ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအတွက် သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ ကျင်းပ

 

ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအတွက် သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ ကျင်းပ

 

      မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်၍  အသင်းဝင်  ပြည်တွင်းဆေး ကုမ္ပဏီများမှ  သုံးစွဲသူပြည်သူများ အတွက် သင့်တင့် မျှတသောစျေးနှုန်းဖြင့် ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ (အမှတ်(၂)  အရောင်းစင်တာ-နဝဒေး)ကို ဇူလိုင်လ ၂၉ ရက်တွင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန အဆောက်အအုံ၌ ကျင်းပသည်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းကကြီးမှူးပြီး  ဆေးကုမ္ပဏီပေါင်း    ၅၀ ကျော်ကနေ  တိုက်ရိုက်ခင်းကျင်းပြသပြီး   သင့်တင့်မျှတတဲ့စျေးနဲ့ ရောင်းချပေးတာဖြစ်ပါတယ်။   ဒါက  ဒုတိယမြောက် အရောင်းစင်တာဖြစ်ပါတယ်။  ပထမ အရောင်းစင်တာကတော့   ပန်းဘဲတန်းမြို့နယ်မှာ ဇူလိုင်လ ၁၇ ရက်ကနေ   စတင်ပြသ ရောင်းချနေပါတယ်။ အခုလည်း ဆက်လက်ပြသ ရောင်းချနေတုန်း ပါပဲ။  အခုရောင်းချပွဲကို တစ်ပတ်တိတိ ခင်းကျင်းပြသ ရောင်းချပေးမှာဖြစ်ပါတယ်”ဟု  မြန်မာနိုင်ငံဆေးနှင့်  ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဗဟို အလုပ်အမှုဆောင် ဦးဇေယျာဖြိုး ကပြောသည်။

အဆိုပါဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ အမှတ်(၂) အရောင်းစင်တာကို ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၃ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း ရောင်းချပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း၏ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ အမှတ် (၁) အရောင်းစင်တာကို ပန်းဘဲတန်းမြို့နယ်၌  ဆေး ကုမ္ပဏီ ၁၀၀ ဝန်းကျင်မှ  ပါဝင်ပြသရောင်းချလျက် ရှိပြီး  အလားတူ  အမှတ် (၃)   အရောင်းစင်တာကိုလည်း ပဲခူးမြို့ ဥဿာသီရိစျေးအပေါ်ထပ်၌ ဇူလိုင်လ ၂၉   ရက်မှ    စတင်ဖွင့်လှစ်ပြသ ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ    ဆေးဝါးများ တိုက်ရိုက်ရောင်းချခြင်း အစီအစဉ်ကို  သုံးစွဲသူပြည်သူများ  ဆေးဝါးရှာဖွေရ ပိုမိုလွယ်ကူစေရန်၊  ကုမ္ပဏီများစွာမှ ရောင်းချသည့် ဆေးဝါးများအား   တစ်နေရာတည်း၌     လွယ်ကူ သက်သာစွာ    ရှာဖွေဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ပြသရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း   ရန်ကုန်မြို့၌   အရောင်းစင်တာများ ထပ်မံတိုးချဲ့ပြီး  ပြည်သူများ၏ လိုအပ်ချက်ပေါ် မူတည်ကာ  တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လည်း   ဆက်လက်ခင်းကျင်း ပြသရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။             

Dates: 
Tuesday, July 30, 2024 - 09:20