ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
သံမဏိဂိတ်ကြီး၏အောက်ခြေအထိုင် Gate Slot ထဲတွင် ကျောက်တုံး၊ ကျောက်ခဲ၊ သဲများရှိနေလျှင်လည်း ဂိတ်ချပြီးချိန် ရေမလုံဘဲဖြစ်မည်။ ရေစီးနေသည့် အဝင်ဝတွင် ဤကျောက်ခဲနှင့်သဲကို လူဖြင့်ဆင်း၍ ဖယ်ရှားရန် မစဉ်းစားနှင့်၊ ရေစီးက ဥမင်လိုဏ်အဝတွင် အလွန်သန်သည်။
လူအန္တရာယ်များသည်။ ဥမင်လိုဏ်ထဲ လူပါသွားပါက အထွက်တွင် ရေငြိမ်ကန် (Stilling Basin) ထဲပြုတ်ကျမည်။
သံမဏိဂိတ်မချမီကပင် Slot ထဲမှ ကျောက်ခဲ၊ သဲများ ရှင်းထုတ်ပေးရန် သံမဏိလေပိုက်များကို ဂိတ်အောက်ခြေ မျက်နှာပြင်နှင့်ကပ်၍ တစ်ပါတည်း ဂဟေဆော်တွဲထားရသည်။ ဂိတ်နှင့်ကြမ်းထိခါနီးမှစ၍ လေစက်မောင်းပြီး ဂိတ်ကိုဖြည်းဖြည်းချရသည်။ အောက်ခြေကြမ်းနှင့် ဂိတ်နီးလာလေ၊ ရေစီးကိုတားမိလေ ရေကမြင့်တက်လာလေ၊ ကြမ်းနှင့် ဂိတ်ကြား ရေစီးသန်လာလေဖြစ်လာသည်။ ဤအခွင့်အရေးကို အမိအရယူပြီး ဂိတ်အောက်ခြေ မျက်နှာပြင်အနီးတွင် ကြိုတင်တပ်ဆင်ထားသော လေပိုက်များကို အသုံးချ၍ Gate Slot များထဲသို့လေမှုတ်ပြီး ကျောက်ခဲများကို Slot ထဲမှ ရှင်းထုတ်သည်။ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်၍ ဤအစီအစဉ်ကို အလေးအနက်ထား လုပ်ကြရသည်။
ဂိတ်ချမှုကိစ္စပြီးမြောက်ချိန်တွင် ဂိတ်တွင် မည်မျှကောင်းသော ရေလုံ ရော်ဘာဆီးလ်(Rubber Water Seal)များ တစ်ပါတည်း တပ်ဆင်ထားပါစေ ရေအနည်းငယ်တော့ ယိုနိုင်သေးသည်။
ဂိတ်ချရုံနှင့် ရေပိတ်မှုကိစ္စက မပြီးသေးပါ။ ဥမင်လိုဏ််အောက်ဘက် (Downstream)မှဝင်၍ ဂိတ်၏နောက်ကျောဘက်တွင် ကြီးမားသော ကွန်ကရစ်ထုကို သွန်းလောင်းပြီး ရေလုံစေရန်နှင့် ဂိတ်ကြံ့ခိုင်စေရန် ဆောင်ရွက်ရပြန်သည်။
ဤကွန်ကရစ်ထုထည်မှာ များပြားပြီး နေရာကျဉ်းကျပ်၍ အချိန်ယူပိတ်ရသည်။ ဥမင်လိုဏ်အလျားမှာ ၉၆၈ ပေ ရှည်ပြီး အချင်း ၃၃ ပေရှိသည်။ ထိုဥမင်လိုဏ်ထဲသို့ အောက်ဘက်(Downstream)မှ လူနှင့်ကိရိယာများသွင်းပြီး ဂိတ်နောက်ကျောဘက်တွင် ကွန်ကရစ်လောင်းရမည်။ ကွန်ကရစ်ဖျော်စပ်လာသော ယာဉ်များ၊ လူများ ဤတစ်ဖက်ပိတ်ထားသော ၉၆၈ ပေ အလျားကို ဝင်ရောက်ဆောင်ရွက်ရာတွင် အသက်ရှူမဝမှု၊ အလင်းရောင်မရရှိမှု စသည်တို့ဖြစ်ပေါ်နိုင်သည်။
ဤကိစ္စအတွက်လည်း ဥမင်လိုဏ်ထဲသို့ ပြင်ပလေမှုတ်သွင်းသည့် စနစ်များ၊ အလင်းရောင်အတွက် မီးကြိုးသွယ်တန်း ထွန်းညှိရမှုများပါ ဆောင်ရွက်ကြရသည်။ ကွန်ကရစ်သွန်းလောင်းမည့် နေရာတွင် ဥမင်လိုဏ်နံရံနှင့် ကြမ်းများကို ကွန်ကရစ်အဟောင်းနှင့် အသစ်မြဲစေရန် နည်းမျိုးစုံသုံး၍ သန့်ရှင်းရေးလုပ်ကြရသည်။ ပြီးမှ ကွန်ကရစ်လောင်းသည်။
ပြင်ပတွင်ကဲ့သို့ လွတ်လွတ်လပ်လပ် သွန်းလောင်းရသည့် ကွန်ကရစ်မျိုး မဟုတ်။ ဥမင်လိုဏ်ခေါင်မိုး ဘက်ရောက်လာလေ၊ လုပ်ရကိုင်ရသည့် ဧရိယာကျဉ်းကျပ်လာလေပင်။ မည်မျှပင်သေချာသည် ဆိုပါစေ၊ ဥမင်လိုဏ်ခေါင်မိုးပိုင်းနှင့် ထိစပ်မည့်နေရာတွင် ကွန်ကရစ်လောင်းရုံနှင့်တော့ ရေမလုံမည်မှာ သေချာသည်။ ကွန်ကရစ် အသက်ရင့်အောင်စောင့်ပြီး ၎င်းခေါင်ပိုင်းဟာကွက်များ ပိတ်အောင် သံပိုက်များထိုးသွင်းကာ ဘိလပ်မြေနှင့်ရေ အချိုးကျရောစပ်၍ ဖိသွင်းရပြန်သည်။ Contact Grouting ဟုလည်းခေါ်သည်။ ပစ္စည်း၊ လူမှအစ ကြိုတင်စီစဉ်ထားကြရသည်။ ဂိတ်၏နောက်ကျောဘက် ဥမင်လိုဏ်အတွင်း ၆၇ ပေ အထူရှိသော ကွန်ကရစ်ဖြင့်ပိတ်ခြင်း၊ ရေလုံအောင် ဘိလပ်မြေဖိသွင်းခြင်း အပါအဝင် ရေစတင်သိုလှောင်မှု လုပ်ငန်းစဉ်များကို ချောင်းရေအနည်းဆုံးအချိန် မတ်လမတိုင်မီ အပြီးဆောင်ရွက်ရမည်။
၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အပြင်းအထန် ဆောင်ရွက်ခဲ့မှုများသည် ၁၀ လအကြာ ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ရွာပြောင်းရွှေ့မှုများ စတင်နိုင်ခဲ့ပြီ။ နောက်တစ်လအကြာ ၂၀၁၃ ခုနှစ် မေလ ၇ ရက်တွင် ကျေးရွာအုပ်စု တစ်စုကိုလည်းကောင်း၊ နောက်တစ်လအကြာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် နောက်ထပ် ကျေးရွာအုပ်စုတစ်စုကို လည်းကောင်း၊ ကျန်ရှိနေသည့်ရွာများအား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် လည်းကောင်း ပြီးစီးအောင် ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။
ဤတစ်နှစ်ခွဲအတွင်း လူနေအိမ်၊ ဘာသာရေး အဆောက်အအုံနှင့် စာသင်ကျောင်းများ၊ စာကြည့်တိုက်များ၊ အုပ်ချုပ်ရေးရုံးများ၊ ဆရာ၊ ဆရာမနေအိမ်များ၊ ရေရရှိရေး၊ လမ်း၊ လျှပ်စစ်မီး ၃၃ ကေဗွီလိုင်း၊ ၁၁ ကေဗွီလိုင်း စသည်ဖြင့် အခြေခံများပါ တစ်ပြိုင်နက်တည်း အားလုံးပြီးစီးခဲ့သည်။
ဤနေရာတွင် အရေးကြီးသော အချက်တစ်ခုကျန်နေသည်။ ရွာသားများသည် မိုးနှောင်းသီးနှံများကို ၎င်းတို့၏ရွာဟောင်းတွင် စိုက်ပျိုးထားကြရာ အိမ်ရာများ ပြောင်းရွှေ့ပြီးချိန်တွင် ရိတ်သိမ်းချိန် မကျသေးသည့် အချက်ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမတိုင်မီ ရွာများသာပြောင်းခဲ့သော်လည်း စိုက်ပျိုးထားသည့် လယ်၊ ယာများ ရိတ်သိမ်းခြွေလှေ့ရန်၊ သယ်ယူရန် အချိန်နှစ်လခန့် ပေးရပါဦးမည်။ လယ်၊ ယာ ဧကမှာလည်း ထောင်ဂဏန်း ဝန်းကျင်ဖြစ်သည်။
ရွာပြောင်းရွှေ့ခြင်းပြီးပြီဆိုပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ရေလှောင် လိုက်ပါက ရင့်မှည့်စပြုနေသည့် သီးနှံများ ဆုံးရှုံးတော့မည်။ သီးနှံဆုံးရှုံးမှုကို ငွေပေးလျော်ရုံနှင့် မပြည့်စုံပါ။ လယ်၊ ယာစိုက်ပျိုးရေး ထွက်ကုန်သည် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ သက်သာချောင်ချိစွာ ဝယ်ယူစားသုံးနိုင်ရေး စသည့်ကိစ္စများနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်။ ထို့ပြင် ၎င်းတို့အတွက် ရွာသစ်သို့ပြောင်းရွှေ့ချိန်တွင် တစ်နှစ်စာရိက္ခာအတွက် အဆင်သင့်မဖြစ်ကြသေးပေ။ စိုက်ပျိုးထားသည့် လယ်ယာထွက်ကုန်မှာ ၎င်းတို့အတွက် တန်ဖိုးရှိသည်။ ဤလယ်၊ ယာထွက်ကုန်ကို လက်လွတ်ခံ၍ မဖြစ်ဟု စဉ်းစားမိသည်။ မဖြစ်မနေ ရိတ်သိမ်းပြီးသည်အထိ စောင့်ရမည်။ လိုအပ်သည်များ ပံ့ပိုးရမည်။ ကူညီသယ်ဆောင်ပေးရမည်ဟု စဉ်းစားခဲ့သည်။
သို့သော် တစ်ဖက်တွင်လည်း တမံစခန်းတွင် ရေပိတ်ပြီးမှ ဆောင်ရွက်ရမည့် ချောင်းအောက်ပိုင်း တူးဖော်ရှင်းလင်းရေး ကိစ္စများကလည်း ရှိနေသည်။ ၎င်းကိစ္စမှာ မိုးကျသွားလျှင် လုပ်မရပေ။ အချိန်နှစ်လခန့်ပေး၍ လုပ်ရမည့်ကိစ္စလည်းဖြစ်သည်။
တစ်ဖက်တွင်လည်း ဤနှစ် ရေမလှောင်နိုင်ခဲ့လျှင် တစ်နှစ်စာရေရရှိမှု နောက်ကျပြီး ဓာတ်အားထုတ်လုပ်မှု ထိခိုက်နိုင်သည်။ စီမံကိန်းတွင်လည်း ဥရောပပညာရှင်များက ကျွမ်းကျင်မှုဆိုင်ရာများ တာဝန်ခံ၍ကြီးကြပ်နေသလို တရုတ်ပညာရှင်များကလည်း လျှပ်စစ်ပစ္စည်းများ တပ်ဆင်ရာတွင် အရှိန်မြှင့်၍ ဆောင်ရွက်နေသည်။ ဤသို့ဖြစ်နေအောင်လည်း အဆင့်ဆင့်က တွန်းအားပေးနေကြသည်။
စက်စမ်းသပ်လည်ပတ်ချိန်ရောက်မှ ရေလှောင်ကန်တွင်း သတ်မှတ်ရေမှတ်ထိ ရေမရောက်သေးပါက စက်လည်ပတ်ရန် အခက်အခဲများရှိလာနိုင်သည်။ စကားပြောကြရတော့မည်။ တစ်ဖက်က နိုင်ငံခြားသားများ ပါနေသလို တစ်ဖက်ကလည်း တစ်တိုင်းပြည်လုံး ဓာတ်အားမလုံလောက်မှုကို အမြန်ဆုံးဖြေရှင်းပေးရမည့် ကိစ္စကလည်း ရှိနေပြန်သည်။ နိုင်ငံတော်အဆင့်ကလည်း စက်တွေလည်ပတ်ပြီး ဓာတ်အားပေးမည့် အချိန်နေ့ရက်ကို အချိန်နှင့်အမျှ စိတ်ဝင်စားနေသည်။ ဆင်ခြေပေးပြီး စမ်းသပ်လည်ပတ်မှု နောက်ဆုတ်ရန်မှာ လက်ခံနိုင်စရာမဟုတ်။ ဤပြဿနာ အားလုံးသည် ၎င်းကာလတွင်တာဝန်ရှိသည့် ဒုတိယဝန်ကြီး(စာရေးသူ)၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ သုံးဦးထံ လုံးဝကျလာပြီဖြစ်သည်။
သုံးဦးစလုံးကလည်း ညီသည်။ သီးနှံများလည်း မဆုံးရှုံးစေရ။ မိုးမကျမီ ရေလှောင်မှုလည်း စတင်နိုင်ရမည်ဟု ဆုံးဖြတ်ကြသည်။ ညွှန်ကြားရေးမှူးချုပ်က ရေဝပ်ဧရိယာ ကျေးရွာများမှ သီးနှံများ ရိတ်သိမ်းရေး၊ သယ်ယူရေး အောင်မြင်အောင် တာဝန်ယူသည်။ စာရေးသူနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ယခင်စီမံကိန်း ညွှန်ကြားရေးမှူး)တို့က စီမံကိန်းလုပ်ငန်းခွင်သို့သွား၍ လုပ်ငန်းများကို အသေးစိတ်ကြည့်ပြီး ဆိုင်ရာပုဂ္ဂိုလ် အသီးသီးနှင့်ညှိနှိုင်းသည်။
R.C.C တမံ ကွန်ကရစ်သွန်းလောင်းမှုမှာ၂၉-၁၂-၂၀၁၃ ရက်တွင် ပြီးစီးခဲ့ပြီဖြစ်သည်။ သို့သော် တမံအောက်ဘက် (Downstream) ချောင်းတစ်လျှောက် ရှင်းလင်းရမည့် လုပ်ငန်းများကို နှစ်လခန့်ဆောင်ရွက်ရဦးမည်။ ဤကိစ္စအားလုံး မိုးမကျမီပြီးစီးရေးအတွက် ဥမင်လိုဏ်ဖြင့် ယာယီလွှဲထားသည့်ရေကို စောနိုင်သမျှ စော၍ပိတ်မှ ဖြစ်တော့မည်။
ဆက်လက်ဖော်ပြပါမည်။