ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ အနိုင်ရရှိ
နေပြည်တော် ဇူလိုင် ၂၉
မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု ပတ်လည်ပြိုင်ပွဲများကို ယနေ့ညနေ ၃ နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
ယနေ့ အမျိုးသားဘောလုံး အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်း အားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင် ကစားခဲ့ရာ မကွေးတိုင်း ဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက် (ယနေ့) ညနေ ၃ နာရီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ ဘောလုံးအားကစား ဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။