၂၀၂၄-၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် ကချင်ပြည်နယ်အသင်းက အုပ်စုပထမနှင့် မန္တလေးတိုင်းဒေသကြီး အသင်းက အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်
နေပြည်တော် ဇူလိုင် ၃၀
မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုပတ်လည် ပြိုင်ပွဲများကို ယနေ့ညနေ ၃ နာရီတွင် ပေါင်းလောင်း အားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁) တို့၌ ကျင်းပခဲ့သည်။
ယနေ့ အမျိုးသားဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်း အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ နှစ်ဖက်စလုံး နှစ်ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု(က)တွင် ကချင်ပြည်နယ်အသင်းက အုပ်စု ပထမနှင့် မန္တလေးတိုင်းဒေသကြီး အသင်းက အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်(ယနေ့) ညနေ ၃ နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ချင်းပြည်နယ် အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ ဘောလုံးအားကစား ဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။