ကမ္ဘာ့ပထမဆုံးအဖြစ် ညဘက်ဝေဟင်ဆီဖြည့် တာဝန်ကိုထမ်းဆောင်နိုင်တဲ့ Airbus A330 ဆီဖြည့်လေယာဉ်

 

ကမ္ဘာ့ပထမဆုံးအဖြစ် ညဘက်ဝေဟင်ဆီဖြည့် တာဝန်ကိုထမ်းဆောင်နိုင်တဲ့ Airbus A330 ဆီဖြည့်လေယာဉ်

 

         Airbus ရဲ့ ဘက်စုံသုံးဝေဟင်ဆီဖြည့်လေယာဉ်ဖြစ်တဲ့ A330 ဟာ ညဘက် အလိုအလျောက် ဝေဟင်ဆီဖြည့်ခြင်း တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုလိုမျိုး   ညဘက်ဝေဟင်ဆီဖြည့်ခြင်း တာဝန်ကို ထမ်းဆောင်နိုင်ခြင်းဟာ လေကြောင်းကဏ္ဍမှာ ကမ္ဘာ့ပထမဆုံးအဖြစ် မှတ်တမ်းတင်လိုက်နိုင်ပါတယ်။

ဒီလိုစွမ်းဆောင်နိုင်ခြင်းဟာ ၂၀၂၅ ခုနှစ်မှာ အသိအမှတ်ပြုလက်မှတ် ရဖို့အတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ Airbus ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။

Airbus ကုမ္ပဏီက ဒီလိုမျိုးညဘက် ဝေဟင်ဆီဖြည့်ခြင်း လုပ်ငန်းကို  မေလနဲ့ ဇွန်လအတွင်းမှာ  လုပ်ဆောင်ခဲ့တာပါ။ အဲဒီလိုလုပ်ဆောင်မှုမှာ စင်ကာပူမှာရှိတဲ့ A330 ဝေဟင်ဆီဖြည့်လေယာဉ် တစ်စင်းက ၁၀ ကြိမ်ပျံသန်းပြီး  များလှစွာသော တိုက်လေယာဉ်များကိုသာမက သူ့လိုမျိုးဝေဟင်ဆီဖြည့် လေယာဉ်ကိုပါ  ညဘက်ဝေဟင်ဆီဖြည့်ခြင်းများ လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဝေဟင်ဆီဖြည့်ခြင်း လုပ်ငန်းဆိုတာ အရင်ကတည်းက  ကြိမ်ဖန်များစွာ လုပ်ဆောင်ဖူးသော လုပ်ငန်းများသာ   ဖြစ်ပါတယ်။

ဒီလုပ်ငန်းကိုဆောင်ရွက်ရာမှာ နေ့ဘက်ဆိုရင်တော့ အလင်းရောင်ကြောင့် ကောင်းစွာမြင်ရတဲ့အတွက် အခက်အခဲမရှိပေမယ့် ညဘက်တွေမှာ ဝေဟင်ဆီဖြည့်မယ်ဆိုရင်တော့ များပြားလှစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြရမှာပါ။

ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက  တော်တော်လေးကိုကြိုးစားကြပေမယ့် Airbus ရဲ့လုပ်ဆောင်မှု မတိုင်မီအထိတော့  ဘယ်သူကမှ  ဒီစိန်ခေါ်မှုကို မကျော်လွှားနိုင်ခဲ့ပါဘူး။

ညဘက်  ဝေဟင်ဆီဖြည့်လုပ်ငန်းကို အမှားအယွင်းမရှိ အကောင်းဆုံး လုပ်ဆောင်နိုင်တယ်ဆိုရင်  တိုက်လေယာဉ်တွေရဲ့ ညဘက် တာဝေး ခရီးသွားလာမှုကိုသာမက အခြားသော ကင်းထောက်လေယာဉ်များရဲ့ သွားလာ ကင်းထောက်နိုင်စွမ်းကိုလည်း တိုးမြင့်စေမှာအမှန်ပါပဲ။

Airbus ကုမ္ပဏီအနေနဲ့ အခုလိုမျိုး စိန်ခေါ်မှုတွေကို  ကျော်လွှားနိုင်ဖို့အတွက် ညဘက်ဝေဟင်ဆီဖြည့်ခြင်းဆိုင်ရာ အယ်လဂိုရီသမ်အသစ်နဲ့   ကင်မရာစနစ်စံနှုန်း အသစ်များစွာကို အသုံးပြုခဲ့ရပါတယ်။

Airbus ကုမ္ပဏီရဲ့ နှစ်လတာဝေဟင်ဆီဖြည့် လုပ်ငန်းတာဝန်အတွင်း ဆီဖြည့်ပေးနိုင်ခဲ့တဲ့ အကြိမ်ရေပေါင်း ၅၀၀ ကျော်ရှိပြီး အဲဒီထဲကမှ အကြိမ် ၁၅၀ ကျော်က ညဘက်မှာ လုပ်ဆောင်ပေးနိုင်ခဲ့တာပါ။

ဝေဟင်ဆီဖြည့်ခြင်းကို လက်ခံရယူခဲ့တဲ့ လေယာဉ်တွေထဲမှာ ပေါ်တူဂီနဲ့စင်ကာပူ နိုင်ငံတို့မှ F-16 တိုက်လေယာဉ်များနဲ့ F-15SG    တိုက်လေယာဉ်များ ပါဝင်ပါတယ်။

Airbus A330  ဆိုတာ မျိုးဆက်သစ် ဝေဟင်ဆီဖြည့်လေယာဉ်ဖြစ်ပြီး တိုက်ပွဲတွေကြားမှာ သွားလာနိုင်တဲ့အပြင် ဘက်စုံအသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်များလည်း ပါဝင်ပါတယ်။

ဒါ့အပြင်   အလိုအလျောက် ဝေဟင်ဆီဖြည့်နိုင်တဲ့ ပထမဆုံးသော လေယာဉ်အဖြစ် ၂၀၂၂ ခုနှစ်မှာ အသိအမှတ်ပြု လက်မှတ်ရရှိထားတယ်လို့   Airbus ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါတင်မကသေးပါဘူး။  A330 ရဲ့ လေယာဉ်ဆီတင်ဆောင်နိုင်တဲ့ ပမာဏက ၁၁၁ တန်အထိရှိတာကြောင့် ဆီတန်ချိန် အများဆုံး သယ်ဆောင်နိုင်တဲ့    ဝေဟင်ဆီဖြည့်လေယာဉ် ဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိထားပါတယ်။

ဘက်စုံသုံးလို့ဆိုထားတဲ့အတွက် သူဟာ  ခရီးသည်အယောက်  ၃၀၀  ကိုလည်း တင်ဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် သူ့ကို ကယ်ဆယ်ရေး လုပ်ငန်းများမှာလည်း ထိရောက်မှုရှိစွာ အသုံးပြုနိုင်မှာပါ။

လက်ရှိအချိန်မှာတော့ A330 ဝေဟင်ဆီဖြည့်လေယာဉ်ကို ပြင်သစ်၊ ဗြိတိန်၊ စပိန်နဲ့  NATO တပ်ဖွဲ့အပါအဝင် နိုင်ငံပေါင်း  ၁၀ နိုင်ငံက အမှာစာတင်ထားတယ်လို့ ဆိုပါတယ်။