လီဗာပူးအသင်းက ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ကွင်းလယ်ကစားသမား ရာဘီယော့ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ
လီဗာပူးအသင်းက လိုအပ်ချက်များ ရှိနေသည့် အသင်းကွင်းလယ်ပိုင်းအတွက် ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ကွင်းလယ်ကစားသမား ရာဘီယော့ကို ခေါ်ယူရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း ပယ်ချခံရကြောင်း သိရသည်။
ရာဘီယော့သည် ၂၀၁၉ ခုနှစ်က ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဂျူဗင်တပ်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစား ခဲ့သူဖြစ်ပြီး အသင်းနှင့် ပြီးခဲ့သည့် ဇွန်လကုန်က စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လမ်းခွဲကာ ကလပ်အသင်း လက်မဲ့ဖြစ်နေသူဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းက ရာဘီယော့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သည့်အတွက် ဂျူဗင်တပ်စ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းသည် အသင်းကွင်းလယ်ပိုင်းတွင် ၀ါရင့်ကစားသမားများ အသင်းမှ ထွက်ခွာခဲ့ပြီး လူငယ် ကစားသမား အများစုသာ ရှိနေသည့်အပြင် မကြာခဏ ဒဏ်ရာ ရရှိနေသောကြောင့် ဝါရင့်ကစားသမား ရာဘီယော့ကို ခေါ်ယူလိုသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ရာဘီယော့ ကိုယ်တိုင်က တခြားအသင်းများထက် မန်ယူအသင်းသို့သာ ပြောင်းရွှေ့လိုနေသည့် အတွက် ပယ်ချခဲ့ကြောင်း သိရသည်။