်တွင် ဇွဲခန့်မင်း၊ ပွဲချိန် ၇၃ မိနစ်တွင် သက်ဝေမိုးတို့က ရှမ်းယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းက လေးဂိုးသွင်း ယူနိုင်ခဲ့ပြီးနောက် ပွဲပြီးဆုံးခါနီးကစားအား ချခဲ့သည့်အချိန်တွင် သစ္စာအားမာန်အသင်းက ပြန်လည်ဖိအားပေးခဲ့ရာမှ ပွဲချိန် ၈၉ မိနစ်တွင် မင်းမော်ဦးက သစ္စာအားမာန်အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက် အသင်းက သစ္စာအားမာန်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့်အနိုင် ရရှိခဲ့ကြောင်း သိရသည်။