နှလုံးခွဲစိတ်မှုမှာ အခက်အခဲ အတားအဆီးများကို ဖြေရှင်းပေးနိုင်မယ့် လူလုပ် သွေးကြောများ

 

နှလုံးခွဲစိတ်မှုမှာ အခက်အခဲ အတားအဆီးများကို ဖြေရှင်းပေးနိုင်မယ့် လူလုပ် သွေးကြောများ

 

     အီဒင်ဘာ့တက္ကသိုလ်မှ   သုတေသန ပညာရှင်များက သရီးဒီပုံနှိပ် နည်းပညာကို အသုံးပြုခြင်းအားဖြင့် သွေးကြောအတုများကို ဖန်တီးလိုက်နိုင်ပါတယ်။ ဒီဖန်တီးမှုက နည်းပညာလောကမှာတော့  တကယ့်ကို အောင်မြင်မှုကြီးတစ်ခုပါပဲ။

သုတေသနပညာရှင်တွေ ဖန်တီးထားတဲ့ သွေးကြောအတုက  လူတွေရဲ့ သွေးပြန်ကြောနဲ့   ချွတ်စွပ်တူညီတဲ့အတွက် နှလုံးသွေးကြော လမ်းကြောင်းလွှဲ ကုသမှုမျိုးမှာ အင်မတန်မှ အသုံးဝင်မယ့် အရာဖြစ်လာမှာပါ။

စေးပျစ်တဲ့ဂျယ်လိုမျိုးပြွန်ချောင်းလေးများက  မရေမတွက်နိုင်လောက်အောင် များပြားတဲ့ နှလုံးရောဂါလူနာများအတွက် ကောင်းမွန်တဲ့ ရလဒ်များကိုလည်း ဖန်တီးပေးဦးမှာဖြစ်ပါတယ်။

ဒါ့အပြင်  ကျန်းမာရေး စောင့်ရှောက်မှုအတွက်   ကုန်ကျစရိတ်များကိုလည်း လျော့နည်းစေမှာဖြစ်သလို   လူ့အသက်ကယ်ဆယ်ရေး လုပ်ထုံးလုပ်နည်းများအတွက်လည်း အဆင်ပြေချောမွေ့မှုကို ဖန်တီးပေးနိုင်ဦးမှာပါ။

အခုလိုမျိုးနည်းပညာ တီထွင်ဖန်တီးမှု တိုးတက်မြင့်မားလာခြင်းက  လူနာတစ်ဦးချင်းစီအတွက် အံဝင်ခွင်ကျဖြစ်တဲ့ သွေးကြော များကို  ဖန်တီးထုတ်လုပ်နိုင်မှာ ဖြစ်တာကြောင့်လည်း   နှလုံးရောဂါ စောင့်ရှောက်မှု ဆေးပညာကိုလည်း တိုးတက်စေဦးမှာဖြစ်ပါ တယ်။

သရီးဒီပုံနှိပ်နည်းပညာနဲ့ဖန်တီးနိုင်တဲ့ သွေးကြောလေးတွေက  အကျယ်အားဖြင့် ၁ မီလီမီတာမှသည် ၄၀  မီလီမီတာအထိ ရရှိနိုင်ပါတယ်။

လိုသလိုပုံသွင်းနိုင်စေမယ့် သူ့ရဲ့လိုက်လျောညီထွေမှု  ဂုဏ်သတ္တိကြောင့်လည်း လူ့ခန္ဓာကိုယ်ရဲ့ဘယ်လိုနေရာအတွက်မဆို အင်မတန်မှ အဆင်ပြေစေမှာပါ။

ဒီအတွက်ကြောင့်   နှလုံးရောဂါရှိတဲ့ လူနာများအတွက် အဆင့်မြင့် ကုသမှုပေးနိုင်ရေး မျှော်မှန်းချက်က တကယ်ကိုလက်တွေ့ ဖြစ်လာပါပြီလို့ ဦးဆောင်သုတေသီ တစ်ဦးဖြစ်တဲ့ ဒေါက်တာနော်ဘာ့ရာဒက်စီကပြောပါတယ်။

နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှုဆိုတာ  နှလုံးသွေးကြောကျဉ်းတဲ့လူနာ၊ နှလုံးသွေးကြောပိတ်တဲ့ လူနာတွေကို ကုသမှုပေးရာမှာ အင်မတန်မှအရေးပါတဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ် တစ်ခုပါ။

အစဉ်အလာအားဖြင့်ဆိုရင်  ဒီလိုမျိုး ခွဲစိတ်မှုမှာ   လူနာရဲ့ခန္ဓာကိုယ် အတွင်းမှ သွေးပြန်ကြော ထုတ်ယူရတဲ့  လုပ်ငန်းစဉ်တစ်ခု ပါဝင်ပါတယ်။

ဒါပေမဲ့   ဒီလုပ်ငန်းစဉ်မှာ များသောအားဖြင့် အမာရွတ်ကျန်တာ၊ နာကျင်မှုကို ခံစားရတာအပြင်   ရောဂါပိုးဝင်မှုတို့ကလည်း  နောက်ဆက်တွဲ အနေနဲ့ပါလာပါတယ်။

ဒီအတွက် ပညာရှင်များက သွေးကြောအတုများကို   အသုံးပြုခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အဲဒီသွေးကြောအတုတွေက ခန္ဓာကိုယ်ထဲ   ရောက်သွားတဲ့အခါမှာ ကောင်းစွာအလုပ် မလုပ်တော့တဲ့   ပြဿနာတွေနဲ့ ကြုံရပါတယ်။

အခုဖန်တီးလိုက်တဲ့   သရီးဒီပုံနှိပ်နည်းပညာ အသုံးပြုသွေးကြောတွေကတော့ ဒီစိန်ခေါ်မှုတွေ အားလုံးကို ကျော်လွှားနိုင်စွမ်း ရှိစေမှာဖြစ်ပါတယ်။

သုတေသနပညာရှင်များအနေနဲ့ အခုလို မျိုးအသုံးဝင်တဲ့  သွေးကြောအတုကို ရရှိစေဖို့အတွက် အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ပြီး လုပ်ဆောင်ခဲ့ရတာပါ။

ပထမတစ်ဆင့်က ရေကိုအခြေခံထားတဲ့ ဂျယ်ကနေ    ပြွန်ချောင်းလေးတွေကို ဖန်တီးနိုင်ဖို့အတွက် လှည့်ပတ်နိုင်တဲ့ဝင်ရိုး အရှင်တပ် သရီးဒီပုံနှိပ်စက်ကို  အသုံးပြုပါတယ်။

ပြီးတဲ့အခါ ထွက်လာတဲ့ပြွန်ချောင်းလေးတွေကို အလိုအလျောက် ဆွေးမြည့်နိုင်စွမ်းရှိတဲ့ ပိုလီယက်စတာနန်နိုဖိုင်ဘာနဲ့ အလွန်ပါးလွှာတဲ့  အလွှာတစ်ထပ် အုပ်လိုက်ပါတယ်။

နောက်ဆုံးထွက်လာတဲ့ သွေးကြောအတုတွေက လူတို့ရဲ့သွေးကြောတွေလိုမျိုး ကြံ့ခိုင်မှုရှိစေတဲ့အပြင်  လိုက်လျောညီထွေလည်း ရှိစေတာကိုတွေ့လိုက်ရပါတယ်။

လက်ရှိမှာတော့ သုတေသနပညာရှင်များက လူလုပ်သွေးကြောများကို  နောက်တစ်ဆင့်အနေနဲ့ တိရစ္ဆာန်တွေမှာ စမ်းသပ်သွားဖို့ရှိနေပါတယ်။

အကယ်၍ အဲဒီစမ်းသပ်မှုမှာ အောင်မြင်မှုရတယ်ဆိုရင်  နောက်တစ်ဆင့် အနေနဲ့ လူသားတွေမှာ  တိုက်ရိုက်စမ်းသပ်သွားတော့မှာဖြစ်ပါတယ်။