မန်ယူအသင်း အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ဟိုက်လန်းနှင့် ယိုရိုတို့ ဒဏ်ရာကြောင့် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိ
မန်ယူအသင်း အဓိက ကစားသမားနှစ်ဦးဖြစ်သည့် တိုက်စစ် ကစားသမား ဟိုက်လန်းနှင့် ခံစစ်ကစားသမား ယိုရိုတို့သည် အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့ကစားသော ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဒဏ်ရာ အသီးသီး ရရှိခဲ့ကြသည့်အတွက် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
အာဆင်နယ်အသင်းက မန်ယူအသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည့်ခြေစမ်းပွဲတွင် ဟိုက်လန်းသည် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သော် လည်း ပွဲချိန် ၁၆ မိနစ်တွင် ပေါင်ခြံဒဏ်ရာရရှိသည့် အတွက် လူစားလဲ ထွက်ခွာခဲ့ရပြီး မည်သည့်အချိန်ထိ အနားယူရမည်ကို မသိရှိရသေးဘဲ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။
အလားတူ လက်ရှိနွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် လိုင်လီအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ယိုရိုသည် အာဆင်နယ် အသင်းနှင့်ခြေစမ်းပွဲတွင် ပွဲထွက်ကစားသမား အဖြစ် ပါဝင်လာသော်လည်း ပွဲချိန် ၃၅ မိနစ်တွင် တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲထွက်ခွာခဲ့ရပြီး အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။
မန်ယူအသင်းက ဟိုက်လန်းနှင့် ယိုရိုတို့ ဒဏ်ရာအသီးသီးရရှိခဲ့သည်ကို အတည်ပြုထားသော် လည်း မည်သည့်အချိန်ထိ အနားယူရမည်ကိုမသိရှိရသေးဘဲ အသေးစိတ် စစ်ဆေးမှုများပြုလုပ်ပြီးမှသာ ထပ်မံထုတ်ပြန်မည်ဟု အတည်ပြုခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက လည်း အဓိက ကစားသမားအများစု မကြာခဏ ဒဏ်ရာရရှိပြီး အသင်းရလဒ်ပိုင်းကို ထိခိုက်ခဲ့သည့် အတွက် ရာသီအကုန်တွင် အသင်းဆေးအဖွဲ့ကို အပြောင်းအလဲ ပြုလုပ်ထားသော်လည်း လက်ရှိ အချိန်ထိ ဒဏ်ရာရရှိမှုများ ရှိနေဆဲဖြစ်သည်။
မန်ယူအသင်းသည် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအဖြစ် သြဂုတ် ၁၀ ရက်တွင် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။