ဘက်စုံအသုံးဝင်သည့် အဖိုးတန်ရွှေကောက်ရိုး

 

ဘက်စုံအသုံးဝင်သည့် အဖိုးတန်ရွှေကောက်ရိုး

 

    ကောက်ရိုးဆိုသည်က စပါးရိတ်သိမ်းပြီးခြွေလှေ့ကာ ကျန်ရှိခဲ့သော စပါးရိုးများဖြစ်သည်။ ကောက်ရိုးကို တောင်သူအများစုက တိရစ္ဆာန်အစာအဖြစ်အသုံးပြုကြသည်။ အချို့ကလည်း လယ်မြေထဲတွင် မီးရှို့ပြီး မြေကြီးအာဟာရဓာတ်ရရှိအောင်  ပြုလုပ်ကြသည်။ သို့သော် ထိုသို့မီးရှို့ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များထုတ်လွှတ်သောကြောင့်      သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်   ကမ္ဘာကြီးပူနွေးမှုကို  ဖြစ်စေသည်။ ထို့ပြင် မြေကြီးထဲရှိ အကျိုးပြုအဏုဇီဝပိုးများနှင့်  သက်ရှိအများစု   သေဆုံးသွားနိုင်သည်။

ကောက်ရိုးများကို  တိရစ္ဆာန်အစာအတွက်သာမက အကျိုးရှိရှိပြန်လည် အသုံးချနိုင်သည့်    နည်းလမ်းပေါင်းစုံ ရှိနေသည်ကို လေ့လာတင်ပြသွားမည်။

ယူရီးယားဖြင့်ပြုပြင်ပြီး တိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်း

      မိမိတို့နိုင်ငံတွင် ကောက်ရိုးကို ကျွဲ၊ နွားအစာအဖြစ်   ကျွေးမွေးခဲ့ကြသည်မှာ  ရှေးပဝေသဏီ ကတည်းကပင်ဖြစ်သည်။  အများစုမှာ ပုံမှန်အတိုင်းသာ ကျွေးမွေးကြပြီး     ကောက်ရိုးကိုပြုပြင်မွမ်းမံ၍ ကျွေးမွေးခြင်းမှာ  ရှားပါးလှသည်။   ကောက်ရိုးတွင် အသားဓာတ်ပါဝင်မှုနည်းပါးပြီး  အမျှင်ဓာတ်ပါဝင် မှုသာများသောကြောင့်   အာဟာရဖြစ်မှုနည်းပါးသည်။ ထို့ပြင်  ကောက်ရိုးတွင်ပါဝင်သော  အမျှင်ဓာတ်(ခေါ်) လစ်ဂနင် (Lignin) ဓာတ်ကို ကျွဲ၊ နွားများ၏အစာအိမ်က ချေဖျက်မရခြင်းကြောင့် ဗိုက်ကြီးတစ်ခုလုံးပြည့်နေအောင်    စားထားသော်လည်း ကြီးထွားမှုနှုန်း နည်းပါးသောကြောင့် ကျွေးသလောက်အကျိုးမရှိပေ။ ထို့ကြောင့် ကောက်ရိုးအား အာဟာရပိုဖြစ်ပြီး ကျွဲ၊ နွားများ  အသားတိုးနှုန်းပိုလာစေရန်အတွက် ကောက်ရိုးတွင်ပါဝင်သော လစ်ဂနင်ဓာတ်ကို ယူရီးယားနှင့်ချေဖျက်ရသည်။ ကောက်ရိုးတစ်ကီလိုဂရမ်အတွက် ရေတစ်လီတာနှင့် ယူရီးယား ၅၀ ဂရမ်နှုန်းဖျော်ပြီး ဖျန်းပေးရမည်ဖြစ်သည်။

ကောက်ရိုးပြုပြင်ရန်အတွက် မိမိပတ်ဝန်းကျင်ရှိ  သမံတလင်းခင်းထားသော အခန်း၊  ကျင်း၊  သံပုံး၊ ပလတ်စတစ်ပုံးကြီးများအတွင်းသို့  ကောက်ရိုးကို သေချာစွာနင်းသိပ်ရမည်။ ပြီးလျှင် ယူရီးယားအရည်ကို  နှံ့စပ်စွာဖျန်းပြီး  လေလုံအောင် ဖုံးအုပ်ထားရန်လိုသည်။ ထိုသို့ လေလုံအောင်ဖုံးထားပြီး နှစ်ပတ်၊ သုံးပတ်ကြာသည့်အခါ ပြုပြင်ပြီးကောက်ရိုးကို ကျွဲ၊ နွားများကျွေးရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။ မကျွေးမီ နှစ်နာရီမှ ခြောက်နာရီအကြား   လေသလပ်ခံရန် လိုအပ်သည်။   ယူရီးယားဖြင့်  ပြုပြင်ထားသော ကောက်ရိုးကို ကျွဲ၊ နွားများအားကျွေးပါက ပိုမိုစားသည့်အပြင်   အကောင်ကြီးထွားနှုန်း ကောင်းမွန်ပြီး ရောဂါခံနိုင်ရည်စွမ်းအား ရှိလာသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။  ထို့ကြောင့်  ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန်လွယ်ကူသော     ထိုနည်းလမ်းကို တောင်သူလယ်သမားများအနေဖြင့်   အကျိုးရှိရှိလိုက်ပါ ဆောင်ရွက်ကြခြင်းဖြင့်  မိမိမွေးမြူထားသော ကျွဲ၊ နွားများအား အဖိုးနည်းဝန်ပါ အစားအစာများကို ကျွေးမွေးနိုင်မည်ဖြစ်သည်။

အာဟာရဖြည့် နွားစာတုံးပြုလုပ်ခြင်း

    အာဟာရဖြည့် နွားစာတုံးဆိုသည်မှာ ကောက်ရိုးကို ပဲဖတ်၊ နှမ်းဖတ်၊ ကစီဓာတ်နှင့်ဆားရောပြီး အတုံးပြုလုပ်ထားခြင်းဖြစ်သည်။ ထိုအာဟာရဖြည့် နွားစာတုံးမှာ ကောက်ရိုး ၈၅ ရာခိုင်နှုန်း၊ ပဲဖတ်/နှမ်းဖတ် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ကစီဓာတ်(ကော်မှုန့်) ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဆား ၁ ရာခိုင်နှုန်းနှင့်အာဟာရစုံ ၂ ရာခိုင်နှုန်းရောစပ်ပြီး ဟိုက်ဒရောလစ်ဖိအားဖြင့် ဖိနှိပ်ပြုလုပ်ထားခြင်းဖြစ်သည်။ ဥပမာ အာဟာရဖြည့် နွားစာတုံး ပိဿာ ၁၀၀ လုပ်မယ်ဆိုရင် ယူရီးယားမြေသြဇာ၊  ရေနဲ့နှပ်ထားတဲ့ကောက်ရိုး ၈၅ ပိဿာ၊ ပဲဖတ် ဒါမှမဟုတ် နှမ်းဖတ် ၄ ဒသမ ၅ ပိဿာ၊ ဆန်မှုန့် ဒါမှမဟုတ် ဂျုံမှုန့်၊ ဖွဲနုမှုန့် ၇ ဒသမ ၅ ပိဿာ၊ ဆားတစ်ပိဿာ၊ အာဟာရစုံသတ္တုဓာတ်အရော ၂ ပိဿာနဲ့ရောစပ်ဖို့လိုပါတယ်။ မြေပဲရိုး၊ ပဲစင်းငုံရိုး၊ ပဲလွမ်းအရိုး စသည့်ဘေးထွက် ပစ္စည်းတွေပါရော၍ ထည့်နိုင်သည်။  အညာဒေသ၌  ၎င်းင်းဒေသထွက် ကောက်ပဲသီးနှံ အရွက်၊ အရိုးအပြင် အခြားအာဟာရ ဖြစ်စေသည့် အရွက်၊  အရိုးများကိုပင်  လက်တွေ့အသုံးပြုကြကြောင်း တွေ့ရသည်။ ကျွဲ၊ နွားများ ပင်ပန်းပြီး အားအင်ကုန်ခန်းသည့်အခါ ကျွေးမွေးရန်၊ ခရီးသွားသည့်အခါ အလွယ်တကူ သယ်ယူနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်။

မြေဆွေးပြုလုပ်ခြင်း

    ကောက်ရိုးများကို မြေဆွေးပြုလုပ်ခြင်းသည်လည်း အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ကိုင်နေသူများအတွက် အလွန်အရေးပါသည်။  စပါးစိုက်တောင်သူများ အတွက်လည်း ရရှိလာသော မြေဆွေးများကို မိမိတို့ စိုက်ခင်းများတွင်  ပြန်လည်ထည့်သွင်းပေးခြင်းဖြင့် မြေသြဇာကုန်ကျစရိတ်ကို များစွာသက်သာစေသည်။

ကောက်ရိုးများကိုစုဆောင်းပြီး     ကောက်ရိုးမြေဆွေး ပြုလုပ်မည့်နေရာအား   ရွေးချယ်ရာတွင် ထိုနေရာသည် ရေလွှမ်းမိုးမှုမရှိသော  နေရာဖြစ်ရမည်။ လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ ပထမအလွှာကို ကောက်ရိုးများဖြင့်ဖြန့်ခင်းပါ။ ကောက်ရိုးများ   အလွန်ခြောက်သွေ့နေပါက   ရေလောင်းပြီး ဖိသိပ်ပါ။ အီးအမ်ဖျော်ရည်ကို နှံ့စပ်စွာပက်ဖျန်းပါ။ သို့သော် အလွန်အမင်းမများစေရပါ။   ထို့နောက် ဒုတိယအလွှာကို ကောက်ရိုး၊ ဗေဒါပင်၊ ငှက်ပျောရွက်တို့ဖြင့် ဖြန့်ခင်းပါ။  ထိုနည်းအတိုင်း   စုစုပေါင်း ခြောက်လွှာပြုလုပ်ရမည်။

အီးအမ်ဖျော်ရည်နှင့်ရေကို နှံ့စပ်စွာ ထပ်မံပက်ဖျန်းပါ။ နောက်ဆုံးအဆင့်အနေဖြင့် ကောက်ရိုးမြေဆွေးပုံကို ပလတ်စတစ်ဖြင့်ဖုံးအုပ်ပါ။  သဘာဝမြေသြဇာပုံကို မကြာခဏစစ်ပေးပါ။ အကယ်၍ ခြောက်သွေ့နေလျှင် ရေဖျန်းပေးရပါမည်။  တစ်လခွဲကြာလျှင် သဘာဝမြေသြဇာပုံကို  ဘေးဘယ်ညာ၊   အထက်အောက်ပြောင်းပြန်လှန်ပေးပါ။ သုံးလမှငါးလကြာလျှင် အသုံးပြုရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။ ထိုသို့သဘာဝကောက်ရိုးမြေသြဇာကို     တောင်သူများ စနစ်တကျလုပ်ဆောင်ကြမည်ဆိုပါက ဓာတ်မြေသြဇာ သုံးစွဲမှုကို အထိုက်အလျောက် လျှော့ချသုံးစွဲနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးကုန်ကျစရိတ် လျော့နည်းလာမည် ဖြစ်ပေသည်။

ကောက်ရိုးမှိုစိုက်ပျိုးခြင်း

    ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့ နှစ်သက်စွာ စားသုံးကြပြီး ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့်မစိမ်းပါ။ သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံ၊ နှမ်းပြောင်းရိုးပုံ၊  ဂုန်လျှော်အဆွေးပုံများမှ  အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်လာသည်ကို တွေ့ရတတ်ပေသည်။ ကောက်ရိုး မှိုသည် စိုက်ပျိုးရလွယ်ပြီး  စျေးကွက်လည်းရှိသဖြင့် ကောက်ရိုးမှိုစိုက်နည်းကို တင်ပြလိုက်သည်။

ကောက်ရိုးမှိုပြုလုပ်ရန်အတွက် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုးများကို အလျား ၃ ပေ၊ အချင်း ၈ လက်မမှ ၁၀ လက်မအရွယ်အထုံးများရရှိအောင် ကျစ်လျစ်စွာထုံးပြီး တစ်ညရေစိမ်ကာ ရေစစ်ထားရပါမည်။ ပထမအလွှာအတွက် ကောက်ရိုးထုံး ခုနစ်ထုံးကို ကပ်၍စီပါ။ အလွှာ၏ ဘေးနားပတ်လည်မှ ၃ လက်မအကွာတွင် မှိုမျိုးတစ်ထုပ်ကို ဖြူးထည့်ပေးပါ။ ဒုတိယအလွှာအတွက် ကောက်ရိုးထုံး ခုနစ်ထုံးကို ကန့်လန့်ဖြတ်ဖြန့်ခင်းပြီး မှိုမျိုးတစ်ထုပ်ကို  ပထမအလွှာကဲ့သို့ ထည့်ပေးရမည်။  ထိုနည်းအတိုင်း အလွှာ ငါးလွှာအထိ ထပ်စီရမည်။  အပေါ်ဆုံးအလွှာတွင် မှိုမျိုးထည့်ရန်မလိုပါ။

မှိုမျိုးထည့်ပြီးသော ကောက်ရိုးထုံးအပုံကို ပလတ်စတစ်ဖြင့်အုပ်ပြီး သက်ငယ်ဖြင့် ထပ်မံအုပ်ပေးရပါမည်။ စိုက်ပျိုးပြီး   ၁၄ ရက်၊ ၁၅ ရက်ခန့်အကြာတွင် မှိုများကို စတင်ခူးနိုင်ပြီး အနည်းဆုံး လေးကြိမ်မှ ခြောက်ကြိမ်၊ ရှစ်ကြိမ်အထိ  ခူးနိုင်ပါသည်။  မှိုအထွက်နှုန်းမှာ တစ်ပိဿာခွဲမှ သုံးပိဿာအထိ ထွက်ရှိနိုင်ပါသည်။ ကောက်ရိုးမှိုသည်    အရောင်းအဝယ်လိုက်သဖြင့် မှိုစိုက်သူများအတွက်  ဝင်ငွေလည်းရ အဆင်လည်း ပြေစေသည့် နည်းလမ်းတစ်ခုပင်ဖြစ်ပေသည်။

ကောက်ရိုးစက္ကူပြုလုပ်ခြင်း

    စက္ကူကို ဝါးပင်ကသာအဓိကရရှိကြောင်း မိမိတို့ သိရှိခဲ့ကြပြီးဖြစ်သည်။ သို့သော် စက္ကူကို ကောက်ရိုးကနေ ထုတ်လုပ်၍ရသည်ကိုတော့ သိရှိသူနည်းပါးပါလိမ့်မည်။ မှန်ပါသည်။   ကောက်ရိုးကနေ   စက္ကူထုတ်လုပ်၍ရသည်။ ထိုသို့ အဖိုးတန်သောကောက်ရိုးမှ စက္ကူထုတ်လုပ်နည်းအဆင့်ဆင့်ကို တင်ပြပေးမည်။

စက္ကူထုတ်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများမှာ  ကောက်ရိုး၊  တာကမ်ပေါင်ဒါ၊ ဆိုဒီယမ် ဆီလီကိတ်၊ ပိုတက်ဆီယမ်ဟိုက်ဒရောဆိုက်၊ ကျောက်ချဉ်၊ ထင်းရှူးဆီ၊ ဆိုဒါမှုန့်၊  ကစီဓာတ်နှင့်ဆိုးဆေးများဖြစ်သည်။   လိုအပ်သော စက်ပစ္စည်းများမှာ ပျော့ဖတ်ကြိတ်စက်၊ စက္ကူပုံသွင်းစက်၊  ရေညှစ်စက်၊ အချောကိုင်စက်နှင့် စက္ကူဖြတ်စက်တို့ဖြစ်သည်။

ပထမဦးစွာ  ကောက်ရိုးများကို  ပိုတက်ဆီယမ် ဟိုက်ဒရောဆိုက် ၁၅ ရာခိုင်နှုန်းရော၍ ငါးနာရီကြာ ပြုတ်ပေးရမည်။   ပြုတ်ပြီးသား ကောက်ရိုးများကို ရေဆေးပေးရမည်။  ပါဝင်သော ဓာတုပစ္စည်းများကိုလည်း ပြင်ဆင်ထားပါ။   ထို့နောက်  ပျော့ဖတ်ကြိတ်စက်ထဲသို့ ရေတစ်ဝက်ခန့်ဖြည့်ပြီး ကောက်ရိုးများကို ၁၀ နာရီကျော်ခန့်  ကိတ်ခြေပါ။ ပြီးလျှင် ပါဝင်သော ဓာတုပစ္စည်းတစ်မျိုးချင်းစီ ထည့်၍ ငါးမိနစ်ခန့်စီ ကြိတ်ခြေပါ။ ထို့နောက် ၁၅ မိနစ်ခန့် ထပ်မံကြိတ်ခြေခြင်းဖြင့်  ကောင်းမွန်သော ပျော့ဖတ်ကို ရရှိစေသည်။  ရရှိလာသော ပျော့ဖတ်များကို ပလတ်စတစ်ကန်ထဲသို့ ထည့်ပါ။  ပျော့ဖတ်များကို မိမိပြုလုပ်မည့် စက္ကူပမာဏအတိုင်း ခြင်တွယ်၍ ပုံစံခွက်ထဲသို့ထည့်ခြင်းဖြင့်   စက္ကူအစိုကို  ရရှိမည်။ ပုံစံခွက်ထဲမှ စက္ကူအစိုများကို ယူပြီး တစ်ချပ်ချင်း အဝတ်စပါးပါးဖြင့် ခံ၍ ထပ်ထားပါ။ စက္ကူအစိုတွင်ရှိသော ရေများကုန်စင်သွားစေရန်    ဟိုက်ဒရောလစ်ဖိစက်ဖြင့် ရေများဖိထုတ်ပါ။ ထို့နောက် တစ်နာရီခန့်နေလှန်းပြီး အရိပ်ထဲတွင်  တစ်ညချိတ်ဆွဲထားပါ။ ပြီးလျှင် စက္ကူအရောင်တင် ချောမွေ့စက်တွင်ထည့်ကာ ချောမွေ့အောင်ပြုလုပ်ပါ။ နောက်ဆုံးအဆင့်အနေဖြင့် မိမိအလိုရှိသည့် စက္ကူအရွယ်အစားအတိုင်း စက္ကူဖြတ်စက်ဖြင့် ဖြတ်တောက်ပြီး အသုံးပြုနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်  ၂၀၂၄-၂၀၂၅  ခုနှစ်အတွင်း  မိုးစပါးစိုက်ပျိုးရန် လျာထားဧက ၁၅ သန်းရှိသည်။

ကောက်ရိုးထွက်ရှိမှုအနေဖြင့် လယ်တစ်ဧကလျှင်  ကောက်ရိုးနှစ်တန် ထွက်ရှိသောကြောင့် စပါးရိတ်သိမ်းပြီးချိန်တွင် ကောက်ရိုးတန်သန်း ၃၀ ရရှိမည်။

တန်သန်း ၃၀ သည် ပိဿာအားဖြင့် ၁၈၃၇ ဒသမ ၂ သန်းရှိသည်။ တိရစ္ဆာန်များအား အစာကျွေးမွေးမှု တွက်ချက်ကြည့်ပါက ကျွဲတစ်ကောင်လျှင် တစ်ရက်အတွက် ကောက်ရိုး ခုနစ်ပိဿာနှုန်းဖြင့် ကျွေးမွေးရသည်။ ထို့ကြောင့် ကျွဲတစ်ကောင်အား တစ်နှစ်ပတ်လုံးကျွေးမွေးရန် ကောက်ရိုး၂၅၅၅ ပိဿာကုန်ကျမည်။

ထို့ကြောင့် ကောက်ရိုးတန်သန်း ၃၀ အတွက် ကျွဲ ၇၁၉၀၆၀၆ ကောင်ကို   ကျွေးနိုင်မည်။  ထို့အတူ နွားတစ်ကောင်လျှင် တစ်ရက်အတွက်   ကောက်ရိုး ခြောက်ပိဿာနှုန်းဖြင့် ကျွေးပါက   တစ်နှစ်လျှင် ကောက်ရိုး ၂၁၉၀ ပိဿာ ကုန်ကျမည်။ ထို့ကြောင့် ကောက်ရိုး တန်သန်း ၃၀ အတွက် နွား  ၈၃၈၉၀၄၁ကောင်ကို ကျွေးနိုင်မည်။   လယ် ၁၀ ဧကရှိသော တောင်သူများအတွက် ကောက်ရိုးတန် ၂၀ ထွက် ရှိမည်။   ကျွဲ၊  နွားများအား သတ်မှတ်ထားသော ပမာဏအတိုင်းကျွေးပါက တစ်နှစ်ပတ်လုံး ကျွဲငါးကောင် သို့မဟုတ် နွားခြောက်ကောင်အား လုံလောက်အောင်    ကျွေးမွေးနိုင်သည်။ ကောက်ရိုးဖြင့် စက္ကူလုပ်ရာတွင် အထက်ပါစက္ကူလုပ်နည်းအတိုင်း ဆောင်ရွက်ပါက ကောက်ရိုးတစ်ပိဿာလျှင် ပျော့ဖတ် .၅ ပိဿာ(၅၀ ကျပ်သား)ရှိမည်။ ထို့ကြောင့် ယခုနှစ်တွင် စိုက်ပျိုးထားသော စပါးလယ် ၁၅ သန်း အတွက်  ကောက်ရိုးတန်ချိန် သန်း ၃၀ (၀ါ) ၁၈၃၇ ဒသမ ၂ ပိဿာသန်း ထွက်ရှိမည်။  ကောက်ရိုးပိဿာ  ၁၈၃၇ ဒသမ၂ သန်းအတွက် ပျော့ဖတ်ပိဿာ ၉၁၈ ဒသမ ၆  သန်း ရရှိမည်။ ကောက်ရိုးပျော့ဖတ်များဖြင့် တန်ဖိုးမြင့်စက္ကူထုတ်ကုန်များ ပြုလုပ်သုံးစွဲနိုင်သောကြောင့် စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများဖြင့်    နိုင်ငံခြားငွေသုံးစွဲရမှုကို များစွာသက်သာစေမည်ကို  တွေ့ရှိနိုင်သည်။

စိုက်ပျိုးထားသော မိုးစပါး ၁၅ သန်းမှ ထွက်ရှိလာသော ကောက်ရိုးတန် သန်း ၃၀ အား ကျွဲ၊ နွားများအား ၅၀ ရာခိုင်နှုန်း၊ စက္ကူပျော့ဖတ်အတွက် ၅၀ ရာခိုင်နှုန်းအသုံးပြုပါက ကောက်ရိုးတန် ၁၅ သန်း(ဝါ)ပိဿာ ၉၁၈ ဒသမ ၆ သန်း ရရှိမည်။ ကျွဲတစ်ကောင်လျှင် တစ်ရက် ခုနစ်ပိဿာနှုန်းဖြင့် တစ်နှစ်ပတ်လုံးကျွေးပါက ကျွဲစုစုပေါင်း ၃၅၉၅၃၀၃ ကောင် ကျွေးနိုင်မည်။ နွားတစ်ကောင်လျှင် တစ်ရက်ခြောက်ပိဿာ နှုန်းဖြင့် တစ်နှစ်ပတ်လုံးကျွေးပါက နွားစုစုပေါင်း ၄၁၉၄၅၂၀ ကောင်ကျွေးနိုင်ပါမည်။ ကျန်ကောက်ရိုးတန် ၁၅ သန်းအား စက္ကူပျော့ဖတ်ပြုလုပ်ပါက တန်ချိန် ၇ ဒသမ ၅ သန်းရရှိမည်။ စပါးပင်ဘေးထွက်ပစ္စည်းဖြင့် တိရစ္ဆာန်အစာအဖြစ် ကျွေးမွေးနိုင်ပါက ကုန်ကျစရိတ်ကိုများစွာ သက်သာစေနိုင်သည့်အပြင် ကောက်ရိုးပျော့ဖတ်ကို  ဆောင်ရွက်နိုင်ပါက စပါးစိုက်ပျိုးသည့် တောင်သူများ   ဝင်ငွေတိုးတက်စေပြီး ဒေသခံများအလုပ်အကိုင် အခွင့်အလမ်းများစွာ  ရရှိစေနိုင်သည်။

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်    မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုး စားသုံးသည့် နိုင်ငံဖြစ်သည်။   စပါးမှဆန်ရရှိသကဲ့သို့    ကျန်ရှိခဲ့သော ကောက်ရိုးသည်လည်း စွန့်ပစ်စရာမလိုဘဲနည်းလမ်းပေါင်းစုံဖြင့် အကျိုးပြုလျက်ရှိရာ စပါးတစ်ပင်လုံးသည် လူသားတို့အတွက် အသုံးဝင်သော  အဖိုးတန်အပင်ဖြစ်သည်။  ကောက်ရိုးသည် ကျွဲ၊  နွားများအတွက် အစားအစာဖြစ်သကဲ့သို့   စနစ်တကျ အသုံးချနိုင်လျှင် လူသားတို့အတွက် အကျိုးရှိသော  ကုန်ကြမ်းပစ္စည်းများအဖြစ်   လူမှုစီးပွားဘဝများ တိုးတက်လာစေရန်  အထောက်အပံ့များဖြစ်သည်။ ထို့ကြောင့် ကောက်ရိုးများကို မီးရှို့ပစ်ခြင်း မပြုလုပ်ကြဘဲ  ဖော်ပြခဲ့သော နည်းလမ်းများကို     လိုက်နာဆောင်ရွက်ခြင်းဖြင့်  အဖိုးတန်ရွှေကောက်ရိုးများကို အကျိုးရှိစွာ အသုံးချနိုင်ကြပါရန် တိုက်တွန်း တင်ပြလိုက်ရပါသည်။     ။