တရုတ်ရဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်းမှာ ဒရုန်းအုပ်များနဲ့ စက်ရုပ်ခွေးများကိုပါ ထည့်သွင်း အသုံးပြုလာ

 

တရုတ်ရဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်းမှာ ဒရုန်းအုပ်များနဲ့ စက်ရုပ်ခွေးများကိုပါ ထည့်သွင်း အသုံးပြုလာ

 

      မကြာသေးမီက တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း     ရှင်းကျန်းဝီဂါဒေသမှာ လုပ်ဆောင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်းတစ်ခုမှာ  ဒရုန်းအုပ်များနဲ့စက်ရုပ်ခွေးများကို   အသုံးပြုလာတာတွေ့ရပါတယ်။

ဒီလေ့ကျင့်ခန်းဟာ  ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ Interaction-2024အမည်ရှိ ပူးတွဲအကြမ်းဖက်မ တိုက်ဖျက်ရေး လေ့ကျင့်ခန်းဖြစ်ပါတယ်။

လေ့ကျင့်ခန်းဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်က အကြမ်းဖက်ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ    ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသဖို့ အတွက်ရည်ရွယ်တာပါ။

ဒါ့အပြင် ဒီလေ့ကျင့်ခန်းဟာ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများအားလုံးပါဝင်တဲ့  ပထမဆုံးသော ပူးတွဲလေ့ကျင့်ခန်း တစ်ခုလည်းဖြစ်ပါတယ်။

အဲဒီလေ့ကျင့်ခန်းမှာ   စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက မောင်းပြန်သေနတ်တွေ၊ ပစ္စတိုတွေ၊   အဓိကရုဏ်းထိန်းသိမ်းရေး ကိရိယာတွေကို ကိုင်ဆောင်ထားတဲ့အပြင် တိုက်ပွဲဝင် ဝတ်စုံကိုလည်း အပြည့်အစုံ ဝတ်ဆင်ထားပါတယ်။

တချို့စစ်သည်တွေက ဘက်စုံသုံးသံချပ်ကာယာဉ်များမှ လည်းကောင်း၊ တချို့တွေက ရဟတ်ယာဉ်များပေါ်မှလည်းကောင်း လိုက်ပါဆင်းသက် လာကြပါတယ်။ ဒါ့အပြင် စက်ရုပ်ခွေးတွေ၊  ဒရုန်းအုပ်တွေကလည်း လေ့ကျင့်ခန်းမှာ  ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ဒီလေ့ကျင့်ခန်းမှာ အကြမ်းဖက်သမားတွေရဲ့ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စေဖို့အတွက် အကြမ်းဖက်အဖွဲ့ အမြစ်ဖြတ်ချေမှုန်းရေးလိုမျိုး သီးခြား ရေးဆွဲထားတဲ့ လေ့ကျင့်ခန်းများလည်း ပါဝင်ပါတယ်။

ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကို ၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး   ကနဦး အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တရုတ်၊ တာဂျီကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့ ပါဝင်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့    ဘယ်လာရုစ်နိုင်ငံတို့ကလည်း   အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာပါပြီ။

ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဟာ အတိတ်မှာတုန်းကလည်း အကြမ်းဖက်မှု ချေမှုန်းရေးကို အတူလက်တွဲပြီး အောင်မြင် စွာဆောင်ရွက်နိုင်ခဲ့တဲ့  သာဓကများစွာ ရှိပါတယ်။

အဖွဲ့ဝင်နိုင်ငံများစွာရှိတဲ့အထဲမှာမှ တရုတ်နိုင်ငံဟာ စက်ရုပ်ခွေးတွေကို သိသာထင်ရှားစွာ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မေလမှာတုန်းက ကမ္ဘောဒီးယားနိုင်ငံနဲ့ အတူဆောင်ရွက်တဲ့ ၁၅ ရက်ကြာ စစ်ရေး လေ့ကျင့်ခန်းတစ်ခုမှာဆိုရင် တရုတ်နိုင်ငံဘက်က စက်သေနတ် တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးများကို ထုတ်ဖော်ပြသ ခဲ့ဖူးပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား အကြီးဆုံးသော ပူးတွဲစစ်ရေး လေ့ကျင့်ခန်းဖြစ်တဲ့   အဲဒီ လေ့ကျင့်ခန်းမှာ တရုတ်နိုင်ငံက သူတို့ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့ယာဉ် အများအပြားကိုလည်း ကမ္ဘောဒီးယား စစ်သည်တွေကို ပြသခဲ့ပါသေးတယ်။

အဲဒီလေ့ကျင့်ခန်းမှာ နှစ်ဖက်စစ်သည် အင်အား ၂၀၀၀ ကျော်ပါဝင်ခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က အင်အား ၇၆၀ ခန့်သာ ပါဝင်ခဲ့တာပါ။

Golden Dragon လို့နာမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာ စစ်ရေယာဉ်နဲ့ ရဟတ်ယာဉ် ၁၄ စင်းအပြင် သံချပ်ကာ ယာဉ်နဲ့   တင့်အစီးရေ ၇၀ နီးပါးအထိ ပါဝင်တယ်လို့ဆိုပါတယ်။