ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်   

 

ယမန်နေ့မှအဆက်

     အိမ်ရာများကိစ္စတွင်လည်း ရွာသားများ အလိုကျ ဆောင်ရွက်စေရန် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ညှိနှိုင်းထားပြီးဖြစ် သည်။

ယခင်စီမံကိန်းတချို့တွင်  ရွှေ့ပြောင်းရွာများ ကိစ္စတွင်   နိုင်ငံတော် သို့မဟုတ် စီမံကိန်းကုမ္ပဏီက ဦးဆောင်၍ အိမ်ပုံစံရေးဆွဲပြီး ရွာသားများအား ပြသ၍ တစ်ရွာလုံးကို တစ်ပုံစံတည်းကြိုတင် ဆောက်လုပ်ပေးမှုများလည်း ရှိခဲ့သည်။ ထိုသို့ဆောင်ရွက်ပါက ဤအိမ်ထောင်စု ၂၉၀၀ ကျော်အတွက် အနည်းဆုံး  အိမ်အလုံးပေါင်း  ထောင်ကျော်ဆောက်လုပ်ပေးရမည်။ ဆောက်လုပ်ရေး ပစ္စည်းများလည်း တစ်ပြိုင်နက် များစွာ လိုအပ်လာမည်။ လက်သမား၊ ပန်းရံမှအစ လူအင်အားလည်း လပိုင်းအတွင်း ထောင်ချီ၍ လိုအပ်လာမည်။ အိမ်များမပြီးပါက ပြောင်းရွှေ့ရေး အခက်အခဲဖြစ်မည်။ မိမိတို့ဆောက်လုပ်ပေးမည့် ပုံစံကိုလည်း  ရွာသားတိုင်းက  ကြိုက်ချင်မှ ကြိုက်ကြမည်။

တစ်ဖက်တွင်လည်း ဒေသခံများသည် ၎င်းတို့အိမ်ဟောင်းများမှ ဆယ် တင်ပစ္စည်းများကို ဖြုတ်ယူ၍ နေရာသစ်တွင်သုံး၍ ရသမျှပြန်သုံးချင်သည်။ ရွာဓလေ့အရ တစ်အိမ်နှင့်တစ်အိမ်ကူညီပြီး အသစ်ပြန်ဆောက်ကြမည်။ ကောင်းကောင်းကြိုက်သူက ကောင်းကောင်း အသစ်ဆောက်မည်။ မူလအိမ်အတိုင်းလည်း ဆယ်တင်ပစ္စည်းဖြင့် ပြန်ဆောက်လိုသူက ဆောက်မည် စသည်ဖြင့် ၎င်းတို့ပစ္စည်းဟောင်းများကို ၎င်းတို့စိတ်ကြိုက်ဖန်တီးလိုသည်။   အိမ်အသစ်တစ်လုံးစာအတွက် ရရှိမည့်ပံ့ပိုးငွေကို   ချွေတာပြီး အရင်းအနှီး လုပ်လိုကြသည်။

နိုင်ငံတော်က ဆောက်ပေးသည့် အိမ်များပြီးစီးမှ ပြောင်းရွှေ့ပေးပါကလည်း ဤအိမ်သစ်ကုန်ကျစရိတ်ကို နိုင်ငံတော်ကသာ ကျခံရမည်။ ရွာသား များ၏ ဆန္ဒမှာ မိမိတို့ဌာနဘက်မှ ဆန္ဒနှင့် တစ်ထပ်တည်းကျသည်။

ရွာဟောင်းမှအိမ်များကို   အတန်းအစားခွဲရန်   အုပ်စုများဖွဲ့ပြီး ကွင်းဆင်း၍ အိမ်၏ အကျယ်အဝန်း၊ အမြင့်(တစ်ထပ်၊ နှစ်ထပ် စသည်)၊ အကာ၊ အမိုး စသည်များကို စာရင်းသွင်းရသည်။ ဤကိစ္စမှာ လူဦးရေနှင့် အိမ်အခြေအနေစာရင်း ကောက်ယူစဉ်က ဆောင်ရွက်ပြီးဖြစ်၍ ပြဿနာ မရှိပါ။ မိသားစုနှင့်အတူ အိမ်ရှေ့တွင် ဓာတ်ပုံတွဲရိုက်၍ မှတ်တမ်းပြုစု ထားသည့် အထောက်အထားရှိပြီး ဖြစ်သည်။  တစ်ပြိုင်နက်တည်းမှာပင်  စာရင်းကောက်စဉ်ကပင် အဖွဲ့များသည် သက်ဆိုင်ရာ ကျေးရွာသားများ၏ အိမ်ခြံဝင်းအတွင်း၌ စိုက်ပျိုးထားသော နှစ်ရှည်ပင်များကို ရေတွက်ခြင်း၊  လယ်၊ယာများ တိုင်းတာခြင်းနှင့်  တခြားနေရာတွင် စိုက်ပျိုးထားသော နှစ်ရှည်သီးပင်စားပင်များပါ အပင်ရေတွက်ခြင်းတို့ကို ဒေသခံသက်သေများရှေ့တွင် ဆောင်ရွက်ပြီး၊ အတည်ပြုကြောင်း လက်မှတ်၊ လက်ဗွေများ ရယူပြီးဖြစ်သည်။  ရွာသားများကိုလည်း အတိုင်းအတာ၊  တွက်ချက်ပုံ တွက်ချက်နည်းမှအစ ရှင်းပြခဲ့ပြီးလည်း ဖြစ်သည်။

အချိန်ကရပ်မနေပါ။ တရွေ့ရွေ့ကုန်လာသည်။  R.C.C တမံကြီး သွန်းလောင်းမှုကလည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြီးတော့မည်။ ၂၀၁၄ ခုနှစ် မတ်လနောက်ဆုံးထားပြီး ရေစတင် သိုလှောင်တော့မည်။

၂၀၁၃ ခုနှစ်မကုန်မီကာလတွင် ညွှန်ကြားရေးမှူးချုပ် (စာရေးသူ)သည်  ဒုတိယဝန်ကြီး ဖြစ်လာသလို  ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည်လည်း ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။ ရေဝပ်ဧရိယာနှင့် တိုက်ရိုက်သက်ဆိုင်သော အထက်ပေါင်းလောင်းစီမံကိန်း ညွှန်ကြားရေးမှူးသည်လည်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။ စိတ်တူကိုယ်တူများ ဖြစ်၍ လုပ်ငန်းများ အရှိန်ပိုရလာသည်။

နိုင်ငံရေးအရ ကျေးရွာများတွင် လှုပ်ရှားနေသူများကိုလည်း တွေ့ရသည်။ မီဒီယာများကလည်း ၎င်းတို့သတင်းပို့နေသည့် အတိုင်းသာ ရေးသားထုတ် လွှင့်နေကြသည်။ ရေစတင်သိုလှောင်ချိန်တွင် ကျေးရွာများပြောင်းရွှေ့ရေး အချိန်မီမပြီးစီးမည်ကို စိတ်ပူခဲ့သည်မှာ အမှန်ပင်။

တည်ဆောက်ရေးကာလ လုပ်ငန်းများဆောင်ရွက်စဉ်   မြစ်ရေကိုလွှဲထားရသည်။ ယခု ရေလှောင်တော့မည်ဆိုလျှင် ယင်းရေလွှဲပေါက်ကို ပိတ်လိုက်ရုံသာဖြစ်သည်။ ဤသည်ကို ရေစတင်သိုလှောင်ခြင်းဟု ခေါ်သည်။ ရေစတင်သိုလှောင်ရေးအတွက် အထက်ပေါင်းလောင်းတွင် ဥမင်လိုဏ်နှင့် ရေလွှဲထားသည့်ရေဝင်ပေါက်ကို ဂိတ်ချခြင်း (ပိတ်ခြင်း) ကိစ္စအလျဉ်း သင့်၍ ပြည့်စုံအောင်ရှင်းပြပါမည်။

ဥမင်လိုဏ်ဂိတ်ဝရေပိတ်ခြင်းမှာ ပြောသလောက်မလွယ်ပါ။ ရေအနည်း ဆုံး အချိန်တွင်သာ ဂိတ်ပိတ်ရန် အဆင်ပြေသည်။ ဂိတ်ဆိုသည်မှာလည်း သံမဏိပြား အထူစားကို တောင့်တင်းအောင် ထုနှင့်ထည်နှင့် အထောက်အကူပြုလုပ်ထားသည့် သံထည်ပစ္စည်းဖြစ်သည်။ သံဘောင်ကြီးများနှင့် သံပြားအထူကို  ဂဟေဆက်၍ ခိုင်ခံ့အောင်ပြုလုပ်ထားသည့်   သံရေတံခါးကြီးဖြစ်သည်။ တစ်လုံးတစ်ခဲတည်း ၂၂ ဒသမ ၅ တန်လေးသည်။ တစ်လုံးတစ်ခဲတည်း “မ” ရန် ခက်၍   သုံးပိုင်းပြုလုပ်၍သယ်လာပြီး နေရာရောက်မှ ဂဟေဆက်ပြီး ပြန်ဆင်ရသည်။ သံမဏိဂိတ်ကိုယ်ထည် အတွင်း ကွန်ကရစ် ၈ တန်ခန့်ကိုပါ အလေးချိန်ပိုစေရန် လောင်းထည့်ပေး ရသည်။ ရေဝင်ပေါက် နှစ်ပေါက်ပိတ်ရသည်။ သို့သော် ရေလွှဲဥမင်လိုဏ်မှာ တစ်စင်းတည်းဖြစ်သည်။ အချင်း ၁၀ မီတာ (၃၃ ပေ) ကျယ်ပြီး အလျား ၃၀၀ မီတာ (၉၈၅ ပေ) ရှိသည်။  ဂိတ်ပိတ်ချိန် ဆောင်ရွက်ရအဆင်ပြေ စေရန်   ဥမင်လိုဏ်ရေဝင်ပေါက် အလယ်တွင်   သံကူကွန်ကရစ်တိုင်  (Reinforced Concrete Pier)တစ်လုံး ကြိုတင်သွန်းလောင်းထားခဲ့၍ ဂိတ်နှစ်ပေါက် ပိတ်ရသလိုဖြစ်သည်။ တစ်ပေါက်တည်း လုပ်ထားပါကလည်း ဂိတ်အလေးချိန်များပြီး အလုပ်လုပ်ရန်ခက်ခဲမည်။ ဂိတ်၏ ထုထည်လည်း ကြီးကြီးလိုလာမည်။   အလေးချိန်လည်း  ပိုများလာမည်။  ကိုင်တွယ်ရ ပိုခက်လာမည်။

ကျဉ်းမြောင်းသော  တောင်ကြားစီမံကိန်းဖြစ်၍  ဂိတ်ပိတ်မိလျှင် ပိတ်မိချင်း ရေမှတ်သည် ချက်ချင်းမြင့်တက်လာမည်။ ဂိတ်တစ်ခုချပြီးလျှင် ပြီးချင်း နောက်ဂိတ်မချမီ ရေတက်လာပြီ။ ရေစီးရှိန်မြန်လာပြီ။ နောက် ဂိတ်ချရန် အချိန်လု၍ လုပ်ကြရသည်။ သံမဏိဂိတ်များ ထည့်သွင်းမည့် နေရာ၏ ဘေးဘက်နှင့် အောက်ဘက်တွင် ကွန်ကရစ်လောင်းစဉ်ကပင် ဂိတ်အထူ တစ်ခုစာသာသာ ကွန်ကရစ်မြောင်း (Gate Slot)  ပြုလုပ်ထားခဲ့သည်။

ဂိတ်ချသည်ဆိုပြီး ဂိတ်ကိုအပေါ်မှ ပစ်ချလိုက်၍ မရပါ။  Slot  ထဲသို့ အံဝင်ခွင်ကျ အပေါ်မှဖြည်းဖြည်း ချယူရသည်။ တန် ၇၀ ခန့် “မ” နိုင်သော ကရိန်းဖြင့် တဖြည်းဖြည်းချရသည်။ အကယ်၍ ဂိတ်ချပြီးမှ ပြန် “မ” တင် ရလျှင် ရေဖိအားကြောင့် ခက်မည်ဖြစ်သည်။

 ဆက်လက်ဖော်ပြပါမည်။