မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် မြဝတီအက်ဖ်စီ အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်
ရန်ကုန် ဇူလိုင် ၂၉
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ မြဝတီအက်ဖ်စီ အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန်ဖိအားပေးမှု များဖြင့်အကြိတ်အနယ်ရှိခဲ့ကာ နှစ်သင်းလုံး ဂိုးသွင်းခွင့် အခွင့်အရေးများ ရရှိခဲ့သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း နှစ်သင်းလုံးပိုမို တိုက်စစ်မြှင့်တင်ကာ အပြန်အလှန်ဖိအားပေးမှုများဖြင့် ဂိုးသွင်းခွင့်အများအပြား ရရှိခဲ့သော်လည်း နှစ်ဖက်အသင်း ဂိုးသမားများ လက်စွမ်းပြ ကာကွယ်မှုများနှင့်အတူ တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်း လိုအပ်ချက်များကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ရခိုင်ယူနိုက်တက် အသင်းမှ တိုက်စစ်ကစားသမား ထူးဝဏ္ဏက ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်သရေရလဒ်ကြောင့် မြဝတီအက်ဖ်စီအသင်းသည် လေးပွဲကစားပြီးချိန်တွင် ရမှတ်လေးမှတ် ရရှိထားပြီး ရခိုင်ယူနိုက်တက်အသင်းက ယခုနှစ်ဘောလုံး ရာသီတွင် ပထမဆုံး သရေရလဒ်ရရှိခဲ့ကာ ရမှတ်တစ်မှတ်စတင် ရရှိခဲ့ကြောင်း သိရသည်။