၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲတွင် ကနေဒါကြက်တောင်မယ်ကို ရှုံးနိမ့်ပြီး သက်ထားသူဇာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ

 

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲတွင် ကနေဒါကြက်တောင်မယ်ကို ရှုံးနိမ့်ပြီး သက်ထားသူဇာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ

 

ရန်ကုန်  ဇူလိုင်  ၃၀

    ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိနေသည့်  ၂၀၂၄  ပဲရစ်အိုလံပစ်ပြိုင်ပွဲ   အမျိုးသမီး တစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲ အုပ်စု( ဃ)အုပ်စုပွဲစဉ်အဖြစ် ဇူလိုင်လ ၂၉ ရက် မြန်မာစံတော်ချိန် ည ၁၂ နာရီက ကနေဒါကြက်တောင်မယ် မီရှယ်လီလိုင်နှင့် မြန်မာကြက်တောင်မယ် သက်ထားသူဇာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သက်ထားသူဇာက နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  ကမ္ဘာ့အဆင့်(၃၁) နေရာတွင် ရပ်တည်နေသည့်  ကနေဒါ ကြက်တောင်မယ် မီရှယ်လီလိုင်သည် ကမ္ဘာ့အဆင့်(၄၃)နေရာတွင် ရပ်တည်နေသည့် သက်ထားသူဇာကို ပထမပွဲငယ်တွင် အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ကာ ၂၁ မှတ် ၁၆ မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲငယ်တွင် သက်ထားသူဇာက အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သော်လည်း ၂၅ မှတ် ၂၃ မှတ်ဖြင့် မီရှယ်လီလိုင်က ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ်  သက်ထားသူဇာသည် အုပ်စုပွဲစဉ်နှစ်ပွဲ ကစားခဲ့ရာ ပထမပွဲစဉ်တွင် ဂျပန်ထိပ်တန်း ကြက်တောင်မယ် ယာမာဂူရှီကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ကနေဒါကြက်တောင်မယ် မီရှယ်လီလိုင်ကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရသည်။

အလားတူ   သက်ထားသူဇာနှင့်အတူ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရေကူးကစားသမား   ဖုန်းပြည့်ဟန်သည်လည်း အမျိုးသားမီတာ(၁၀၀၀) အလွတ်ကူးပြိုင်ပွဲ လူရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၅၅ ဒသမ ၅၆ စက္ကန့်ဖြင့်သာ ပန်းဝင်ခဲ့ပြီး အဆင့်(၇၃)နေရာတွင်သာ ရပ်တည်ခဲ့သည့်အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။

Dates: 
Wednesday, July 31, 2024 - 14:23