ဝိုင်းမော်မြို့နယ်၊ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများသယ် ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊ ဒီဇင်ဘာ - ၄

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအနီး ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ် ဝင်၊ ထွက်သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ဒီဇင်ဘာ ၂ ရက် ညနေ ၅နာရီ ၁၀ မိနစ်ခန့်တွင် ကန်ပိုက်တည်မြို့ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ မောင်းနှင်လာသော CANDA- 125 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ဘောမ်ခေါ်(ဘ)ဦးချမ်းဘောမ်နှင့်အတူ ဘိန်းစိမ်း ၅၀၀၀ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅ သိန်း)ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဝိုင်းမော်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။