အမေရိကန်၌ ပထမဆုံးအဖြစ် စက်ရုပ်အထောက်အပံ့ယူ ကျောက်ကပ်တစ်စုံ အစားထိုးမှုကို အောင်မြင်စွာ ပြုလုပ်နိုင်

 

အမေရိကန်၌ ပထမဆုံးအဖြစ် စက်ရုပ်အထောက်အပံ့ယူ ကျောက်ကပ်တစ်စုံ အစားထိုးမှုကို အောင်မြင်စွာ ပြုလုပ်နိုင်

 

    အသက် ၇၀ ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးက  အမေရိကန်နိုင်ငံမှာ ပထမဆုံးအဖြစ်    စက်ရုပ်အထောက်အပံ့ ယူတဲ့ ကျောက်ကပ်တစ်စုံ အစားထိုးမှုကို အောင်မြင်စွာ ခံယူလိုက်နိုင်ပါတယ်။

ဂျိုအန်းကူကူလာ အမည်ရှိ အိုဟိုင်းယိုးပြည်နယ် ဒေသခံက ခန္ဓာကိုယ်တွင်း ထိုးသွင်းမှု အနည်းဆုံးသော စက်ရုပ်အထောက်အပံ့ယူ ခွဲစိတ်မှုကိုခံယူခဲ့တာပါ။

အဲဒီခွဲစိတ်မှုကို  ဒီနှစ်မတ်လတုန်းက ကလိဗလန်းဆေးခန်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး  ခွဲစိတ်မှုဟာအောင်မြင်ခဲ့ပြီးတော့ ဂျိုအန်းကူကူလာသည်လည်း အမြန်ဆုံး ပြန်လည်နာလန် ထူလာပါတယ်။

အရာအားလုံးက  ကောင်းမွန်နေပြီး ခွဲစိတ်ရာနေရာမှာလည်း  တကယ့်ကိုပဲ ဘယ်လိုနာကျင်မှုမျိုးမှ  မခံစားရဘူးလို့ ဂျိုအန်းကူကူလာက ပြောပါတယ်။

ခွဲစိတ်ဆရာဝန်များက  သေဆုံးသူ ကျောက်ကပ်အလှူရှင်ဆီကနေ ကျောက်ကပ်နှစ်လုံးစလုံးကို ထုတ်ယူပြီး   စက်ရုပ်လက်တံ အသုံးပြုကာ ဂျိုအန်းကူကူလာဆီမှာ အစားထိုးထည့်ပေးလိုက်တာပါ။

ဆရာဝန်များအနေနဲ့ ခွဲစိတ်မှုပြုလုပ်ရာမှာ လက်တံစုံပါဝင်တဲ့ စက်ရုပ်ကို အသုံးပြုခဲ့တာဖြစ်ပြီး   ဒီလိုမျိုးအသုံးပြုခြင်းက သမားရိုးကျခွဲစိတ်မှု နည်းလမ်းထက်  ပိုပြီးသက်သောင့်သက်သာ ရှိစေတယ်လို့ ခွဲစိတ်မှုကို ဦးဆောင်ပြုလုပ်တဲ့ ဒေါက်တာမိုဟာမတ်အယ်တမ်မာမီက ပြောပါတယ်။

ဒီလိုမျိုးစက်ရုပ် အသုံးပြုခွဲစိတ်ခြင်းကနေ ရရှိတဲ့  နောက်ထပ်အကျိုးကျေးဇူးက ဆရာဝန်များအနေနဲ့   မှန်ဘီလူးပါတဲ့ မှန်ပြောင်းနဲ့ အသေးစိတ်ကြည့်နိုင်တယ်။ ဒီအတွက်ကြောင့်လည်း ခွဲစိတ်မှုကို အမှားအယွင်း အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်စေတာဖြစ်ပါတယ်။

အရင်တုန်းကဆိုရင်   ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုလုပ်ရာမှာ ခွဲကြောင်း အကြီးတစ်ကြောင်း ဒါမှမဟုတ် ခွဲကြောင်း အသေးနှစ်ကြောင်းလောက် ခွဲရပါတယ်။ ဒါကကျောက်ကပ်တစ်စုံလုံးကို  အစားထိုးတဲ့ နေရာမှာပါ။

များသောအားဖြင့်    ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသရာမှာ ကျောက်ကပ်တစ်လုံးတည်းကိုသာ အစားထိုးကြပေမယ့် ကျောက်ကပ်အလှူရှင်ရဲ့   ကျောက်ကပ်နှစ်လုံးက တစ်လုံးနဲ့တစ်လုံး အရွယ်အစား ညီမျှမှုမရှိတဲ့အခါ   အလှူရှင်ဆီကနေ ကျောက်ကပ်နှစ်လုံးစလုံးကို အလှူခံရလေ့ရှိပါတယ်။

စက်ရုပ်အထောက်အပံ့ ယူခွဲစိတ်မှုမှာတော့ အရင်လိုကြီးမားတဲ့ခွဲကြောင်းကြီးတွေ မလိုတော့ဘဲ ခွဲကြောင်းငယ်တစ်ခုသာ လိုအပ်ပါတော့တယ်။ ဒီအတွက် လူနာဟာ နာကျင်မှုခံစားရတာ နည်းသွားပါတယ်။

လူနာဟာနာကျင်မှု ဝေဒနာခံစားရတာ နည်းပါးသွားတာနဲ့အမျှ ပြန်လည်နာလန်ထူရတဲ့ ကာလကလည်း တိုတောင်းသွားသလို ဝေဒနာသက်သာမှုလည်း ပိုမိုလျော့ပါးသွားပါတယ်။

ကျောက်ကပ်အစားထိုး ကုသမှုလုပ်နိုင်ဖို့အတွက်  အကြီးမားဆုံးနဲ့ အချိန်အကြာဆုံးအပိုင်းကတော့  ကျောက်ကပ်အလှူရှင်ကို စောင့်ဆိုင်းရတာပါ။ ဒါ့အပြင်   ခွဲစိတ်မှုအတွက် စောင့်ဆိုင်းရချိန်ကလည်း ကြာမြင့်ပါတယ်။

အခုတော့   ဒီလိုမျိုး ခွဲစိတ်မှုအတွက် ကြာမြင့်ချိန်တွေဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာတော့မှာ ဖြစ်တဲ့အတွက် ဆေးပညာဟာ တကယ့်ကိုပဲ  အဆင့်မြင့်လာပါပြီလို့ ဂျိုအန်းကူကူလာက ပြောပါတယ်။