(၉၇)နှစ်မြောက်မှသည် ထောင်စုနှစ်များစွာဆီ တည်ရှိစေသော် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ၁၉၂၇ ခုနှစ် သြဂုတ်လ ၁ ရက်မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာဆိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၁ ရက်ဟာ သူ့ရဲ့ ၉၇ နှစ်တာခရီးကို ရောက်ရှိမှာဖြစ်ပါတယ်။
စတင်သန္ဓေတည်တုန်းက တပ်ဖွဲ့ငယ်လေး တစ်ခုအဖြစ်နဲ့သာ စတင်ခဲ့ပေမယ့်လည်း ယနေ့အချိန်အခါမှာတော့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရတဲ့ စစ်အင်အား အကြီးဆုံးနဲ့ အင်အား တောင့်တင်းခိုင်မာလှတဲ့ တပ်မတော်တွေထဲက တစ်ခုဖြစ်လာပါပြီ။
ဒီနေ့လိုအချိန်အခါမှာ ကျရောက်လာတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ဟာ နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် သမိုင်းမှတ်တိုင်အသစ်တစ်ရပ် စိုက်ထူနိုင်မယ့် နောက်ထပ် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်တယ်လို့ပြောရင် မမှားပါဘူး။
ဒါကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်း ရာစုနှစ်တစ်ခုဆီ ရောက်ရှိတော့မယ့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အကျဉ်းလေးကို ဦးစွာပဏာမ တင်ပြ ချင်ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) စတင်ဖြစ်တည်ရာ
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)ဟာ တရုတ်ကွန်မြူနစ်ပါတ ီဦးဆောင်တဲ့ နန်ချန်းတော်လှန်ရေးနဲ့အတူ စတင်ပေါ်ပေါက်လာတာပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ တိုက်ခိုက်ရေး လက်ရုံးတစ်ခုအနေနဲ့ပေါ့။
ပြောက်ကျားတပ်ဖွဲ့ငယ်လေးတစ်ခုကနေ အစပြုခဲ့တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို အဲဒီအချိန်တုန်းက တပ်နီတော်လို့ခေါ်ခဲ့တာပါ။ အဲဒီနောက် အမျိုးသားတော်လှန်ရေးတပ် ဖြစ်လာပါတယ်။ သူ့အောက်မှာ အမှတ်(၄)တပ်တော်သစ်နဲ့ အမှတ်(၈)ခရီးလမ်း တပ်တော်ဆိုပြီးရှိပါတယ်။
သူတို့စတင်ဖွဲ့စည်း ပေါ်ပေါက်လာတုန်းက ကူမင်တန်တို့ကို တိုက်ခိုက်ဖို့ဖြစ်ပေမယ့်လည်း ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အမျိုးသား တော်လှန်ရေးတပ်ဟာ ကူမင်တန်တို့နဲ့အတူ ပူးပေါင်းပြီး ဂျပန်တို့ရဲ့နယ်ချဲ့မှုကို တွန်းလှန် တိုက်ထုတ်ခဲ့ပါသေးတယ်။
ဒုတိယကမ္ဘာစစ်ပြီးသွားပြီးတဲ့နောက် ၁၉၄၇ ခုနှစ်မှာ အမှတ်(၄)တပ်တော်သစ်နဲ့ အမှတ်(၈)ခရီးလမ်း တပ်တော်တို့ကို ပူးပေါင်းပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အဖြစ် သတ်မှတ်ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စတင်ဖွဲ့စည်းလိုက်တာက ၁၉၄၇ ခုနှစ်မှဖြစ်ပေမယ့်လည်း ဒီလိုဖွဲ့စည်းနိုင်ဖို့အတွက် နန်ချန်းတော်လှန်ရေးဖြစ်ပွားချိန် ၁၉၂၇ ခုနှစ် သြဂုတ်လ ၁ ရက်မှာ စတင်ခဲ့တာဖြစ်လို့ အဲဒီနေ့ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့ဆိုပြီး သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အစောပိုင်းကာလများမှာတုန်းက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှာ ပါဝင်သူတော်တော်များများဟာ တောင်သူလယ်သမားများသာ များပါတယ်။ အားလုံးဟာ သာတူညီမျှစိတ်ဓာတ်နဲ့ တိုက်ပွဲပေါင်းများစွာကို အနိုင်တိုက်နိုင်ခဲ့ကြတာပါ။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှာ ယခင်ကအမြင့်ဆုံး စစ်သည်အင်အားဟာ လေးသန်းကျော်အထိ ရှိခဲ့တာပါ။
အဲဒီအချိန်တုန်းကတော့ လူအင်အား အင်မတန်ဖောင်းပွပြီး ထိရောက်မှုမရှိတဲ့ အနေအထားဖြစ်နေတာကြောင့် စစ်သည် အင်အားကိုလျှော့ချခဲ့ရာ ယနေ့အချိန်အခါမှာ စစ်သည်အင်အား နှစ်သန်းကျော်နဲ့ ခေတ်မီတပ်မတော် တစ်ရပ်ဖြစ်လာနေပါပြီ။
ယခင်တုန်းက ခြေလျင်တပ်ဖွဲ့တစ်ခုတည်းနဲ့ စတင်အခြေတည်ခဲ့တဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က ယနေ့မှာ မြေပြင်တပ်ဖွဲ့၊ ရေတပ်ဖွဲ့၊ လေတပ်ဖွဲ့၊ ဒုံးတပ်ဖွဲ့နဲ့ မဟာဗျူဟာမြောက် ထောက်ပံ့ရေးတပ်ဖွဲ့ဆိုတဲ့ တပ်ဖွဲ့ကြီးငါးခုနဲ့ ဖွဲ့စည်းဖြစ်တည်လာပါတယ်။
တပ်ဖွဲ့ကြီးတစ်ခုစီကလည်း တရုတ်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရာတို့မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတာကိုမြင်တွေ့ရပါတယ်။
ခေတ်မီလာတဲ့ PLA တပ်မတော်
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်လာအောင် ၁၉၇၀ ပြည့်နှစ်အလွန်ကာလများမှာ စတင်အကောင်အထည် ဖော်လာခဲ့တာဖြစ်ပါတယ်။
ယနေ့မြင်တွေ့နေရတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဖြစ်လာစေဖို့ဆိုတာ ခေတ်အဆက်ဆက် တရုတ် နိုင်ငံခေါင်းဆောင်များရဲ့ ဦးစားပေး ရည်မှန်းချက်တစ်ခုပါ။
ဒီနေ့လိုဖြစ်လာစေဖို့အတွက် တရုတ်နိုင်ငံဟာ နည်းပညာ တိုးတက်ရေး၊ လေ့ကျင့်ရေးနဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးတို့မှာ ငွေကြေးပမာဏကြီးမားစွာ၊ အချိန်ကာလများပြားစွာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ရပါတယ်။
နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေက နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းများနဲ့ တိုက်ခိုက်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်စေခဲ့တာပါ။
ဒါကြောင့်လည်း ၂၁ ရာစုမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က ကမ္ဘာ့အဆင့်မီ ထိပ်တန်းတပ်မတော်တစ်ရပ် အဖြစ်ကို ရောက်လာရတာဖြစ်ပါတယ်။
ဒီကနေ့အချိန်အခါမှာဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ မြေပြင်တပ်ဖွဲ့ဟာ အဆင့်မြင့် စစ်လက်နက်ပစ္စည်းများကို ပိုင်ဆိုင်လာရုံသာမက စစ်သည်များရဲ့ အရည်အချင်းသည်လည်း ပိုမိုတိုးတက်လာတာကို တွေ့ရပါတယ်။
နည်းပညာတိုးတက်မှုနဲ့အတူ စက်ရုပ်စနစ်များကိုပါ တည်ဆောက်ပြီး စစ်ဆင်ရေး လုပ်ငန်းများမှာ အသုံးပြုလာနိုင်တာဟာ တော်ရုံတန်ရုံ တိုးတက်မှုတော့ မဟုတ်ပါဘူး။
အလားတူ ရေတပ်ဖွဲ့သည်လည်း ကမ္ဘာ့အဆင့်မီ ရေတပ်ဖြစ်လာစေရေးအတွက် ကြိုးပမ်းခဲ့ရာမှာ အခုဆိုရင် လေယာဉ်တင်သင်္ဘော သုံးစင်းအထိကို ပိုင်ဆိုင်လာနိုင်ပါပြီ။ တခြားသောစစ်ရေယာဉ်များကတော့ ပြောဖို့တောင် မလိုလောက်အောင် ပမာဏအများအပြားကို အရှိန်ပြင်းပြင်းနဲ့ ထုတ်လုပ်အသုံးပြုလာနေတာပါ။
လေယာဉ်တင်သင်္ဘောသုံးစင်း အနက် နှစ်စင်းကို ကိုယ်ပိုင်နည်းပညာနဲ့ ပြည်တွင်းမှာသာ ထုတ်လုပ်ထားတာပါ။ ဒါ့အပြင် စတုတ္ထမြောက် လေယာဉ်တင်သင်္ဘောကိုလည်း စတင်တည်ဆောက်နေပြီလို့ သတင်းတွေမှာတွေ့ရပါတယ်။
လေတပ်ဆိုရင်လည်း ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်တဲ့ J-20 ကိုသာမက အခြားသော တာဝေးဗုံးကြဲလေယာဉ်များကို ကိုယ်တိုင်ထုတ်လုပ် အသုံးပြုလာနိုင်နေပါပြီ။
ဒါ့အပြင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟာ မောင်းသူမဲ့လေယာဉ် နည်းပညာမှာ သူမတူအောင် သာလွန်လာတာကိုလည်း တွေ့ရပါတယ်။
နောက်ထပ်တိုးတက်လာတဲ့ နယ်ပယ်တစ်ခုက ဒုံးလက်နက် နည်းပညာပါ။ ဒီနေရာမှာတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က အမေရိကန်ထက်ကိုသာလွန်ပြီး အသံနှုန်းလွန် ဒုံးကျည်များကို ပိုင်ဆိုင်နိုင်တဲ့အထိဖြစ်လာပါတယ်။
ဒါတင်မကသေးပါဘူး။ ဆိုက်ဘာစစ်ဆင်ရေး၊ ဉာဏ်ရည်တုနည်းပညာ၊ ကွမ်တမ်နည်းပညာ စတဲ့အဆင့်မြင့်နည်းပညာတွေကိုလည်း ပေါင်းစပ်အသုံးပြုပြီး တပ်မတော်ကို အဆင့်မြှင့်တင်လာနိုင်ပါပြီ။
တစ်နည်းပြောရမယ်ဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ ဒီနေ့လိုအခြေအနေမျိုး ရောက်လာဖို့အတွက် ဘက်စုံထောင့်စုံကနေ ကြိုးစား အားထုတ်မှုတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ခဲ့ရတာပါ။
အထူးသဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာတယ်။ ဒီလိုတိုးမြှင့်နိုင်အောင်လည်း နိုင်ငံတော်က စီးပွားရေးကို တိုးမြှင့်လုပ်ဆောင်တယ်။
စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးအတွက် အဓိကကျတဲ့ သုတေသနလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုကြီးစွာ ထည့်ပြီး လုပ်ဆောင်လာပါတယ်။ ဒီလိုအားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်မှုကြောင့်ပဲ အခုလိုမျိုး ခေတ်မီတပ်မတော် တစ်ရပ်ဖြစ်လာရတာလို့ ဆိုချင်ပါတယ်။
PLA နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု
ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ဖြစ်လာတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဟာ ပြည်တွင်းမှာသာမက ပြည်ပရေးရာ ကိစ္စများမှာလည်း အားတက်သရော ပါဝင်ဆောင်ရွက်လာပါတယ်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်ရာနေရာတွေမှာ ကူညီရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုသာမက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေမှာလည်း ပါဝင်ဆောင်ရွက်ပေးမှုကြောင့် များပြားလှစွာသော ဒုက္ခသည်များရဲ့ အသက်နှင့်ခန္ဓာကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံက ဒေသတွင်းမှာသာမက တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ငြိမ်းချမ်းစေဖို့အတွက် ကတိပြုထားပါတယ်။ အဲဒီကတိပြုချက်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က အကောင်အထည် ဖော်ရပါတယ်။
ဒီလိုအကောင်အထည်ဖော်ဖို့အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာပါတယ်။
ကမ္ဘာပေါ်က ပဋိပက္ခဖြစ်တဲ့နေရာတိုင်းမှာ အဲဒီပဋိပက္ခကို ဖျန်ဖြေပေးနိုင်ဖို့အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များက အသင့်ရှိနေပါတယ်။
ဒါ့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းတဲ့ အာဖရိကဒေသမှာ စစ်အခြေစိုက်စခန်းကို ဖွင့်လှစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေး လုပ်ငန်းများကိုသာမက ပင်လယ်ဓားပြရန် ကာကွယ်ရေးလုပ်ငန်းများကိုလည်း စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ ဒီလိုမျိုးနယ်ပယ် ကဏ္ဍအစုံမှာ ပါဝင်ဆောင်ရွက်နေခြင်းကြောင့် တရုတ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ ကမ္ဘာကြီး အေးချမ်းသာယာရေး အတွက် ယူသင့်ယူထိုက်တဲ့ တာဝန်တွေကို ခွဲဝေရယူပေးနေတယ်ဆိုတာ ပိုမိုထင်ရှားလာစေပါတယ်။
မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်မှု
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ကုန်းမြေမကြီးရဲ့ အနောက်မြောက်ဘက် အကျဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများကတော့ အရှေ့ဘက်မှာ လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်မှာ ထိုင်းနိုင်ငံ၊ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အနောက်မြောက်ဘက်မှာ အိန္ဒိယနိုင်ငံတို့နဲ့ မြောက်ဘက်နဲ့အရှေ့မြောက်ဘက်မှာ တရုတ်နိုင်ငံတို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာဆိုရင် အိမ်နီးချင်းနိုင်ငံတွေထဲမှာ နယ်နိမိတ်ထိစပ်မှု အရှည်လျားဆုံးဖြစ်တဲ့ နိုင်ငံဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အရေးကြီးတဲ့အိမ်နီးချင်း ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့အပြင် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံဟာလည်း ပထဝီနိုင်ငံရေးအရ အလေးထားရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှသည် မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဆင့်ကို လျှောက်လှမ်းနေတာဖြစ်တဲ့အတွက် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်စိတ်ချရမှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်နေကြတာဖြစ်ပါတယ်။ မြန်မာနဲ့တရုတ်ဟာ ယဉ်ကျေးမှုလည်းတူ၊ တောတောင်ရေမြေသဘာဝ အလှတွေလည်းတူ၊ နှစ်နိုင်ငံသမိုင်းကြောင်းတွေလည်း တူညီမှုတွေရှိကြပါတယ်။
ရှေးမြန်မာဘုရင်တွေ လက်ထက််ကတည်းက မြန်မာနဲ့တရုတ်တို့ဟာ ရွှေလမ်းငွေလမ်းဖောက်ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရေးကို ထူထောင်ခဲ့ကြတာဖြစ်ပြီး ယနေ့တိုင် ဘိုးဘွားတို့ချန်ထားခဲ့တဲ့ အမွေကောင်းကို ဆက်လက်တည်တံ့အောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆိုတာ အလွန်ရှည်လျားတဲ့ နယ်နိမိတ်မျဉ်းတစ်လျှောက် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နေကြတဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်သလို ဘယ်လိုမှခွဲထုတ်လို့မရတဲ့ ညီရင်းအစ်ကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထူထောင်ထားကြတာပါ။ သဘာဝ တောတောင်ရေမြေချင်း များစွာထိစပ်နေမှုကို ကြည့်ရင်လည်း သံလွင်မြစ်၊ မဲခေါင်မြစ်တို့က အစပြုခဲ့တာဖြစ်ပြီး တရုတ်နဲ့မြန်မာတို့ရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ကမ္ဘာတည်သရွေ့ တည်ရှိနေမှာဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေဟာ မိသားစုသဖွယ် ဆက်ဆံရေးနဲ့အတူ လျှောက်လှမ်းခဲ့ကြတာဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ၉၇ နှစ်တာ ခရီးရောက်တဲ့ ထိပဲဖြစ်ပါတယ်။
အလားတူပဲ မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တို့ကလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်လာနိုင်ခဲ့ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း ပထဝီနိုင်ငံရေး အတွက်လည်း များစွာအရေးပါအရာရောက်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါဟာ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုရဲ့ ထူးခြားတဲ့ ဝိသေသတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံထူထောင်မှုကို တရားဝင် အသိအမှတ်ပြုခဲ့တဲ့ ကြေညာချက်တစ်ရပ်ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီလိုအသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ မြန်မာဟာ အာရှတိုက်မှာ အစောဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း မြန်မာရဲ့အသိအမှတ်ပြုမှုအပေါ်မှာ ကျေးဇူးတင်ဝမ်းသာကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
မြန်မာနဲ့တရုတ်နှစ်နိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို လိုက်နာဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်မှ အရာရှိများနဲ့စစ်သည်များကို တရုတ်နိုင်ငံရဲ့ စစ်ကျောင်းအသီးသီးမှာ ပညာသင်ယူခွင့်ပြုခြင်း၊ အဆင့်မြင့်အရာရှိကြီးများက အပြန်အလှန်ချစ်ကြည်ရေး ခရီးများသွား ရောက်လည်ပတ်ခြင်း၊ ထိုခရီးစဉ်များအတွင်း များပြားလှစွာသော သဘောတူညီချက်များရရှိခြင်းတို့ဟာ တပ်မတော်နှစ်ရပ်ကြား ရင်းနှီးမှုနဲ့အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို မြင့်မားတိုးတက် စေခဲ့တာဖြစ်ပါတယ်။
ဒီလိုပူးပေါင်းဆောင်ရွက်မှုများ အပြင် တပ်မတော်နှစ်ရပ်ကြား စစ်ရေးလေ့ကျင့်ခန်းများကို ပူးတွဲဆောင်ရွက်ခြင်းကလည်း စစ်သည်များရဲ့ စွမ်းဆောင်ရည်များကို မြင့်တက်စေရုံသာမက နှစ်ဖက်ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မြဲ လာစေပါတယ်။
တပ်မတော်နှစ်ရပ်ကြား ပူးတွဲလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်ခန်းများက အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သဘာဝဘေးတုံ့ပြန်ကူညီရေးနဲ့ နယ်စပ်ဒေသလုံခြုံရေးတို့အပေါ် အဓိကထား လုပ်ဆောင်ကြတာပါ။
နှစ်နိုင်ငံကြား ထိစပ်နေတဲ့နယ်နိမိတ် ရှည်လျားတဲ့အလျောက် နယ်စပ်ဒေသများမှာ ဖြစ်ပွားလေ့ရှိတဲ့ တရားမဝင်ကိစ္စတွေ၊ မှောင်ခိုကူးမှုတွေကို တိုက်ဖျက်ဖို့အတွက် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းပြီး ကင်းလှည့်ခြင်း၊ ထောက်လှမ်းရေး သတင်းမျှဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့် မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တို့ကြားက ဆက်ဆံရေးဟာ သာမန်ဆက်ဆံရေးထက်ပိုတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အဆင့်အထိ တက်လှမ်းလာနိုင်မှာဖြစ်ပါတယ်။
ထောင်စုနှစ်များစွာဆီ တည်ရှိစေသော် အခုဆိုရင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့သက်တမ်းဟာ ၉၇ နှစ်တာခရီးကို ရောက်ရှိလာပါပြီ။ ၂၀၂၇ ခုနှစ်ဆိုရင် ရာပြည့်တပ်မတော်နေ့ကို ဆင်နွှဲရတော့မှာပါ။
ကျွန်တော်တို့တွေ့ရသလောက်ကို ပြောရမယ်ဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အနာဂတ်ရည်မှန်းချက် များစွာနဲ့အတူ အရှိန်ပြင်းပြင်းနဲ့ ရှေ့ဆက်လျှောက်လှမ်းနေတဲ့ ကမ္ဘာ့တပ်မတော် တစ်ရပ်လို့ပင်ဆိုရမှာပါ။
သက်တမ်းအားဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်လာပေမယ့်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကတော့ ပိုလို့တောင် ဖျတ်လတ်တက်ကြွနေဆဲပါပဲ။
တရုတ်နိုင်ငံက ကမ္ဘာ့စင်မြင့်ထက်မှာ ပိုမိုနေရာရရှိလာလေလေ တရုတ်နိုင်ငံရဲ့ အင်အားတောင့်တင်းခိုင်မာမှု၊ လုံခြုံမှု၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုတို့ အတွက်သာမက ဒေသတွင်းမှသည် တစ်ကမ္ဘာလုံး အတိုင်းအတာအထိ တည်ငြိမ်အေးချမ်းသာယာရေးတို့ အတွက်ကိုပါ တရုတ်ပြည်သူ့လွတ်မြောက် တပ်မတော်က တာဝန်ယူလာရတော့မှာဖြစ်သလို ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာရတော့မှာဖြစ်ပါတယ်။
ဒါကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ နိုင်ငံ့အကျိုး၊ ဒေသတွင်းအကျိုးနဲ့ ကမ္ဘာ့အကျိုးတို့ကို အောင်မြင်စွာ ဖော်ဆောင်ရင်း ရာစုနှစ်များစွာမှသည် ထောင်စုနှစ်များစွာဆီအထိ နှစ်ပေါင်းများစွာကြာ ဆက်လက်အဓွန့်ရှည် တည်တံ့ခိုင်မြဲပြီး ကမ္ဘာကြီးကို စောင့်ရှောက်နိုင်တဲ့ တပ်မတော်တစ်ရပ်ဖြစ်လာပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ ။